images
UN
UN
ရေကြီးနစ်မြုပ်မှုကြောင့် မွန် ကရင်နှင့် တနင်္သာရီတို့တွင် အခြေခံပညာကျောင်း ၇ဝ ကျော်ပိတ်ထားရ
Tuesday, 13 August 2019
မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပေါ်ခဲ့ သဖြင့် ရေကြီးနစ်မြုပ်မှုကြောင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့်တနင်္သာရီတိုင်းဒေသကြီးတို့တွင် အခြေခံပညာကျောင်းပေါင်း ၇ဝ ကျော် ပိတ်ထား ရကြောင်း ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူက ယနေ့အတည်ပြုပြောကြားလိုက်သည်။ယနေ့ နံနက်ပိုင်းက နေပြည် တော်တွင် ကျင်းပသော ဒုတိယ အကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်း အဝေးသို့ရောက်ရှိလာသော ပညာ ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူကို မီဒီယာများက ရေဘေးကိစ္စနှင့် ပတ်သက်ပြီး မေးခွန်းမေးမြန်း ခဲ့ရာ ၄င်းကအထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
''ကျောင်းက လက်ရှိ ၇ဝ ကျော်လောက် ခဏနားထားရ တယ်။ ရေကျတာနဲ့ ပြန်ဖွင့်မယ်။ အစားထိုးသင်ကြားတာတွေ လုပ် မယ်။ ကျောင်း ၇ဝ ကျော်က မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတွေပါတယ်။တစ်နေရာနဲ့ တစ်နေရာမတူဘူး။ သဘာဝဘေး ဒဏ်စဖြစ်ကတည်းက ပိတ်တာ ပါ''ဟု ၄င်းကပြောသည်။
အဆိုပါကျောင်းများပြန်လည် ဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူက ''ရေဘေးကတော့ မနှစ်က အတွေ့အကြုံအရဆိုရင်တော့ တစ် ပတ်နှစ်ပတ်ပေါ့ဗျာ'' ဟု သုံးသပ် ပြောကြားခဲ့သည်။ပြီးခဲ့သည့်သတင်း ပတ်ကတည်းက စတင်ကာယခု အချိန်ထိမွန်ပြည်နယ်၊ ကရင်ပြည် နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး တို့တွင် မိုးသည်းထန်စွာရွာသွန်းမှု၊ မြေပြိုမှုများဖြစ်ပေါ်ခဲ့ပြီး ဒုက္ခ သည်များလည်းအများအပြားရှိနေ ပြီဖြစ်သည်။အဆိုပါရေကြီးနစ်မြုပ် မှု၊မြေပြိုမှုများကြောင့် အခြေခံ ပညာကျောင်းများပိတ်ထားရခြင်း လည်းဖြစ်သည်။ တင်တင်အေး