images
UN
UN
ဒီထက်တောင်ပိုသေး
ဖိုးဥာဏ်ဦး Wednesday, 11 September 2019
ဖိုးဥာဏ်ဦးက စီးပွားရေးပညာရှင် မဟုတ်ပါဘူး။ စီးပွားရေးဘွဲ့တို့၊ အမ်ဘီ အေတို့၊ ဒေါက်တာဘွဲ့တို့ ရခဲ့တာမှ မဟုတ်တာ။ ဒါပေမဲ့ ပြည်သူထဲက ပြည်သူတစ်ယောက်ဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ ခံစားချက်ကိုတော့ နား လည်သိရှိပါတယ်။
စီးပွားရေးရဲ့အခြေခံဟာ ပြည်သူ တွေရဲ့ စားဝတ်နေရေးပါ။ စားဝတ်နေ ရေး အဆင်ပြေမှု မပြေမှုဟာ ပြည်သူ တွေရဲ့ဘဝလို့လည်း ပြောလို့ရပါတယ်။ အဆင်ပြေနေတယ်ဆိုရင်တော့ ဘယ် အစိုးရပဲ အုပ်ချုပ်အုပ်ချုပ်၊ ပြည်သူတွေ ဝမ်းသာကျေနပ်နေကြမှာပါ။
ကြွယ်ဝချမ်းသာမှုဆိုတာကတော့ ပြည်သူအားလုံး တန်းတူရည်တူဖြစ်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။မွေးကတည်းက ပါလာတဲ့ ကံချင်းမတူနိုင်သလို ဥာဏ်နဲ့ ဝီရိယချင်းလည်း မတူကြပါဘူး။ အား လုံး လူချမ်းသာချည်းပဲဖြစ်ဖို့ဆိုတာ စိတ်ကူးယဉ်သက်သက်ပဲ ဖြစ်မှာပါ။ မချမ်းသာကြလို့ အားလုံးတန်းတူညီမျှ ဆင်းရဲကြဆိုရင်လည်း တစ်ဖက်အစွန်း ကို ရောက်သွားပြီလို့ ပြောရမှာပါ။ ချမ်းသာခြင်း၊ ဆင်းရဲခြင်းဟာ လူတွေ ရဲ့ ကံ၊ ဥာဏ်၊ ဝီရိယပေါ်မှာ မူတည် နေတယ်လို့ ပြောရပါမယ်။
တိုင်းပြည်တစ်ပြည်မှာ ချမ်းသာသူနဲ့ ဆင်းရဲသူအချိုးချကြည့်ရင် ဆင်းရဲတဲ့ သူက အများစုပါ။ မြန်မာနိုင်ငံမှာ လည်း အင်မတန်ချမ်းသာတဲ့သူဆိုတာ ရှိပါတယ်။ ဒါပေမဲ့ လက်ချိုးရေတွက် လို့ ရပါတယ်။ လက်ဆယ်ချောင်း တောင်ပြည့်မယ်မထင်ပါဘူး။ ချမ်းသာ ကြွယ်ဝတဲ့သူများတဲ့ တချို့ တိုင်းပြည် တွေမှာဆိုရင် ဒို့တိုင်းပြည်မှာ ''ဘီလျံ နာ'' ဘယ်နှဦးရှိနေပြီဆိုပြီး ပြောဆို ဂုဏ်ယူတတ်ကြပါတယ်။ ရှေးဘုရင် တွေလက်ထက်ကလည်း သူ့တိုင်းပြည် က သူဌေးသူကြွယ်တွေကို ''ပြည့်ဝမ်း ဗိုက်''ဆိုပြီး မြှောက်စားကြပါတယ်။ ''ပြည့်ဝမ်းဗိုက်ကိုလည်း မဖောက်ရာ'' ဆိုပြီး ဆုံးမတာတွေတောင် တွေ့ရပါ တယ်။
ဒီနိုင်ငံမှာလည်း ထိုက်သင့်တဲ့ သူဌေးသူကြွယ်တွေ ရှိပါတယ်။ မိရိုး ဖလာချမ်းသာကြွယ်ဝလာသူတွေတော့ မဟုတ်ပါဘူး။ ဘဏ်ကြွေးနဲ့ သူဌေးဘွဲ့ ခံထားကြသူတွေ ဖြစ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် တိုင်းပြည်မှာ လိုအပ်လာရင် သူတို့ထံက အကူအညီတွေ ရပါတယ်။ ရေဘေး၊ မီးဘေး၊ မုန်တိုင်းဘေးတွေနဲ့ ကြုံတွေ့ရတဲ့အခါ ဒီသူဌေးတွေပဲ အများဆုံး အကူအညီပေးကြတာပါ။ တချို့ အစိုးရဘတ်ဂျက်နဲ့မလုပ်နိုင်တဲ့ လုပ်ငန်းတွေဆိုရင် သူတို့ပဲဝင်လုပ်ကြ တာပါ။ အဆုံးပြောရရင် လက်ရှိအစိုးရ ရွေးကောက်ပွဲအနိုင် ရဖို့အတွက်တောင်
သူတို့အများဆုံး ကူညီခဲ့တာ တွေ့ရပါ တယ်။ အစိမ်းဘက်က ခြံခုန်ပြီး အနီ ဘက်ကူးပြောင်းသွားတဲ့သူတွေတောင် ပါပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ဒီသူဌေးတွေ မျက်နှာကောင်း မရကြ ရှာပါဘူး။ ခရိုနီတွေ၊ ခရိုဝါတွေ စွပ်စွဲ ပြီး နှိပ်ကွပ်တာ ခံနေကြရတယ်။ ရခိုင် ဘက်မှာ ခြံစည်းရိုးကာဖို့ လှူရမလား ဆိုပြီး ဘာမဆိုင် ညာမဆိုင် ရေခြားမြေ ခြား နိုင်ငံကြီး တစ်နိုင်ငံကပါဝင်ပြီး သမသွားတာတောင် ခံကြရပါတယ်။ ပြည့်ဝမ်းကို မဖောက်ဖို့နေနေသာသာ ယခုတော့ သားလှီးဓားနဲ့ ဗိုက်အခွဲခံနေ ကြရတယ်လို့ ပြောရပါမယ်။
ဟိုတလောက ဘဏ်အကြွေးတွေ အရင်းရောအတိုးပါ ပြန်ပေးဆပ်ရမယ် ဆိုလို့ သူဌေးတွေ အတော်တုန်လှုပ်ကုန် ကြတယ်။ လွှတ်တော်မှာ တာဝန်ရှိတဲ့ လူက လာပြောသွားတာဆိုတော့ မတုန် လှုပ်ဘဲနေပါ့မလား။ အလုပ်သမားခ တွေမပေးနိုင်လို့ ညညအိပ် မပျော်ရတဲ့ အထဲ ဒီရာဇသံကြားတော့ မျက်ရည် တောင် ဖြိုင်ဖြိုင်ကျရဆိုပဲ။ ဟုတ်မှာ ပါပဲ၊ ဘဏ်အကြွေးနဲ့ သူဌေးဘွဲ့ ခံထား ကြရ သူတွေဆိုတော့ စိုးရိမ်ကြပေ မပေါ့။
သူတို့က တော်ပါသေးတယ်။ မရှိ ဘူးဆိုပေမယ့် ဆင်ပိန်ရင်ကျွဲလောက် တော့ ကျန်ပါသေးတယ်။ သူတို့ကို မှီခိုအားထားနေရတဲ့ အခြေခံလူတန်း စား လက်လုပ်လက်စားသမားတွေက ပိုပြီး ပူပင်ရပါတယ်။ လုပ်ငန်းရှင် သူဌေးတစ်ဦး တည်ဆောက်ရေးလုပ် ငန်းတစ်ခုလုပ်ရင် အောက်ခြေမှာ ပန်းရန်တို့၊ လက်သမားတို့၊ အုတ်သယ် ကျောက်သယ်အလုပ်သမတို့၊ အုတ်သဲ ရောင်းတဲ့သူတို့အဆုံးပြောရရင် လုပ် ငန်းခွင်ဘေးကဈေးဆိုင်ကလေးတွေက အစ အဆင်ပြေကြပါတယ်။ တစ်နေ့ရ တဲ့လုပ်ခကလေးနဲ့ ဆန်ဝယ်၊ ဆီဝယ်
စားနေရတော့ တစ်နေ့အတွက် သိပ်မပူ ရဘူးပေါ့။ ဒါကြောင့် သူဌေးတွေ ဒုက္ခ ရောက်လို့ လုပ်ငန်းတွေ ရပ်လိုက်ရ တယ် ဆိုရင်တော့ အောက်ခြေက အခြေခံလူတန်းစား လက်လုပ်လက်စား သမားတွေပါ အားလုံးထိကုန်ကြတော့ တာပါပဲ။ အသီးတစ်ရာ အညှာတစ်ခု မှာ အညှာကို ချိုင်ချလိုက်ရင်တော့ အသီးတွေပါအားလုံး ကြွေကျကုန်မှာ ဖြစ်ပါတယ်။ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးမှ အခြေခံလူတန်းစားတွေ စားဝတ်နေရေး အဆင်ပြေကြမှာပါ။
သူဌေးတွေရဲ့ ငိုသံတွေ၊ အခြေခံလူ တန်းစားတွေရဲ့ ရှိုက်သံတွေကြားရလို့ ထင်ပါရဲ့။ လွှတ်တော်ထဲမှာ အရင်လူ ပြောသွားတာတွေဟာမဟုတ်ဘူး။ မိမိ တို့ရဲ့ ''ရပ်တည်ချက်''မဟုတ်ဘူးလို့ ပြောလာပြန်ပါတယ်။
ဌာနကြီးတစ်ခုထဲကပဲ ဟုတ်တယ်၊ မဟုတ်ဘူးဆိုတော့ သူဌေးတွေခမျာ ငိုရမလို၊ ရယ်ရမလိုဖြစ်ကြရပြန်တယ်။ တချို့လည်း ငို၍ရယ်၍မရသော မျက် နှာတွေ ဖြစ်ကုန်ကြတယ်။ ဘယ်ဟာ ယုံရမှန်း မသိတော့ဘူးပေါ့။ ဒါပေမဲ့ မကြာပါဘူး။ တာဝန်ရှိသူက လွှတ် တော်ကိုယ်စားလှယ်တစ်ဦး ငှားပြီး ဖြေဆေးထိုးပေးလိုက်လို့ သက်သာရာ ရသွားကြတယ်။
ဒါပေမဲ့ အဲဒီသူဌေးတွေရဲ့ ရောဂါ ဟာ ဘဏ်လုပ်ငန်းရှင်တွေဆီ ကူးစက် သွားပြန်တယ်။ ဒီရောဂါမျိုးဟာ ကူး စက်မြန်တယ်။ ဘဏ်လုပ်ငန်းဆိုတာ က အကြမ်းဖျင်း နားလည်သလိုပြောရ ရင် ပြည်သူတွေက ယုံကြည်လို့ ဘဏ် မှာငွေအပ်တယ်။ ဘဏ်မှာ ငွေအပ်တဲ့ အတွက် အပ်ငွေအပေါ်မှာ သတ်မှတ် ထားတဲ့ အတိုးပေးရတယ်။ အဲဒီအတိုး ကိုပေးနိုင်ဖို့အတွက် ထိုက်သင့်တဲ့ ပြည် သူ့အပ်ငွေအချို့ကို စီးပွားရေးလုပ်ငန်း ရှင်တွေကို အတိုးကြီးကြီးယူပြီး ပြန်ချေး ရတယ်။ လုပ်ငန်းလည်း လည်ပတ်နိုင် အောင်၊ ကိုယ့်အတွက်လည်း ကျန် အောင်ပေါ့။ ချေးငှားတဲ့အခါမှာ ငွေ ချေးသူထံက မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်း အချို့ကို ထိုက်သင့်တဲ့တန်ဖိုး တွက်ပြီး အပေါင်ခံထားရတယ်။ အထူး သဖြင့် အိမ်တို့မြေတို့ပေါ့။ တန်ဖိုးတွက် ရာမှာလည်း တကယ့်အမှန် တန်ဖိုး ထက်နှိမ်ချပြီး တွက်တယ်။ အတိုးက တော့ တစ်နှစ်တစ်ကြိမ် ဆပ်ရတယ်။ အရင်းကို ပြန်ဆပ်ဖို့ကတော့ ကာလ သတ်မှတ်ပေးထားတယ်။ ဒါဟာ လူ ပြိန်းတစ်ယောက်အနေနဲ့ ဘဏ်လုပ်ငန်း ကို နားလည်ထားတာပါ။
သတ်မှတ်ကာလအတွင်း ပြန်မဆပ် နိုင်ရင် အပေါင်ခံထားတဲ့ အိမ်တို့၊ မြေတို့ကို သိမ်းယူပြီး လေလံပစ်တယ်။ ကျသင့်ငွေ ယူပြီးပိုတာချေးသူကို ပြန် ပေးတယ်။ မြေဈေး၊ အိမ်ဈေးတွေ ကောင်းပြီး အရောင်းအဝယ်ဖြစ်နေတဲ့ အချိန်မျိုးမှာတော့ အဆင်ပြေတယ်။ ပြဿနာမရှိကြဘူး။ သို့သော် အခုလို မြေဈေး၊အိမ်ဈေးတွေ အရောင်းအဝယ် မဖြစ်တဲ့အခါမျိုးမှာတော့ ဘဏ်က ပစ္စည်းသိမ်းယူတဲ့အခါပြန်ရောင်းမထွက် တဲ့အတွက် ဘဏ်တွေမှာ ဒီရောင်း မထွက်တဲ့ပစ္စည်းဟာ ပိုက်ဘောကြီးလို ဖြစ်နေတယ်။ အရင်းလည်းမရ၊ အတိုး လည်းမရနဲ့ဆိုရင် ပြည်သူတွေရဲ့အပ်ငွေ တွေရဲ့အပေါ်မှာ အတိုးပေးဖို့ အခက် အခဲ ရှိလာမယ်။ ဒီသတင်းတွေ ကြား ရင် ပြည်သူတွေကလည်း သူတို့အပ် ထားတဲ့ငွေတွေ ပြန်ထုတ်ကြမယ်။ ဘဏ်အနေနဲ့ ပြည်သူ့အပ်ငွေတွေကိုပြန် မပေးနိုင်ဘူးဆိုရင်တော့ ဒေဝါလီခံပြီး ထွက်ပြေးဖို့ပဲ ရှိတော့တယ်။ ဘဏ်တွေ ပြိုလဲသွားရင် တိုင်းပြည်ရဲ့ စီးပွားရေး ဟာလည်း ပြိုလဲသွားမယ်။ ဒါကြောင့် ဘဏ်လုပ်ငန်းရှင်တွေ စိုးရိမ်လာကြရ ပြန်တယ်။
ယခုအခါမှာတော့ ဘဏ်လုပ်ငန်း ရှင်တွေ စိတ်မပူဖို့၊ မစိုးရိမ်ဖို့၊ မိုရီယာ မင်းအား ဆေးထိုးပေးလိုက်ပြန်ပါ တယ်။ ဒီလ ၉ ရက်နေ့ကထုတ်တဲ့ စံတော်ချိန်သတင်းစာရဲ့ နောက်ကျော မျက်နှာဖုံးမှာ ''ဘဏ်များတွင် ထရီ လီယံနှင့်ချီတဲ့ ငွေကြေးများရှိသည့် အတွက် ပြည်သူများ စိုးရိမ်ရန်မလို ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌပြော'' ဆိုတဲ့ သတင်းကို တွေ့လိုက်ရတယ်။
ဝမ်းသာမိတယ်။ ဒါပေမဲ့
''ဟုတ်ပါ့မလားမောင်ကာဠုရယ်'' ''ဒီထက်တောင်ပိုသေး''ဆိုပဲ။