images
UN
UN
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပုဒ်မအားလုံးပြင်ဆင်ရန်မလို ပြင်ဆင်ရန်ဆောင်ရွက်ခြင်းသည် မရိုးသား
Tuesday, 27 August 2019

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၅)ရက်မြောက်နေ့ကို ၂ဝ၁၉ ခုနှစ် သြဂုတ် ၂၃ ရက်နေ့ကကျင်းပခဲ့ရာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီးထွန်းလင်းဦး၏ဆွေးနွေးမှုများကို ဖော်ပြအပ်ပါသည်။
အားလုံးမင်္ဂလာပါ။ကျွန်တော်ကတော့ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒုတိယဗိုလ်မှူးကြီး ထွန်းလင်း ဦး ဖြစ်ပါတယ်။ ဒေါက်တာမောင်သင်း အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄၅ဦးကလက်မှတ်ရေးထိုးပြီး၂ဝ၁၉ခုနှစ် မတ် ၁၅ရက်မှာ တင်သွင်းခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင် သည့်ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍လေ့လာ စိစစ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့်သဘောထားမှတ်ချက် အစီ ရင်ခံစာကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ပါဝါပွိုင့်သုံးစွဲခွင့်ပြုပါခင်ဗျာ။
နာယကကြီးခင်ဗျာ
ဒေါက်တာမောင်သင်းအပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦးက ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မလေးခုကို ပြင်ဆင်လိုကြောင်း၊ ပြည် ထောင်စုလွှတ်တော်သို့ ဥပဒေမူကြမ်းတင် သွင်းခြင်းဟာဖွဲ့စည်းပုံအခြေခံဥပဒေအခန်း (၁၂)ပါ ပြင်ဆင်ရေးပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်ခဲ့တာဖြစ်လို့ ဥပဒေနှင့်ညီညွတ် စွာဆောင်ရွက်ခြင်းဖြစ်ကြောင်း ဦးစွာ ဆွေးနွေးလိုပါတယ်။
နာယကကြီးခင်ဗျာ
နိုင်ငံအသီးသီးဟာ မိမိတို့နိုင်ငံနဲ့ ကိုက်ညီမယ့်ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေရှည်တည်တံ့ခိုင်မြဲစေရန်ရည်ရွယ်ပြီး ရေးဆွဲပြဋ္ဌာန်းကြပါတယ်။ မည်သည့် အခြေခံဥပဒေမဆို ကာလအတိုင်းအတာ တစ်ခုအထိ ပြီးပြည့်စုံနိုင်သော်လည်း ယင်းကာလအတိုင်းအတာကျော်လွန်ပါ ကပြောင်းလဲလာသောခေတ်စနစ်နှင့်အညီ ပြင်ဆင်ရန်အချက် တချို့ပေါ်ပေါက်လာ နိုင်ပါတယ်။ ဒါ့ကြောင့် ပြင်ဆင်နိုင်ရေး အတွက်လည်း ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း(၁၂)မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်နိုင်ရေး ပြဋ္ဌာန်းချက် များကို ဖော်ပြထားရှိပြီးဖြစ်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်တာ နဲ့ပတ်သက်ပြီး ပထမအကြိမ် လွှတ်တော် သက်တမ်းနဲ့ ဒုတိယအကြိမ်လွှတ်တော် သက်တမ်းတို့မှာ ဆောင်ရွက်ခဲ့သည်များ ကို ဆွေးနွေးလိုပါတယ်။ ပထမအကြိမ် လွှတ်တော်သက်တမ်း နှစ်နှစ်ခန့်အကြာ ၂ဝ၁၃ခုနှစ် မတ် ၂ဝ ရက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေလေ့လာသုံးသပ်ရေးပူးပေါင်း ကော်မတီသို့မဟုတ် ကော်မရှင်တစ်ရပ် ဖွဲ့စည်းရန်အဆိုတင်သွင်းခဲ့ပြီးအဆိုအောင် မြင်တဲ့အတွက် လွှတ်တော်ကိုယ်စားလှယ် ၁ဝ၉ဦးနဲ့ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။

ဒါ့အပြင် လေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီ ရဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး လုပ်ငန်း များ ဆက်လက် ဆောင်ရွက်နိုင်ဖို့အတွက် ''ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး ပူးပေါင်း ကော်မတီကိုအဖွဲ့ဝင် ၃၁ဦးနဲ့ ထပ်မံဖွဲ့စည်းခဲ့ပြီး လုပ်ငန်းများဆောင် ရွက်ခဲ့ပါတယ်။'' အပြီးသတ်အစီရင်ခံ စာကိုတော့ ၂ဝ၁၄ခုနှစ် အောက်တိုဘာ ၂၂ရက်မှာ တင်သွင်းခဲ့တာကို တွေ့ရှိရ ပါတယ်။ ထိုစဉ်က ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ တစ်နိုင်ငံလုံးနဲ့သက်ဆိုင်တယ် ဆိုပြီး ၂ဝ၁၃ခုနှစ် အောက်တိုဘာ ၃ ရက်နေ့ထုတ် မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာတို့မှာ အကြံပြုချက်များ တောင်းခံခဲ့ရာ နိုင်ငံရေးပါတီများ၊ ရှေ့နေ များ၊ NGO အဖွဲ့အစည်းများ၊ ဌာနဆိုင် ရာများ၊ ပြည်သူများထံမှ စုစုပေါင်း အကြံပြုစာ ၂၈၂၄၇ စောင်ပေးပို့လာပြီး အကြံပြုချက်ပေါင်း ၃၂၃၁၁ဝချက် ဖြစ် နေတာကိုအံ့သြဖွယ်တွေ့ရပါတယ်။အကြံ ပြုချက်များကိုစိစစ်ရာမှာ ကိုယ့်အတွေး ကိုယ့်အမြင်နှင့် ကိုယ်စီပေးပို့ခဲ့တာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ မူလပြဋ္ဌာန်းချက် တစ်ခုလျှင်အကြံပြုချက်ပေါင်း ၅ဝကနေ ၁ဝဝ ကြားရှိနေတာကို တွေ့ရှိရပါတယ်။ ပြင်ဆင်တဲ့ပုဒ်မများအနေနဲ့ ပုဒ်မပေါင်း ၄၅၇ ခုမှာ ပုဒ်မပေါင်း ၂၁၉ခုကို ပြင်ဆင် ရန်တင်ပြလာတဲ့အတွက် လွှတ်တော် အနေနဲ့ ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ် စားလှယ်များကိုဆွေးနွေးစေပြီး ပြင်ဆင် တဲ့ပုဒ်မများ၊ အချက်များကို မှတ်တမ်း အဖြစ်သာ ထားရှိနိုင်ခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေး ပူးပေါင်း ကော်မတီ အနေနဲ့ လွှတ်တော်သက်တမ်းကုန်ခါနီး ၂ဝ၁၅ ခုနှစ်၊ ဇွန် ၁ဝ ရက်နေ့မှာ ဖွဲ့ စည်းပုံအခြေခံဥပဒေပါပုဒ်မ၂၈ခုနဲ့ဇယား (၂)၊ ဇယား (၅)တို့ ပြင်ဆင်ဖြည့်စွက်နိုင် ရေး ပြည်ထောင်စုလွှတ်တော်ကိုယ်စား လှယ် ၄၃ ဒသမ ၅၂ ရာခိုင်နှုန်းက လက်မှတ်ရေးထိုးပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ခြင်း အခန်း (၁၂) ပါ ပြဋ္ဌာန်းချက်အတိုင်းဥပဒေနဲ့အညီ တင်ပြ လာပါတယ်။ အဲဒီဥပဒေကြမ်းကို ပြည် ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၃၅အရဖွဲ့စည်းတဲ့ ၃ဝ ဦးပူးပေါင်းကော် မတီက စိစစ်ပြီးနောက် ပြင်ဆင်ရန်တင်ပြ ခဲ့တဲ့ ပုဒ်မများ၊ ဇယားများနဲ့ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ၁ဝဝ က
၂ဝ၁၅ ခုနှစ်၊ ဇွန်လမှာဆွေးနွေးခြင်း၊ မဲခွဲ အတည်ပြုခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။ ဒီလို ပြင်ဆင်ရာမှာ ပုဒ်မတစ်ခုနဲ့၊ ဇယား (၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေပြုစာရင်းပါကဏ္ဍ (၈)ရပ်အတွက်၊ ဥပဒေပြုစာရင်း ၄၁ ချက်ရှိရာမှာ ၃၄ ချက်ထပ်မံဖြည့်စွက်ပေးခြင်း၊ ဇယား(၅) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် များက ကောက်ခံရမည့်အခွန်အခများ စာရင်း ၁၉ ချက်ရှိရာမှ ၂ဝ ချက်အား ထပ်မံဖြည့်စွက်ခြင်းတို့ ဆောင်ရွက်ပေး ခဲ့ပါတယ်။
နာယကကြီးခင်ဗျာ
ပထမအကြိမ် လွှတ်တော်သက်တမ်း တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း နှင့်ပတ်သက်၍ ထောက်ပြပြောဆိုလို သည်မှာ လွှတ်တော်သက်တမ်း နှစ်နှစ်ခန့် အကြာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆောလျင်စွာပြင်ဆင်ရန် ဆောင်ရွက်ခဲ့ပြီး လွှတ်တော်အတွင်း ပူးပေါင်းကော်မတီ များ ဖွဲ့စည်း၍ နှစ်နှစ် သုံးလကြာအောင် ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့တဲ့အတွက် အချိန်ကုန်၍ နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဥပဒေပြုခြင်း၊ မေး ခွန်းမေးမြန်းခြင်း၊ အဆိုတင်သွင်းခြင်း စတဲ့လွှတ်တော်ရဲ့ လုပ်ငန်းများကို လစ် ဟင်းစေပြီး၊ အကျိုးမရှိတဲ့အခြေအနေဖြစ် ပေါ်ခဲ့တာကို တွေ့ရှိရပါတယ်။ ထိုစဉ်က အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်တဲ့ ပြည်ထောင်စု အစိုးရအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ဆောလျင်စွာမပြင်ဆင်ရေးအကြံပြု ထောက်ပြပြောဆိုခဲ့ပြီး လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကိုသာ ဆောင်ရွက်ခဲ့တဲ့အတွက် အထိုက် အလျောက် ဖွံ့ဖြိုးတိုးတက်မှုရှိတာကို တွေ့ရှိရမှာဖြစ်ပါတယ်။
နာယကကြီးခင်ဗျာ
လက်ရှိ ဒုတိယအကြိမ်ပြည်ထောင်စု လွှတ်တော်၊ (၁၁) ကြိမ်မြောက်ပုံမှန် အစည်းအဝေးကာလ၊ ၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော် မတီကိုကော်မတီဝင် ၄၅ဦးနဲ့ ဖွဲ့စည်းခဲ့ပါ တယ်။ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအနေဖြင့် ပြင်ဆင်ရေး လုပ်ငန်းများကို ငါးလခန့်ဆောင်ရွက်ခဲ့ပြီး ၂ဝ၁၉ ခုနှစ်၊ သြဂုတ် ၁၅ ရက်နေ့မှာ လွှတ်တော်သို့ အစီရင်ခံစာ တင်သွင်းခဲ့ပါ တယ်။ အစီရင်ခံစာမှာ အချက်ပေါင်း ၃၇၆၅ ချက်ကို ပြင်ဆင်ရန်တင်ပြထား တာကို တွေ့ရှိရပြီး၊ ၄င်းအချက်များကို စိစစ်ရာတွင် ပုဒ်မပေါင်း ၄၅၇ ခုအနက် ပုဒ် ပေါင်း ၄၂ဝ ခုကို ပြင်ဆင်ထားတာ တွေ့ရှိရပါတယ်။ လက်ရှိဖွဲ့စည်းပုံအခြေ ခံ ဥပဒေဟာ အစုအဖွဲ့စုံလင်စွာနဲ့ စနစ်တ ကျရေးဆွဲထားတာ ဖြစ်လို့ပုဒ်မအားလုံး ကိုပြင်ဆင်ရန် မလိုဟုယူဆရပါတယ်။ ပြင်ဆင်ရန်ဆောင်ရွက်ခြင်းဟာလည်း မရိုးသားဟု ထင်မြင်ပါတယ်။ ပြင်ဆင် ရန်တင်ပြတဲ့အချက်များနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ ကိုယ်စားလှယ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တရားစီရင်ရေးဆိုင်ရာ အခြားအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသ ကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌများ၊ တိုင်းရင်းသား ရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူ မျိုးစု ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ များမှ ကိုယ်စားလှယ်များ၊ ဥပဒေပညာ ရှင်များနှင့်ညှိနှိုင်း၍ ဥပဒေမူကြမ်း တစ် ရပ်ရေးဆွဲပြုစုခြင်းဆောင်ရွက်မည်ဖြစ်၍ ဒီအစုအဖွဲ့များစုံအောင် အချိန်ယူရမှာ ဖြစ်သလို ဘယ်လိုဆောင်ရွက်မယ်ဆိုတာ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။
နာယကကြီးခင်ဗျာ
နိဂုံးချုပ်အနေနဲ့တင်ပြဆွေးနွေးလို တာက မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာ မောင်သင်းအပါအဝင်၊ လွှတ်တော်ကိုယ် စားလှယ် ၁၄၅ ဦး၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေ မူကြမ်းအား ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း (၁၂) အတိုင်း ဆောင်ရွက် တာဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ် တော်မှဥပဒေနှင့်အညီ လက်ခံဆောင်ရွက် ပေးသင့်ပါကြောင်း ပြောကြားရင်း နိဂုံး ချုပ်အပ်ပါတယ်။ အားလုံးကို ကျေးဇူး တင်ပါတယ်။