images
UN
UN
မချိမျက်ရည် ပီတိမျက်ရည် မိကျောင်းမျက်ရည်
မောင်ငြိမ်းသူ(ကြို့ပင်ကောက်) Wednesday, 21 August 2019
ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာ ဘေးရှိမလတ်တောင်သည် ၉-၈-၂ဝ၁၉ ရက်နေ့ နံနက် ၇နာရီခွဲဝန်းကျင်တွင် မမျှော်လင့်မထင်မှတ်ဘဲ ပြိုကျခဲ့ပုံများကို င်္ခေနဘသသု တွင် ရုပ်ရှင်ပြကွက်အလား မြင်တွေ့ခဲ့ကြရသူတိုင်း တုန်လှုပ်ချောက် ချားသွားကြပါသည်။၁၅ပေမှပေ၂ဝအထိ ကြီးမားသောမြေထုကြီးက မီးတောင် ပေါက်ကွဲသဖြင့် ချော်ရည်များအဆက်မ ပြတ်စီးဆင်းလာသည့်ပမာ ပြိုကျလိမ့် ဆင်းလာခဲ့ရာ စက္ကန့်ပိုင်းအတွင်းမှာပင် သက်ရှိသက်မဲ့များကို ကွယ်ပျောက်သွား စေခဲ့ပါသည်။ ရုပ်ရှင်ဇာတ်လမ်းမဟုတ်။ သွေးပျက်ဖွယ်တကယ့်ဖြစ်ရပ်မို့ ရင်ထဲ မချိခံစားခဲ့ကြရပါသည်။
တောင်ပြိုသည့် နေရာဒေသတွင် ၁၆၉ ဦးရှိသည့်အနက် အသက်ရှင်သူ ၈၇ ဦးရှိပြီး သေဆုံးသူအလောင်း ၆၉ လောင်းတွေ့ရှိခဲ့ကြောင်း၊ ထို ၆၉လောင်း ထဲတွင် ဒေသခံမဟုတ်သူ ရှစ်ဦးပါဝင် ကြောင်း၊ ကျောင်းသားကျောင်းသူ ၁၆ ဦးသေဆုံးခဲ့ကြောင်း၊ ဆက်လက်ရှာဖွေနေ ဆဲတွင် ၁၂ဘီးကား အပါအဝင် ယာဉ် ၁ဝစီး ထော်လာဂျီနှစ်စီး၊ သုံးဘီးဆိုင်ကယ် နှစ်စီး၊ ရွှေထည်ပစ္စည်းများနှင့် ငွေစက္ကူ များတွေ့ရှိထားကြောင်း သတင်းများအရ သိရပါသည်။
နာဂစ်နောက်ပိုင်းတွင် အလွန်ထိတ် လန့်ချောက်ချားဖွယ် ဖြစ်ရပ်ဆိုးပင်ဖြစ် သည်။ ဆက်တိုက်ဆိုသလိုပင် မွန်ပြည် နယ်တွင်းရှိ ပေါင်၊ ရေး၊ ကျိုက်မရောနှင့် မုဒုံမြို့များတွင်လည်းကောင်း၊ တနင်္သာရီ တိုင်းတွင်းရှိ လောင်းလုံး၊ ပုလော၊ ရေဖြူ၊ ကျွန်းစုနှင့် မြိတ်မြို့နယ်များတွင်လည်း ကောင်း မြေပြိုမှုများဖြစ်ပွားခဲ့ကြရာ လူ နှစ်ဦးသေဆုံး ပြီး လူ ၂ဝ ကျော် နှစ်ရက် တိတိ ပိတ်မိနေခဲ့ကြသည်။ လမ်းများ လည်း ပျက်စီးပြီး ဆက်သွယ်ရေးပြတ် တောက်ကုန်ကြသည်။
မွန်ပြည်နယ်၊ကရင်ပြည်နယ်၊တနင်္သာ ရီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသ ကြီးတို့တွင် ရေကြီးနစ်မြုပ်မှုကြောင့် ရေ ဘေးသင့်တိုင်းရင်းသားပြည်သူများစွာ၏ ဒုက္ခမျိုးစုံကိုလည်း မြင်တွေ့ကြားသိနေ ကြရပါသည်။
''မမြင်သင့် ရင်နင့်စရာ မြင်ကွင်း တွေပါလား''
''မကြားသင့် ရင်နင့်စရာ သတင်း တွေပါလား''
''မြင်တွေ့ ကြားသိနေကြရသော မချိစရာဖြစ်ရပ်များ''
သည်ကြားထဲ အကြမ်းဖက်သောင်း ကျန်းသူများကြောင့် လမ်းပန်းဆက်သွယ် ရေးပြတ်တောက်သွားသော ဒေသများရှိ တိုင်းရင်းသားပြည်သူများမှာ နေရေး ထက်စားသောက်ရေးဒုက္ခက ဖိစီးနေပြန် ပါသည်။ ပြည်တွင်းစစ်မီးနှင့် ရေကြီးမှု ကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ် တောက်မှုကို အခွင့်အရေးယူကာ စား သောက်ကုန်ဈေးတွေတက်ကုန်ကြသည်။ ငွေရှိသူများက ရှားပါးစားသောက်ကုန် များကို ဈေးမမေးဘဲ ဝယ်ယူစားသောက် နေနိုင်ကြသော်လည်း ဆင်းရဲနွမ်းပါးသူ များခမျာ ငတ်တစ်လှည့်၊ ပြတ်တစ်လှည့် ဘဝသို့ ရောက်ကုန်ကြလေပြီ။
၂ဝ၁၅ ခုနှစ်က တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၂)ခုတို့တွင် ဆိုးရွားလှသည့် ရေကြီးမှုနှင့် မြေပြိုမှုကြောင့် ကုလသမဂ္ဂ၊ နိုင်ငံတကာအင်န်ဂျီအိုများနှင့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းပေါင်းစုံက ဝိုင်းဝန်း ကူညီခဲ့ကြရပါသည်။
စာရေးသူ မှတ်မိနေပါသေးသည်။ အိမ်အကူ (အိမ်ဖော်မလေး)က သူ့လခ နှစ်လစာကိုထုတ်ကာ ရေဘေးသင့်ပြည် သူများကို လှူဒါန်းခဲ့သည့်နည်းတူ၊ တစ် နေ့လုပ်မှတစ်နေ့စားရသည့် ဆိုက်ကား သမားကြီးကလည်း တစ်နေ့တာဆိုက်ကား နင်း၍ ရသည့်သူ့ချွေးနှဲစာကို ရေဘေး သင့်ပြည်သူများကို လှူဒါန်းခဲ့ပါသည်။
မြောက်ဥက္ကလာပနှင့် ဆူးလေပြေးဆွဲ နေသော (၄၃) အထူးယာဉ်လိုင်းကလည်း တစ်နေ့လျှင် တစ်စီးနှုန်းဖြင့် ယာဉ်လိုင်း ပြေးဆွဲ၍ ရသမျှ ဝင်ငွေများကိုစုစည်း ကာ ရေဘေးသင့်ပြည်သူများကို လှူဒါန်း သွားခဲ့ပါသည်။


ထိုသို့ ပြည်တွင်းပြည်ပအဖွဲ့အစည်း များနှင့် ပုဂ္ဂလိကတစ်ဦးချင်းအလိုက် အင် တိုက်အားတိုက် သိုက်သိုက်မြိုက်မြိုက် ပါဝင်ကူညီပံ့ပိုးနေကြသည်များကို နေ့ စဉ်မြင်တွေ့ကြားသိနေရပြန်သောအခါ 'မချိမျက်ရည်'ကျနေသည့်ကြားမှ 'ပီတိ မျက်ရည်'ကိုယ်စီကျရပြန်ပါသည်။
'ပီတိမျက်ရည်'ဆိုသည်မှာ နှစ်ခြိုက် သဘောကျသဖြင့် ကျသည့်မျက်ရည်၊ နှစ်သက်ကျေနပ်၊ဝမ်းသာကြည်နူးသဖြင့် ကျသည့်မျက်ရည်များပင်ဖြစ်သည်။
စာရေးသူတို့ ပြည်သူအများစု ရေ ဘေးသင့်ပြည်သူများကို လူသားချင်း စာနာစိတ်ကိုယ်စီဖြင့် 'မချိမျက်ရည်များ နှင့်ပီတိမျက်ရည်များ' ကိုယ်စီကျနေချိန် တွင် စာရေးသူတို့ ပြည်သူအများစုကျနေ သော ပီတိမျက်ရည်များနှင့် မတူကွဲပြား ခြားနားသော ပီတိမျက်ရည်ကျနေသည့် လူနည်းစုရှိနေကြပါသည်။
နာဂစ်ကာလတုန်းကလည်း ထိုလူ နည်းစုရှိခဲ့ကြပါသည်။ ရေကြီးသည့်နှစ် တိုင်း သူတို့ရှိနေကြပါသည်။ ယခုလည်း ထိုလူနည်းစုက ခေါင်းထောင်ထလာပြန် ပါသည်။ တောမီးလောင် တောကြောင် လက်ခမောင်းခတ်ကုန်ကြပါသည်။ လူ နာမျက်ဖြူဆိုက်လေ ဆရာကြိုက်လေ ကိန်းဆိုက်ရောက်နေပါသည်။ ရေနစ်သူ တွေကို ဝါးကူလို့ထိုးနေကြပါသည်။ ဘယ်သူသေသေငတေမာပြီးရော သဘော ထားကာ ငါတကော ကောလာကြပါ သည်။ ထမင်းတစ်နပ်၊ ဟင်းတစ်ဖတ် အတွက် အမြတ်တင်စီး၊ လောဘမီးဖြင့် အတ္တကြီးလာကြပါသည်။ လူသားချင်း စာနာစိတ်ကင်းမဲ့လာကြပါသည်။ ရိက္ခာ အတွက် သိက္ခာကို တန်ဖိုးမထားကြ တော့ဘဲ ရောင်းစားလာကြပါသည်။ လူမှန်ပါကသိက္ခာကို ရိက္ခာနှင့်လဲရိုးထုံးစံ မရှိ။ လူ့တိရစ္ဆာန်များကသာ သိက္ခာကို ရိက္ခာနှင့်လဲနေကြပါသည်။
ထိုလူနည်းစုကား ကုန်ဈေးနှုန်းကို ဈေးကစားနေကြသော စီးပွားရေးသမား ကုန်သည်ပွဲစား၊ အမြတ်ကြီးစား(အချို့) ပင်ဖြစ်ပါသည်။ ရေဘေးသင့်ပြည်သူ များရော၊ ကျန်ပြည်သူများပါ တစ်နွယ် ငင်တစ်စင်ပါ အားလုံးဒုက္ခမျိုးစုံကြုံတွေ့ ကြစေရန် ဆန်ဈေး၊ ဆီဈေး၊ ငရုတ်၊ ကြက်သွန်၊ ဆားမှအစပြု၍ ကုန်ဈေးနှုန်း တွေကို မြှင့်တင်ခဲ့ကြပါသည်။ ကောလာ ဟလမျိုးစုံကို ထုတ်လွှင့်ခြောက်လှန့်ခဲ့ ကြပြီး ပြည်သူတွေအလန့်တကြားဖြစ်စေ ခဲ့ကာ စားသုံးကုန်ပစ္စည်းတွေကို စိုးရိမ် သောကဖြင့် ကြိုတင်သိုလှောင်ကြစေခဲ့ ပါသည်။ ပြည်သူတွေ မျက်ဖြူဆိုက်ကုန် ကြသောအခါ သူတို့အကြိုက် ကုန်ဈေး နှုန်းကိုကစားကာ အပိုင်ရယူနေကြပါ တော့သည်။
သူတို့စိတ်ကြိုက်အားရပါးရ စားကြ ဝါးကြ၊ အကျိုးအမြတ်ရကြသောအခါ သူတို့လည်း ကျေနပ် ဝမ်းသာပီတိ ဖြာကာ''ပီတိမျက်ရည်''ကျနေကြပါ သည်။သူတို့ကျကြသည့် ''ပီတိမျက် ရည်''က ကျွန်တော်တို့ပြည်သူအများစု ကျကြသည့်''ပီတိမျက်ရည်'' များနှင့် လုံးဝမတူ။
သူတို့ကျသည့်''ပီတိမျက်ရည်''က ''မိကျောင်းမျက်ရည်''။
''မိကျောင်းမျက်ရည်''ဆိုတာက မိကျောင်းများသည် စားစရာတွေ့ကြပါ က ဝမ်းသာကြကာ မျက်ရည်ကျလေ့ရှိ ပါသည်။ထို့ကြောင့် ''မိကျောင်း မျက် ရည်''က ဝမ်းသာ၍ ကျသည့်မျက်ရည်။ မတူကွဲပြားခြားနားသော ပီတိမျက် ရည်ပင်ဖြစ်သည်။
ယခုကုန်သည်ပွဲစား၊ အတ္တကြီးသူ များလည်း မိကျောင်းမျက်ရည်ကျနေကြ ပါသည်။ ကိုယ့်အတ္တအကျိုးအတွက် တစ် ဖက်သားအများစုအပူဒုက္ခ၊ သောကမီး ဖိစီးမှုဒဏ်ခံစားနေကြရသည်ကို အားရ ကျေနပ်နေကြပြီး အောင်သေအောင် သားစားနေကြရသည့်နှယ် ပီတိဖြစ်ကာ ပီတိမျက်ရည်အစစ်အမှန်အဖိုးတန်နှင့် လုံးဝ ကွဲပြားခြားနားလွန်းလှသော ''မိကျောင်းမျက်ရည်များ'' ကျနေကြ သူများကို သံဝေဂရကြစေချင်ပါသည်။ တရားရကြစေချင်ပါသည်။
''သူများမျက်ရည်ဖြင့် ခြေမဆေး ချင်ပါနှင့်။ သူများကို ဒုက္ခပေးပြီးမှ ရရှိမည့် ချမ်းသာမျိုးကို လိုချင်သော သူသည် ရန်သူနှင့် ဆက်ဆံနေရ သကဲ့သို့ ရန်မှမလွတ်နိုင်''
(မြတ်ဗုဒ္ဓ၊ ဓမ္မပဒ၊ ပကိဏ္ဏကဝ်မှ)
မည်သူပင်ဖြစ်စေကာမူ စားခဲ့သမျှ၊ ဝါးခဲ့သမျှထားခဲ့ရသည်ချည်းပင်။ ''ဒါန နှင့်သီလမပါလျှင် သေခါမှသိ'' ဟူသော ဓမ္မလင်္ကာရှိပါသည်။ ''အရှင်သံဝရာ့ လင်္ကာရ''ဆရာတော်က''တကယ်တော့ ဘာသာရေးအလုပ်ဆိုတာ အတ္တကိုနှိမ် နင်းတဲ့အလုပ်ပါ။ အတ္တကို နှိမ်နင်းရာမှာ ပရနဲ့နှိမ်နင်းရတယ်။ ပရကို ဦးစားပေးပြီး ပရဟိတ အလုပ်တွေကို များများလုပ်ရ တယ်။ ဘုရားအလောင်းတော် ပါရမီ ဖြည့်တယ်ဆိုတာ သေချာစိစစ်လိုက်တော့ ပရဟိတလုပ်ငန်းတွေကို လုပ်သွားတာပဲ ဆိုတာတွေ့ရတယ်။ ဒါနဆိုတာ ပရဟိတ အလုပ်ပဲ။ ဘုန်းကြီးကို လှူမှဒါနမဟုတ် ဘူး။ ဒါနဆိုတာ စွန့်ခြင်း၊ ပေးခြင်းဆို တော့ ဘယ်သူ့ကိုစွန့်စွန့် ဘယ်သူ့ကိုပေး ပေး စေတနာထားရင် ဒါနဖြစ်တာပဲ''ဟု ဟောကြားထားရာ ပရဟိတလုပ်ငန်း လုပ်နေကြသူများ အလှူဒါနပြုကြသူများ အတွက် အားတက်ဂုဏ်ယူဖွယ်ရာ ကောင်းလှပါသည်။
မိကျောင်းမျက်ရည်ကျနေသော ငို့ဘ ငါ့ဘို့သမား၊ အမြတ်ကြီးစားများကတော့ ''ဒါနပြုဖို့မလို၊ သီလစောင့်ဖို့မလို၊ လက်ရှိကြီးပွားချမ်းသာဖို့ပဲလိုတယ်။ အူမ မတောင့်ဘဲ သီလမစောင့်နိုင်ဘူး''ဟု မိုးကြိုးပစ်ရာ ထန်းလက်ကာနေကြပါ သည်။ မအူပင်မြို့ လေးအိမ်စုဆရာတော် ဦးဝိစိတ္တသာရ၏ ဟောကြားချက်ဖြင့် ပြောရပါမူ ထိုတစ်ဘို့သာကြည့်နေကြ သော အတ္တဝါဒီများသည် သူဌေးတစ် လှည့်၊ ခွေးတစ်လှည့်၊ တစ်နေ့ရွှေ၊ တစ် နေ့ငွေဟူသော စကားနှင့်အညီ လောကဓံ အလှည့်အပြောင်း၊ ဘဝ၏အချိုးအကွေ့ နှင့်ဘဝ၏အနိမ့်အမြင့်ဒဏ်ကို မလွဲမသွေ ခံကြရမှာသေချာလှပါသည်။
ကုသိုလ်တရားများအနက် ဒါန ကုသိုလ်သည် မိမိပိုင်ပစ္စည်းကို သူ တစ်ပါးအား ပေးကမ်းစွန့်ကြဲ လှူဒါန်း ထောက်ပံ့ကူညီခြင်းဖြစ်ရာ သူတစ်ပါး၏ လိုအပ်ချက်ကို ဖြည့်စွမ်းပေးရာ ရောက် ပါသည်။ ထို့ကြောင့် မိမိကိုလည်း ''ကံတူအကျိုးပေး''ဆိုသကဲ့သို့ မိမိ၏ လိုအပ်ချက်များကိုလည်း ပြည့်စုံလာစေ ပါသည်။
''လက်ကို လှပအောင် ပြုလုပ်ပေး သောအရာမှာ လက်စွပ်၊ လက်ကောက် များမဟုတ်ပါ။ စွန့်ကြဲ၊ ပေးကမ်း၊ လှူ ဒါန်းပေးကမ်းခြင်းသာ ဖြစ်သည်'' ဟူ၍ လည်းကောင်း၊ ''ဒါနဉ္စ=စွန့်ကြဲ၊ ပေး ကမ်းလှူဒါန်း ထောက်ပံ့ပါ။ အနဝဇ္ဇာနိ၊ ကမ္မာနိ=လူထုအကျိုးပြုအမှုကိစ္စများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပါ'' ဟူသော မင်္ဂလာတရားတော်များအရလည်းကောင်း၊ ''ဥစ္စာဓန၊ ပြေါ<ွကယ်ဝလည်း၊ လောဘစုံ မက်၊ မလှူရက်က၊ တစ်သက်လျာ လူဖြစ်နာ၏''ဟူ၍လည်းကောင်း၊ ''မိမိ ၏လောဘများကို ဒါနဖြင့်အနိုင်ယူပါ'' ဟူ၍ လည်းကောင်း၊ ''ဥစ္စာပေါသူ၊ မပေးလှူ၊ ထိုသူနောင်တ၊ တောက် ခေါက်ရ''ဟူ၍လည်းကောင်း၊ ''အများ ချစ်အပ်၊ သူမြတ်တို့ချဉ်း၊ကောင်းသတင်း ကြွယ်၊ ပွဲလယ်ဝင်ရဲ၊ ခန္ဓာစဲသော်၊ ရောက်မြဲနတ်ထံ၊ ဤငါးတန်၊ ရရန်လှူ ကျိုးတွေ''ဟူ၍လည်းကောင်း၊ အလှူ ဒါနအကျိုးနှင့်ပတ်သက်၍ ဟောကြား ဆိုဆုံးမထားရာ ရေဘေးသင့်ပြည်သူများ ကို စေတနာ၊ သဒ္ဓါတရားထက်သန်စွာ ဖြင့် လှူဒါန်းကူညီ၊ ထောက်ပံ့ပေးကမ်း နေကြသူတိုင်း ကံတူအကျိုးပေး၊ လိုအင် ဆန္ဒပြည့်ဝကြပါလိမ့်မည်။ လိုအင်ဆန္ဒ ပြည့်ဝကြပါစေဟုလည်း ဆုမွန်ကောင်း တောင်းနေကြပါသည်။
လှူဒါန်းဖို့မလို၊ သီလစောင့်ဖို့မလို၊ အူမတောင့်မှ သီလစောင့်နိုင်မည်ဟု ကြွေူကြာ်နေကြသော ''မိကျောင်းမျက် ရည်ရှင်များ''လည်း မြတ်ဗုဒ္ဓလက်ထက် က ကုဋေရှစ်ဆယ်ကြွယ်ဝသော မဟာ ဓန သူဌေးသားကဲ့သို့မဖြစ်ပါစေနှင့်ဟု မေတ္တာပို့သနေကြပါသည်။ ထို မဟာဓန သူဌေးသားက လှူဒါန်းဖို့မလို၊ သီလ စောင့်ဖို့မလိုဟုယူဆကာ ပျော်ပျော်နေ သေခဲသဘောဖြင့် စည်းမဲ့ကမ်းမဲ့အပျော် လွန်နေခဲ့သောကြောင့် တောင်းရမ်း စား သောက်၊ ဒုက္ခရောက်ခဲ့ရသည့်ဘဝကို ကျရောက်ခဲ့ရပါသည်။ သံဝေဂနောင်တ အချိန်မီရကြစေချင်ပါသည်။
သဒ္ဓါကြည်လင်၊ စေတနာရှင်များ၊ တိုးပွားလှူဒါန်းနိုင်ကြပါစေ။
ကိုယ်ကျိုးမဖက်၊ စေတနာသက် သက်ဖြင့် ပါဝင်ကူညီပံ့ပိုးနေကြသော အကျိုးဆောင်ပရဟိတ အစစ်အမှန်သမား များ ထွန်းကားပွားများကြပါစေ။