images
UN
UN
အခြေခံဥပဒေနဲ့ပတ်သက်လို့ အသစ်ပြန်လည်ရေးဆွဲခြင်းကိုတော့ ခွင့်ပြုမထား ရိုးသားတဲ့ နိုင်ငံရေး တရားမျှတတဲ့ နိုင်ငံရေးကိုသာ လိုချင်ပါတယ်
Thursday, 29 August 2019

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၇)ရက်မြောက်နေ့ကို ၂ဝ၁၉ ခုနှစ် သြဂုတ် ၂၈ ရက်နေ့ကကျင်းပခဲ့ရာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့်စပ်လျဉ်း၍ လေ့လာစိစစ်ရေးပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး ကျော်မင်းလှိုင်၏ ကန့်ကွက်ဆွေးနွေးမှုများကို ဖော်ပြအပ်ပါသည်။
အားလုံးမင်္ဂလာပါခင်ဗျာ
ကျွန်တော်ကတော့ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒုတိယ ဗိုလ်မှူးကြီး ကျော်မင်းလှိုင် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဥပဒေမူကြမ်း လေ့လာ စိစစ်ရေးပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအပေါ် ဆွေးနွေးသွားမှာဖြစ် ပါတယ်။ ပါဝါပွိုင့် သုံးစွဲခွင့်ပြုပါခင်ဗျာ။
နာယကကြီးခင်ဗျာ
ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာ၊ စိစစ်တွေ့ရှိချက်မှာ ''ယင်းဥပဒေကြမ်း နှင့် အလားသဏ္ဌာန်တူသည့် မူကြမ်း တစ်ရပ်ကို ပြင်ဆင်သည့် လုပ်ငန်းစဉ် နှစ်ရပ် အပြိုင်တင်သွင်းလာသည့်အခါ သီးခြားဆောင်ရွက်ရန် လုပ်ငန်းစဉ်များ ဖော်ပြထားခြင်းမရှိသည့်အတွက် လွှတ် တော်၏အဆုံးအဖြတ် ရယူဆောင်ရွက် ခဲ့ကြောင်း''
''လွှတ်တော်၏အဆုံးအဖြတ် ရယူ ရာတွင် ယင်းဥပဒေကြမ်းကို ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ လုပ်ငန်းစဉ်များ တွင် တစ်ပေါင်းတည်း လေ့လာစိစစ် သွားရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့ကြောင်း''လို့ ဖော်ပြထားတာ တွေ့နိုင်ပါတယ်။ ဒီမှာတင် အစီရင်ခံစာရဲ့ လားရာကို တွေ့မြင်ကြရပြီဖြစ်ပါတယ်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စဖြစ်တဲ့အတွက် အခြေခံ ဥပဒေပြင်ဆင်ခြင်းနဲ့ဆိုင်တဲ့ ပုဒ်မများကို တိကျစွာလိုက်နာကြဖို့ ထောက်ပြရပါလိမ့် မယ်။ ပုဒ်မ ၄၃၃ ခြေဆင်းမှာ ''ဤ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်ကို ပြင်ဆင်လိုပါက'' ပြဋ္ဌာန်း ချက်တစ်ရပ်ရပ်လို့ ပါပါတယ်။ ပြဋ္ဌာန်း ချက်အားလုံးလို့ မပါပါဘူး။ လိုက်နာ ဆောင်ရွက်ခဲ့ကြပါသလား။
ပုဒ်မ ၄၃၅ မှာ''ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း၏ ရာခိုင်နှုန်း ၂ဝ က တင်ပြလာလျှင် အဆိုပါ ပြင်ဆင် ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်က လက်ခံဆွေးနွေးရမည်'' လို့ ပြဋ္ဌာန်းထားပါတယ်။ လိုက်နာဆောင် ရွက်ခဲ့ကြပါသလား။
နာယကကြီးခင်ဗျာ
ပါဝါပွိုင့်မှာ တင်ပြထားတာကတော့ အစီရင်ခံစာကညွှန်းထားတဲ့ ကျောင်းကုန်း မဲဆန္ဒနယ်က ဦးသိန်းထွန်း အပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၃ ဦးကလက်မှတ်ရေးထိုးပြီး ပြင်ဆင် ရန် တင်ပြခဲ့သည့် ဥပဒေမူကြမ်းဖြစ်ပါ တယ်။ နောက် Slide ကတော့ မိတ္ထီလာ မဲဆန္ဒနယ်က ဒေါက်တာမောင်သင်း အပါ အဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စား လှယ် ၁၄၅ ဦးက လက်မှတ်ရေးထိုးပြီး ဥပဒေနဲ့အညီ ပြင်ဆင်ရန် ထပ်မံတင်ပြ ထားသည့် ဥပဒေမူကြမ်းပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ ပိုမိုထွန်းကားရေး၊ တိုင်းရင်း သားများအရေးနှင့် နိုင်ငံသူနိုင်ငံသားများ အတွက် အကျိုးရှိစေမယ့် ပြင်ဆင်ရန် တင်ပြချက်ကောင်းတွေဖြစ်သော်လည်း မသိမသာ ပျောက်ကွယ်ရတော့မယ့်အခြေ အနေကိုပါ ရောက်ကုန်ပါပြီ။
လွှတ်တော်အတွင်း အဆုံးအဖြတ် ရယူခြင်းများသည် အဖြေသိပြီးသားပုစ္ဆာ တွက်နေရသလို ဖြစ်နေပါတယ်။ ဦးသိန်း ထွန်း တင်သွင်းခဲ့သည့် ဥပဒေမူကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း လိုက်နာ ဆောင်ရွက်ရမည့်အစား လွှတ်တော်၏ အဆုံးအဖြတ်ကိုသာ ရယူခဲ့သည့်အတွက် လွှတ်တော်၏ဆုံးဖြတ်ချက်သည် ဖွဲ့စည်း ပုံအခြေခံဥပဒေ၏အထက်တွင် ရှိနေတဲ့ သဘော သက်ရောက်စေခဲ့တာ ဝမ်းနည်း ဖွယ် တွေ့မြင်ခဲ့ရပါတယ်။

''ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်း ချက်များနှင့် ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ နည်းဥပဒေပြဋ္ဌာန်းချက်များတွင် ပြင်ဆင်သည့် လုပ်ငန်းစဉ်နှစ်ရပ် အပြိုင် တင်သွင်းလာသည့်အခါ သီးခြားဆောင် ရွက်ရန် လုပ်ငန်းစဉ်များ ဖော်ပြထားခြင်း မရှိသည့်အတွက်''ဟူသော အကြောင်း ပြချက်သည် ခိုင်လုံမှုမရှိသော အကြောင်း ပြချက်ပဲ ဖြစ်ပါတယ်။
နာယကကြီးခင်ဗျာ
ပုဒ်မ ၂၆၁ ပြင်ဆင်ရေးမူကြမ်းကို သာ လွှတ်တော်က လက်ခံဆွေးနွေး ဆုံးဖြတ်နိုင်ခဲ့မည်ဆိုပါက ယခုလောက်ဆို ဒီမိုကရေစီစံနှုန်းများနှင့်အညီ လွတ်လပ်၍ တရားမျှတပြီး တိုင်းရင်းသားအများစု၏ လိုလားချက်အတိုင်း တန်းတူညီမျှမှုအခွင့် အရေးကို ဖော်ဆောင်ပေးနိုင်ပြီး တိုင်းရင်း သားတို့တင်မြှောက်သော ဝန်ကြီးချုပ်ကို မျှော်မှန်းလို့ရနေလောက်ပြီဖြစ်ပါတယ်။
၄၅ ဦးပါ ပြင်ဆင်ရေးပူးပေါင်းကော် မတီ၏ လုပ်ငန်းစဉ်များသည် ယနေ့ ချိန်ထိ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ခြင်းအတွက် လိုက်နာရမည့် ဥပဒေပုဒ်မ များကို လိုက်နာနိုင်သည့်အဆင့်သို့ပင် မရောက်သေးတာကို တွေ့ရပါတယ်။
ပြင်ဆင်ရန် အကြံပြုချက် ၃၇၆၅ ချက်ကို ဥပဒေမူကြမ်းအဖြစ် ပြုစုနိုင်ဖို့လည်း အချိန်အတော်ယူ ညှိနှိုင်းကြရဦးမှာဖြစ်ပါ တယ်။ ကျန်ရှိသည့် လွှတ်တော်သက် တမ်းကာလအတွင်းမှာ ပြင်ကောပြင်ဖြစ် ပါ့မလား။ သည်လို ဥပဒေနှင့်အညီ တင် သွင်းလာသည့် ဥပဒေမူကြမ်းတွေကို ၄၅ ဦးကော်မတီအောက်ထဲ ဆွဲသွင်းလိုက် ခြင်းသည်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် လိုမှုကို ပိတ်ပင်းတားဆီးသလိုဖြစ်နေ ပါတယ်။
နာယကကြီးခင်ဗျာ
NCA ချုပ်ဆိုခြင်း သုံးနှစ်ပြည့် သီးသန့်အစည်းအဝေးမှာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ''စာချုပ်ရဲ့ အပိုဒ် ၂၂၊ အပုဒ်ခွဲ(ဃ)အရ ပြည်ထောင်စု ညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ် ချက်များအပေါ်အခြေခံ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေအပါအဝင် ဥပဒေများကို လိုသလိုပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံးလုပ်နည်း နှင့်အညီပြုလုပ်ရန်လို့ သဘောတူညီထား ပါတယ်။ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြု လုပ်ရန်ဆိုတဲ့နေရာမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၁၂)၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ခြင်းအတိုင်း ပြုလုပ်သွား ရမှာဖြစ်ပါတယ်။ အခြေခံဥပဒေနဲ့ ပတ် သက်လို့ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း ပြုလုပ်နိုင်ပေမယ့် အသစ်ပြန်လည်ရေးဆွဲ ခြင်းကိုတော့ ခွင့်ပြုမထားကြောင်းတွေ့ ရမှာဖြစ်ပါတယ်။ တိုင်းရင်းသားအရေး၊ အမျိုးသားအကျိုးစီးပွားအရေးထက် ပို အရေးကြီးတာမရှိပါဘူး။ စစ်ရေးနဲ့ နိုင်ငံ ရေးမှာ မတရားတာမရှိဘူးလို့ဆိုရိုးစကား ရှိပေမယ့် ကျွန်တော့်အနေနဲ့ကတော့ ရိုး သားတဲ့နိုင်ငံရေး တရားမျှတတဲ့နိုင်ငံရေး ကိုသာ လိုချင်ပါတယ်''လို့ အဖွင့်အမှာ စကားမှာ ထည့်သွင်းပြောကြားခဲ့တာ သတိချပ်စေလိုပါတယ်။
အခြေခံဥပဒေပုဒ်မ ၄၃၃၊ ၄၃၅ ပါ အတိုင်း ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ပြင် ဆင်ခြင်းလုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတစ်အုပ်လုံးကိုပြင်ဆင်ရန် လေ့လာ စိစစ်ခြင်းလုပ်ငန်းစဉ်များသည်အနှစ်သာရ ရောလားရာပါမတူနိုင်သလိုပြင်ရန် လွယ် ကူမှုနှုန်းလည်း မတူနိုင်သည့်အတွက် ယခု ဥပဒေမူကြမ်းကိုလည်း အရင်နည်း လမ်းအတိုင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မျက်ကွယ်ပြု အားသာရာ လွှတ်တော်ထဲ ဆွဲသွင်းပြီး ဤကိုကျွဲဖတ်ရန် ဒုတိယံပိ ဆုံးဖြတ်အတည်ပြုကြဦးမည့် ပူးပေါင်း ကော်မတီ၏ သဘောထားမှတ်ချက်အစီ အရင်ခံစာကိုကန့်ကွက်ပါကြောင်းနှင့် ဖွဲ့ စည်းပုံအခြေခံဥပဒေအခန်း(၁၂)ပါ ပြင် ဆင်ခြင်းပြဋ္ဌာန်းချက်များ၊ လွှတ်တော် ဆိုင်ရာဥပဒေနည်းဥပဒေများအတိုင်းသာ ဆက်လက်ဆောင်ရွက်သင့်ပါကြောင်းအကြံ ပြုတိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။