images
UN
UN
ကြွေလည်းမွှေး(ကဗျာ)a
ကိုလှ(နပတ) Monday, 12 August 2019

* ပင်ထက်မှာမွှေး ကြွေလည်းမွှေးသည်
ပန်းမည်ခရေ အလှတွေစု
သီကုံးပြု၍ အတုမဲ့ကင်း
ဦးရင်းစင်တော် ကော်ရော်ဗုဒ္ဓ
ကပ်လှူကြနှင့် ပန်ကြခွေခွေ
မြဆံကေဝယ် သွယ်သွယ်လှလှ
ပနံရသည် ကြာပြီကြာလည်း
မွှေးပျံ့ဆဲလေ ပန်းခရေသို့။
* နှင်းဆီရနံ့ သင်းပျံ့မွှေးလည်း
ဆူးကြားထဲတွင် အလှဆင်၍
သူပင်အလှ ယစ်မူးကြစဉ်
နေတွင်မာန်တက် နီရောင်ပျက်၍
ခက်လက်သွေ့ခြောက် မြေအောက်သက်ဆင်း
ပင်ခြေရင်းဝယ် မြေကြွင်းသြဇာ
ဖြစ်ရရှာသည် ဒါသည်ဓမ္မ
သင်္ခါရပေါ့။
* သြော် ကြွေကျခြင်းတူ မတူဓမ္မ
သင်္ခါရကို သူကမရ
ငါကအမှန် သင်ထင်ပြန်ရင်
နောင်တွင်နှင်းဆီ ခြောက်သွေ့သည်ကို
အပြစ်ဆိုမည် ကောင်းသည်ဆိုးသည်
မှတ်သည်အသိ သတိနှင့်ယှဉ်
ခရေပင်လို ပင်စိုလည်းဝေ
မကြွေလည်းမွှေး ကြွေလည်းမွှေးမည်။