images
UN
UN
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာစီတန်းလှည့်လည် ဆန္ဒဖော်ထုတ်
Friday, 30 August 2019
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့တွင် ပြည်သူများက ယနေ့နံနက် ၉ နာရီမှ ၁ဝ နာရီအထိ ကလေး သူငယ်အခွင့် အရေးများဆိုင်ရာဥပဒေနှင့်ပတ်သက်၍ ငြိမ်းချမ်းစွာစီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
အဆိုပါဆန္ဒဖော်ထုတ်ခြင်းကို ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ(၄) နှင့်အညီ ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒဖော်ထုတ်ရခြင်းရည်ရွယ်ချက်မှာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကို သုံးသပ်ရှင်းလင်းခြင်းနှင့်ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ရန်တို့ဖြစ်ကြောင်း သိရသည်။
ဆန္ဒဖော်ထုတ်ကြရာတွင် ဆန္ဒဖော် ထုတ်ကြသည့် ပြည်သူများမှ ''လူမျို၍ လူမျိုးမပျောက်ကွယ်ရေး(ဒို့အရေး)၊ အမျိုး ဘာသာသာသနာတည်တံ့ခိုင်မြဲရေး (ဒို့ အရေး)၊ မြန်မာနိုင်ငံနှင့်မြန်မာလူမျိုးများ တည်တံ့ခိုင်မြဲရေး(ဒို့အရေး)၊ အမျိုးဂုဏ် ဇာတိဂုဏ်များ အပျက်အစီးမခံရစေရေး (ဒို့အရေး)''စသော ကြွေးကြော်သံများကို သံပြိုင်ဟစ်ကြွေးခဲ့ကြပြီး မြန်မာ့ဥပဒေ မြန်မာ့အတွက်ဖြစ်ပါစေ၊ အမျိုးစစ်မှ အမျိုး ချစ်မည်စသော လက်ကိုင်ဗီနိုင်းဆိုင်းဘုတ် များကိုကိုင်ဆောင်၍ သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခဲ့ကြသည်။
ဆန္ဒဖော်ထုတ်ခဲ့သည့် လမ်းကြောင်း များမှာရမည်းသင်းမြို့ ရွှေပြည်သာမြောက် ကျောင်းအနီး၊ အနောက်ဘက်-မြောက် ဘက်ရွာတန်းမီးပွိုင့်အနီး၊ အရှေ့ဘက်ရုပ် ရှင်ရုံအနီးစသည့်နေရာများတွင် စုဝေးပြီး ကထိန်ပတ်လမ်းများအတိုင်း သီလဝခန်းမ ထိဖြစ်သည်။
ထို့နောက် သီလဝခန်းမတွင် ယနေ့ နံနက် ၁ဝ နာရီခွဲမှ မွန်းတည့် ၁၂ နာရီ အထိ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေအပေါ်သုံးသပ်ရှင်းလင်းသည့် ဟောပြောပွဲကို ပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲကို သက်ဆိုင်ရာ သို့ ဥပဒေနှင့်အညီတင်ပြ၍ သက်ဆိုင်ရာ ၏ခွင့်ပြုချက်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဟောပြောပွဲတွင် နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်းသံပြိုင်သီဆို ဖွင့်လှစ်ပြီးနောက် ရွှေဒါး/စစ်မှုထမ်းဟောင်း မှဦးညွန့်ဆောင်၊ ပြည်ခိုင်ဖြိုးပါတီမှ ဦးဇော် ဝင်းနှင့်တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီမှ ဦးစိုးလွင် စသည်တို့မှ ကလေး သူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအပေါ် သုံးသပ်ရှင်းလင်းဟောပြောခဲ့ကြသည်။
ဟောပြောပွဲသို့ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်းအဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်သူ များ တက်ရောက်ခဲ့ကြကြောင်း သိရ သည်။
သုတ(မန္တလေး)