images
UN
UN
၂ဝ၁၉ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့
အောင်ကြည်ညွန့်(တက္ကသိုလ်) Friday, 06 September 2019
စက်တင်ဘာလ ၈ရက်နေ့သည် နိုင်ငံ တကာစာတတ်မြောက်ရေးနေ့ဖြစ်သည်။ ၁၉၆၅ခုနှစ်မှ စတင်သတ်မှတ်ခဲ့သဖြင့် ၂ဝ၁၉ခုနှစ် စက်တင်ဘာလ ၈ရက်ဆို လျှင် (၅၄)နှစ်မြောက်ပြီဖြစ်ပါသည်။ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်း ကြီးတစ်ခုဖြစ်သည့် ယူနက်စကိုက နှစ် စဉ်ကြီးမှူးကျင်းပသည်။
မြန်မာနိုင်ငံသည် စာမတတ်သူပ ပျောက်ရေးလုပ်ငန်းဖြင့် ကမ္ဘာကျော်ခဲ့ပါ သည်။ အများသူငါက 'အ'သုံးလုံးစီမံ ကိန်းကြီးဟု လူသိများခဲ့ပါသည်။ မြန်မာ နိုင်ငံ၏ စာတတ်မြောက်ရေးလူထုလှုပ် ရှားမှုကြီး၏ အောင်မြင်မှုကြောင့် ယူနက် စကိုအဖွဲ့ကြီးက မြန်မာနိုင်ငံစာတတ် မြောက်ရေး ဗဟိုကော်မတီကို မိုဟာမက် ရေဇာပလာဗီဆု(၁၉၇၁)နှင့်နိုဘယ်ဆု (၁၉၈၃)တို့ကို ချီးမြှင့်ခဲ့ပါသည်။
မူလစလျှင်စခြင်း ၁၉၇၃ခုနှစ်တွင် စာတတ်မြောက်ရေးလုပ်ငန်းများ ဦးစီး ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရပညာ ရေးဝန်ကြီးဌာနက စာမတတ်သူလျော့ ပါးပပျောက်ရေး၊ အသုံးလုံးကျေသင် တန်းကြီးကြပ်ညှိနှိုင်းဆောင်ရွက်ရေးဗဟို ကော်မတီဟူ၍ ဖွဲ့စည်းခဲ့ရာမှ ၁၉၇၄ခုနှစ် တွင်'မြန်မာနိုင်ငံစာတတ်မြောက်ရေး ဗဟိုကော်မတီ'ဟူ၍ပြောင်းလဲခဲ့ပါသည်။
ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ၏ စာ တတ်မြောက်ရေး ကြိုးပမ်းလှုပ်ရှားမှု အောင်မြင်ရခြင်း၏ အဓိကအချက်မှာ နိုင်ငံတော်အစိုးရဘတ်ဂျက်ကုန်ကျမှုမရှိဘဲ ကော်မတီအဆင့်ဆင့်၏ ကြီးကြပ်မှုဖြင့် လူထုလှုပ်ရှားမှုအင်အားကိုရယူကာ စာပေသင်ကြားနိုင်ခဲ့ခြင်း ဖြစ်ပါသည်။
ကော်မတီအဆင့်ဆင့်ဆိုသည်မှာ ပြည်နယ်နှင့်တိုင်းကော်မတီ၊ ခရိုင်ကော် မတီ၊မြို့နယ်ကော်မတီ၊ ရပ်/ကျေး ကော်မ တီအဆင့်ဆင့် ဖွဲ့စည်းနိုင်ခဲ့ပါသည်။
လုပ်အားပေးစာသင်ဆရာများအတွက် အဓိကအင်အားမှာ မြန်မာနိုင်ငံတစ်ဝန်း လုံးရှိတက္ကသိုလ်၊ ကောလိပ်သိပ္ပံများက ကျောင်းသားကျောင်းသူများပင် ဖြစ်ပါ သည်။ ရပ်ရွာဒေသခံဆရာ ဆရာမများ ကလည်း ဒေသမှနေ၍ လိုအပ်သမျှကို ပံ့ပိုးဆောင်ရွက်ပေးကြပါသည်။
၁၉၆၄ခုနှစ်မှ ၁၉၆၉ခုနှစ်အထိ အကြိုစမ်းသပ်ကာလအဖြစ် ဆောင်ရွက် ပြီး ၁၉၆၉ခုနှစ်တွင် မိတ္ထီလာခရိုင်ကို စမ်းသပ်ခရိုင်အဖြစ်ထားကာခရိုင်အတွင်း ရှိ မြို့နယ်လေးမြို့နယ်ကို တက္ကသိုလ် ကျောင်းသား ၇ဝ ဖြင့် တစ်လတာစတင် သင်ကြားပေးခဲ့ကြသည်။



သို့သော်လည်း ၁၉၆၄ခုနှစ် နွေရာ သီတွင် ရန်ကုန်ကံဘဲ့ဆရာအတတ်သင် မှသင်တန်းသားလေးဦးက မိတ္ထီလာမြို့ နယ်အရှေ့စံပြကျေးရွာရှိ တောင်သူလယ် သမားဦးကြီး၊ ဒေါ်ကြီး၊ သက်ကြီးစာမ တတ်သူများကို တစ်လတာအသုံးလုံး သင်တန်းပေးသင်ကြားပေးခဲ့ကြပြီး စာ ရေး၊ စာဖတ်တတ်ခဲ့ကြသည်။ ထို့ကြောင့် ''အသုံးလုံးအစ မိတ္ထီလာအရှေ့စံပြကျေး ရွာက''ဟုပြောစမှတ်တွင်ခဲ့သည်ကို မှတ် သားခဲ့ဖူးပါသည်။
စာမတတ်သူပပျောက်ရေးစီမံကိန်း ကြီးကို လွတ်လပ်ရေးရပြီးခါစ ၁၉၄၉ ခုနှစ် ၁၉၅ဝပြည့်နှစ်များတွင် နိုင်ငံတော်အစိုးရ က လူထုပညာရေးဥပဒေပြဋ္ဌာန်းပြီး''လူ ထုပညာရေးစီမံကိန်း''ဖြင့် ဆောင်ရွက်ခဲ့ ပါသည်။ လူထုပညာရေးမှူးများ ခန့်အပ် ၍ ရုံးလုပ်ငန်း၊ ဌာနဆန်ဆန်ဆောင်ရွက် ခဲ့သည်ကို တွေ့ရှိရပါသည်။
အဖွဲ့အစည်းကြီးမားကျယ်ပြန့်သည့် အလျောက် ငွေကုန်ကြေးကျ အလွန်များ ခဲ့သော်လည်း ရည်မှန်းသလောက်ပေါက် မြောက်အောင်မြင်မှုမရှိကြောင်း လေ့လာ မိသည်။ သို့တစေ မှတ်တမ်းမှတ်ရာ အဖြစ် ၁၉၅ဝပြည့်နှစ်မှ ၁၉၆၂ခုနှစ်အထိ ဆောင်ရွက်မှုကို 'လူထုပညာရေးမော် ကွန်း'ဟူ၍ မော်ကွန်းစာစောင်တစ်စောင် ထုတ်၍ မှတ်တမ်းတင်ခဲ့ပါသည်။
၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ အစိုးရခေတ်မှစ၍ ၁၉၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ အသုံးလုံးစီမံကိန်း ၂၄ နှစ်တာ ဆောင်ရွက်ခဲ့ပါသည်။
ဗဟိုကော်မတီ၏အစီရင်ခံစာအရ ၁၉၈၇ ခုနှစ်တွင် မြို့နယ်ပေါင်း ၃၂၄ မြို့နယ်ရှိသည့်အနက် မြို့နယ်ပေါင်း ၂၇ဝ တွင် ဒေသခံနှင့်ရပ်ဝေးလုပ်အားပေးသူ ပေါင်း ၄၈၃၈၇၁ ဦးဖြင့် လုပ်အားပေး ခဲ့ကြပါသည်။ ကျေးလက်ပြည်သူပေါင်း ၁၉၉၉၈၅၃၇ ဦးစာတတ်ခဲ့ကြပါသည်။ မြို့နယ်လုံးကျွတ်စာတတ်မြောက်ပြီး အောင်ပွဲခံမြို့နယ် ၂၄၄ မြို့နယ်ရှိလာခဲ့ ပါသည်။
အသုံးလုံးစီမံကိန်းကြီးအတွက် လုပ် အားပေးဆရာ ဆရာမများရရှိနိုင်ပြီဖြစ် သော်လည်း သက်ကြီးစာသင်သားများ အတွက် စာသင်သားကိုင် ဖတ်စာအုပ်များ လိုအပ်ပါသည်။ အဆိုပါကွက်လပ်ကို စမ်းသပ်ကာလအစောပိုင်း၁၉၆၄-၁၉၆၅ ခုနှစ်များတွင် ရှေးဦးပထမဆရာကြီး ဦးသံဗျင်က'သက်ကြီးရက်တို သင်တန်း လမ်းညွှန်'၊ဆရာကြီးဦးသန်းဦး(ဒေါက်တာ သန်းဦး)နှင့် ဆရာကြီးဦးမြအေးတို့က သက်ကြီးဖတ်စာ(၁၉၆၅)၊ မန္တလေးဆရာ အတတ်သင်မှ ဦးသန်းထွတ်(နောင်ပညာ ရေးတက္ကသိုလ်ပါမောက္ခ)က 'သက်ကြီး မြန်မာဖတ်စာသင်နည်းလမ်းညွှန်'စာ အုပ်များပြုစု၍ မိမိတို့ဒေသများတွင် စမ်း သပ်သင်ကြားကြပါသည်။
နောက်ဆုံးတွင်သက်ကြီးမြန်မာဖတ်စာ (စာသင်သားကိုင်)ရေးသားပြုစုရန် ဆရာ ကြီးမင်းသုဝဏ်ဦးဆောင်သော အဖွဲ့ဝင် ခုနစ်ဦးပါပညာရှင်အဖွဲ့ကိုဖွဲ့စည်းပေးခဲ့ပါ သည်။ ထိုအဖွဲ့တွင် ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒုတိယဗိုလ်မှူးကြီး စံမြင့်၊ ပညာရေးအထူးအရာရှိဆရာကြီးဦးသံဗျင်၊ ဆရာကြီးဦးသန်းဦး(သုတေသနဗျူရို)၊ ဦးတင်လှ(တက္ကသိုလ်ဘာသာပြန်နှင့်စာ အုပ်ထုတ်ဝေရေးဌာန)၊ ပန်းချီဆရာကြီး ဦးဘကြည်နှင့် ပုသိမ်မြို့ ယိုးဒယားကုန်း မူလတန်းကျောင်းအုပ်ဆရာကြီး ဦးမြအေး တို့ ပါဝင်ပါသည်။
အဆိုပါသက်ကြီးမြန်မာဖတ်စာကို ၁၉၆၆ခုနှစ်မတ်လ၌ အစိုးရပုံနှိပ်တိုက် တွင် အုပ်ရေတစ်သိန်းတစ်သောင်း ရိုက် နှိပ်ပါသည်။ ၁၉၇၉ခုနှစ်အထိ အဋ္ဌမ အကြိမ်အထိ တစ်ကြိမ်လျှင်အုပ်ရေ တစ်သိန်းကျော် ရိုက်နှိပ်ဖြန့်ဝေခဲ့ပါသည်။
ထို့ပြင် စာတတ်ပြီးစသက်ကြီးများ စာဖတ်နိုင်ရန်ရည်ရွယ်၍ မြန်မာဖတ်စာ နှင့်သက်ကြီးစာပဒေသာပြုစုရေးကော် မတီကိုဖွဲ့စည်းပေးခဲ့ပါသည်။ ထိုအဖွဲ့ တွင် ဆရာကြီးမင်းသုဝဏ်၊ ဒုတိယ ဗိုလ်မှူးကြီး စံမြင့်၊ ဦးသံဗျင်၊ ဦးဘ ကြည်၊ ဦးသန်းဦး၊ ဦးတင်လှ၊ ဦးဘ ကောင်း၊ ဦးအေးစိုး၊ ဦးဇော်ဝင်းနှင့် ဦးသန်းထွတ်တို့ပါဝင်ကြပါသည်။
အဆိုပါကော်မတီသည် သက်ကြီး များဖတ်ရှုရန် သက်ကြီးစာပဒေသာစာ အုပ် ၁၁မျိုးပြုစုခဲ့ပြီး တစ်မျိုးလျှင် အုပ် ရေတစ်သိန်း ရိုက်နှိပ်ဖြန့်ချိပေးခဲ့ကြောင်း တွေ့ရှိရပါသည်။
သက်ကြီးများ လွယ်ကူရှင်းလင်းစွာ ဖတ်ရှုနိုင်ရန် ဝါကျတိုများဖြင့်ရေးသား ကြပြီး စာနည်းနည်းသရုပ်ဖော်ပုံများများ ဖြင့် ရောင်စုံပုံနှိပ်ပေးထားပါသည်။ ပန်း ချီကာတွန်းပညာရှင်များဖြစ်သော ဦးဘ ကြည်၊ ဦးဖေသိန်း၊ ဦးအေးတင်၊ ပေါ်ဦး သက်၊ ဦးအောင်ရှိန်၊ ဦးဘဝင်း၊ ဦးသန်း ကြွယ်တို့က ရေးဆွဲပေးကြပါသည်။
မြန်မာနိုင်ငံ စာတတ်မြောက်ရေး သမိုင်းဝင်ရုပ်ရှင်ကားကြီး အဖြစ် စာရေးဆရာမင်းကျော်ရေးသားခဲ့သည့် 'ဘယ်သူပြိုင်လို့ လှပါတော့နိုင်'ဝတ္ထုကို ဆရာကြီးဦးသုခက ရုပ်ရှင်ရိုက်ကူးပြီး သမိုင်းဝင်၊ သမိုင်းတင်ခဲ့ပါသည်။ အဆိုပါရုပ်ရှင်ကားကို နိုင်ငံတော် သို့လှူဒါန်းခဲ့ပါသည်။ စက်တင်ဘာလ ၈ ရက်နေ့ ရောက်တိုင်း ဤ 'ဘယ်သူပြိုင်လို့ လှပါတော့နိုင်'ရုပ်ရှင်ကို ပြသသည်မှာ ယနေ့ ထက်တိုင်အောင်ဖြစ်ပါသည်။
၁၉၇၁ခုနှစ် မိုဟာမက်ရေဇာပလာဗီဆုကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့၊ ယူနက် စကိုဌာနချုပ်တွင် ဆရာကြီးဦးသန်းဦး (ယခုဒေါက်တာ သန်းဦး)မြန်မာဝတ်စုံဖြင့် တက်ရောက်ယူခဲ့ပါသည်။ ဆရာကြီးသည် ယခုအသက် ၉၃ နှစ်ရှိပြီး သက်ရှိထင်ရှားရှိနေပါသေးသည်။
မြန်မာတို့၏ ပညာဒါန၊ စေတနာအလှ၊ လုပ်အားအလှတို့သည် မြန်မာလူငယ်တက္ကသိုလ်၊ကောလိပ်နှင့်သိပ္ပံတို့၏ အသုံးလုံးစိတ် ဓာတ်၊ ပရဟိတစိတ်ဓာတ်ကို ကမ္ဘာ့အလယ်တွင် တင့်တင့်တယ် တယ်ဝင့်ဝင့်ထည်ထည်ဖြင့် နှစ်ပေါင်းများစွာ ဆက်လက်တည်ရှိနေ မည်သာ ဖြစ်ပါတော့သည်။
သမိုင်းတစ်ခေတ်တွင် 'အ'သုံးလုံး စာတတ်မြောက်ရေးသမိုင်း ကို ထုဆစ်ပုံဖော်ခဲ့သူများကို ဂုဏ်ပြုအပ်ပါသတည်း။