images
UN
UN
ဘကကျောင်းများနဲ့ ဓမ္မစကူးလ်ကျောင်းများရဲ့ ရှေ့ရေး
သူရအေး Sunday, 22 September 2019
ဘုန်းတော်ကြီးသင်ပညာရေးကျောင်း များကို အတိုကောက် ဘကကျောင်းများ လို့ခေါ်ရင်ရပါတယ်။ နိုင်ငံအနှံ့ တောကြို အုံကြားအထိ ပညာရေးအပိုင်းမှာ အစိုးရ က ထိထိရောက်ရောက် တာဝန်မယူနိုင်လို့ ဘုန်းတော်ကြီးများနဲ့ တပည့် ဒါယကာ၊ ဒါယိကာမများက တစ်ဖက်တစ်လမ်းက တာဝန်ယူပြီး ဆင်းရဲတဲ့ ကလေးတွေကို ပညာသင်ကြားပေးနေတဲ့ ကျောင်းတွေ ဖြစ်ပါတယ်။ ဝေးလံခေါင်သီတဲ့ ကျေး လက် တောရွာတွေကို ဆင်းကြည့်ရင် နိုင်ငံတော်က ဖွင့်ထားတဲ့ အခမဲ့ အစိုးရ ကျောင်းတွေကိုတောင် မတက်နိုင်တဲ့ လက်လုပ်လက်စား၊ သူရင်းငှား၊ ဆင်းရဲ သားတွေရဲ့ သားသမီးတွေ များစွာရှိနေ သေးတာကို တွေ့ရမှာပါ။ အစိုးရကျောင်း မှာ ကျောင်းဝင်ကြေးတို့၊ စာအုပ်ဖိုးတို့ အခမဲ့နဲ့ ဝတ်စုံ တစ်စုံ အခမဲ့ပေးတယ် ဆိုတာတောင်မှ လူနဲ့သူနဲ့ တူအောင် အဝတ်အစား မဆင်နိုင်လို့၊ ထမင်း ဝဝ လင်လင် အချိန်မီ မကျွေးနိုင်လို့ ကျောင်း မထားကြရတဲ့ ကလေးတွေများစွာရှိပါ တယ်။ အရွယ်မရောက်ခင် မိစုံ ဖစုံမရှိ၊ ငါးရှာဖားရှာ၊ ကျွဲကျောင်း နွားကျောင်းနဲ့ ဝမ်းကျောင်းနေရသူတွေ၊ မိဘမဲ့ ခိုကိုး ရာမဲ့ ကလေးတွေလည်း အများကြီး ရှိနေ ပါသေးတယ်။ ကိန်းဂဏန်းအရ အတိ အကျပြောရရင် မြန်မာနိုင်ငံမှာ မူလတန်း နဲ့အလယ်တန်းအရွယ်ကလေးများရဲ့ ၁၂ ရာခိုင်နှုန်းဟာ ကျောင်းပြင်ပကိုရောက်နေ ပြီး ရခိုင်ပြည်နယ်မှာ ရာခိုင်နှုန်း ၃ဝ ကျော်နဲ့အမြင့်ဆုံးဖြစ်နေတာကို သုတေသ နပြုမှုများအရ သိရပါတယ်။ သူတို့ ကလေးတွေဟာ ဘယ်လိုမှ အစိုးရကျောင်း ကို မတက်နိုင်တဲ့အတွက် ဘကကျောင်း တွေကသာ ခေါ်ယူသင်ကြားပေးခြင်း မပြုခဲ့ရင် သူတို့ဘဝဟာ စာမတတ်၊ ပေ မတတ်၊ အသိအလိမ္မာမရှိတဲ့အဆင့်ကနေ ခိုးဆိုးတိုက်ခိုက်ပြီး နိုင်ငံတော်အတွက် ဆူးငြောင့်ခလုတ်တွေတောင်ဖြစ်လာနိုင် ပါတယ်။ ဒါ့ကြောင့်ဒေသအသီးသီးမှာ ရှိတဲ့ ဘုန်းတော်ကြီးတွေကသူတို့လေး တွေကို ဘုန်းကြီးကျောင်းကိုခေါ်ပြီး စာ သင်ပေးသလို ထမင်းပါကျွေးရင်း ပညာ ရေးနဲ့စားဝတ်နေရေးကို တစ်ပါတည်း ဖြည့်ဆည်းပေးနေကြတာဖြစ်ပါတယ်။
ဘကကျောင်းများမှာ စာမတတ်သူ ပပျောက်ရေး၊ လူငယ်များစာရိတ္တမဏ္ဍိုင် မြင့်မားပြီး ကိုယ်ကျင့်တရားကောင်းမွန် ရေး၊ ယဉ်ကျေးလိမ္မာပြီး၊ အမျိုးဘာသာ သာသနာကိုချစ်မြတ်နိုးတဲ့ လူတော်လူ ကောင်းလေးတွေဖြစ်ရေးတို့ကို ရည်ရွယ် ချက်ထားပြီး သင်ကြားပေးနေတာတွေ့ရ ပါတယ်။ အစိုးရကျောင်းများမှာ သင် ကြားပေးတဲ့ ခေတ်သစ်သင်ရိုးညွှန်းတမ်း များသာမက အခြေခံဗုဒ္ဓဘာသာယဉ် ကျေးမှုပညာရပ်များ၊ သုံးဆယ့်ရှစ်ဖြာ မင်္ဂလာသင်ခန်းစာများ၊ စောင့်ရှောက် ထိန်းသိမ်းရမယ့် လူ့ကျင့်ဝတ်များ၊ လောက နီတိများစသည်ဖြင့် ဗုဒ္ဓအဆုံးအမများ ထဲက ကောင်းနိုးရာရာများကို ထပ် ဆောင်းသင်ကြားပေးတဲ့အတွက် လိမ္မာ ယဉ်ကျေးတဲ့ ကလေးတွေပေါ်ထွက်လာ စေနိုင်ပါတယ်။
ကျောင်းအုပ်ဆရာတော် ကြီးများအနေနဲ့လည်း ကျောင်းသား ကျောင်းသူတွေကို နေ့စဉ်ကျွေးမွေးဖို့ ကိစ္စ၊ စာသင်ဆောင်၊ အိမ်သာ၊ စာသင်ခုံ၊ ကျောက်သင်ပုန်းက အစ ဆရာ ဆရာမ တွေကို ထောက်ပံ့ဖို့ ကိစ္စတွေအထိ နေ့စဉ်၊ လစဉ် အခက်အခဲ အမျိုးမျိုးကို ဖြေရှင်းနေကြရတာပါ။ အဓိကကတော့ အလှူရှင်၊ စေတနာရှင် များရဲ့ လှူဒါန်းထောက်ပံ့မှုနဲ့ ရုန်းကန် နေကြရတာပါ။ အလားတူ စေတနာ သဒ္ဓါတရားထက်သန်တဲ့ သီလရှင်ကြီး များကလည်း သီလရှင်စာသင်ကျောင်း များဖွင့်ပြီး မိမိအစီအစဉ်နဲ့ မိမိနိုင်ငံတော် ရဲ့ ပညာရေးလိုအပ်ချက်တွေကို တစ် ထောင့်တစ်နေရာက ဖြည့်ဆည်းပေးနေ ကြတာလည်း ရှိပါတယ်။ တကယ့်ကို သာဓုခေါ်ဖွယ်၊ ချီးကျူးဖွယ် လုပ်ရပ် တွေပဲ ဖြစ်ပါတယ်။
ဒီလိုဘုန်းတော်ကြီးကျောင်းတွေမှာ ကလေးတွေကို စာပေသင်ကြားပေးရင်း ဗုဒ္ဓအဆုံးအမအတိုင်း လိမ္မာရေးခြားရှိလာ အောင်ပြုစုပေးတဲ့အလေ့အကျင့်ဟာ ယခု မှပေါ်လာတာမဟုတ်ပါဘူး။ မြန်မာနိုင်ငံ မှာ ဗုဒ္ဓဘာသာစတင်ထွန်းကားခဲ့တဲ့ လွန် ခဲ့တဲ့နှစ်ပေါင်း ၉ဝဝ ကျော်ခန့် ပုဂံခေတ် ကတည်းက ပေါ်ပေါက်လာတာလို့ပြော နိုင်ပါတယ်။ အဲဒီအချိန်ကတည်းက မြန်မာမိဘများဟာ မိမိတို့ရဲ့သားသမီး များကို ငယ်ရွယ်စဉ်မှစပြီး ရေးတတ် ဖတ်တတ်ဖို့အပြင် ယဉ်ကျေးလိမ္မာလာ အောင် ရွာတိုင်းလိုလိုမှာရှိတဲ့ဘုန်းတော် ကြီးကျောင်းတွေကို ပို့လွှတ်သင်ကြားစေ ခဲ့တာပါ။ အဲဒီအချိန်က အုပ်စိုးခဲ့တဲ့ရှင် ဘုရင်တွေတောင် သူတို့ရဲ့သားတော်သမီး တော်တွေကို ဘုန်းတော်ကြီးကျောင်းများ သို့ ပို့လွှတ်သင်ကြားစေခဲ့တာတွေ့ရပါ တယ်။ ဒါကြောင့်လည်း ဘုန်းတော်ကြီး သင်ပညာရေးစနစ်ဟာ ဗုဒ္ဓဘာသာထွန်း ကားလာတာနဲ့အမျှခေတ်အဆက်ဆက် မှာနိုင်ငံသားများရဲ့ ပညာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု စတဲ့ ကဏ္ဍအသီးသီးကို အကျိုးပြုနိုင်ခဲ့တာဖြစ်ပါတယ်။ ခရစ် သက္ကရာဇ် ၁၈၆၈ ခုနှစ်အထိ မြန်မာ နိုင်ငံမှာ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများသာရှိပြီး အစိုးရ စာသင် ကျောင်းဆိုတာ တစ်ကျောင်းတလေမျှ မရှိသေးကြောင်းသမိုင်းမှာ လေ့လာသိရှိ ရပါတယ်။ မြန်မာနိုင်ငံအောက်ပိုင်းကို အင်္ဂလိပ်တို့ သိမ်းယူပြီးနောက်မှ အစိုးရ စာသင်ကျောင်းများ စတင်ပေါ်ပေါက်လာ ပြီး ၁၈၇၃ ခုနှစ်မှာ အစိုးရစာသင် ကျောင်းပေါင်း ၁၁၂ ကျောင်းအထိ တိုးပွားလာခဲ့တာ ဖြစ်ပါတယ်။ မြန်မာ နိုင်ငံတစ်ခုလုံးကို အင်္ဂလိပ်တို့ သိမ်းပိုက် ပြီးနောက် ၁၈၉၂ ခုနှစ်မှာ ဘုန်းတော်ကြီး သင်ပညာရေးကျောင်းပေါင်း ၄၆၁၉ ကျောင်းအထိ တိုးပွားလာပြီး တဖြည်း ဖြည်းယုတ်လျော့လာခဲ့ရာက ၁၉၃၂ ခုနှစ်မှာတော့ ၉၂၉ ကျောင်းသာ ကျန် တော့ကြောင်း လေ့လာသိရှိရပါတယ်။ လွတ်လပ်ရေးရပြီးနောက် ၁၉၅၂ ခုနှစ်မှ ၁၉၅၈ ခုနှစ်အတွင်း မှတ်ပုံတင် ဘက ကျောင်းပေါင်း ၅၅၄၅ ကျောင်းအထိ ပြန်လည်တိုးတက်လာခဲ့ပါတယ်။
၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီအစိုးရ လက် ထက်မှာ ပုဂ္ဂလိကကျောင်းတွေကို ဖျက် သိမ်းပြီး ဘကကျောင်းများကိုတော့ သာသနာရေးဝန်ကြီးဌာနအောက်မှာ ဘကဌာနစိတ်ဆိုတာထားရှိပြီး စီမံဆောင် ရွက်ခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်မှာ ဘက ဌာနစိတ်ကို ဖျက်သိမ်းခဲ့ပြီး ၁၉၉၃ ခုနှစ် ရောက်မှ ဘုန်းတော်ကြီးသင်ကျောင်းများ ကို မူလတန်းအဆင့်နဲ့အလယ်တန်းအဆင့် ကိုသာသတ်မှတ်ပြီး ပြန်လည်ဖွင့်လှစ် ပေးခဲ့ပါတယ်။
ယခုအခါ မြန်မာနိုင်ငံမှာ ဘက ကျောင်းအရေအတွက် ၁၆ဝဝ နီးပါး ရှိနေပြီး ကျောင်းသားကျောင်းသူပေါင်း သုံးသိန်းကျော် တက်ရောက်နေကြတာ ဖြစ်ပါတယ်။ နိုင်ငံတော်ကလည်း ဦးသိန်းစိန် အစိုးရလက်ထက်မှစပြီး မှတ်ပုံတင်ပြီး ဘကကျောင်းများမှ ဆရာ၊ ဆရာမများကိုလစဉ်ထောက်ပံ့ငွေအဖြစ် မူလတန်းပြတစ်ဦးကို ကျပ် ၃၆ဝဝဝ၊ အလယ်တန်းပြတစ်ဦးကို ကျပ် ၄၁ဝဝဝ၊ အထက်တန်းပြတစ်ဦးကို ကျပ် ၅ဝဝဝဝ ထောက်ပံ့ခဲ့ရာ အလွန်နည်းပါးတာကို တွေ့ရပါတယ်။ ယခုအခါ မြန်မာတစ် နိုင်ငံလုံးတွင် ဘကကျောင်းအရေအတွက် ၁၆ဝဝနီးပါးရှိပြီး တက်ရောက်သင်ကြား နေသူကလေးပေါင်း သုံးသိန်းကျော်ရှိကာ တွဲဖက်ကျောင်းများပါ ပါလျှင် ငါးသိန်း ခန့်ရှိကြောင်း သိရပါတယ်။ ယခုအခါ ဘကအထက်တန်းကျောင်းတောင် နှစ် ကျောင်းဖွင့်လှစ်ထားပြီး ဖြစ်နေပါပြီ။ ဘကကျောင်းတွေဟာ သမိုင်းအစဉ် အဆက် ပညာရေးတာဝန်ကိုကျေပွန်ခဲ့တဲ့ ကျောင်းတွေဖြစ်ပါတယ်။ ဘကကျောင်း တွေပေါ်ပေါက်လာတာဟာလည်း ပေါ် ချင်လို့ပေါ်လာတာမဟုတ်ဘဲ အခြေအနေ လိုအပ်ချက်အရ၊ နိုင်ငံရဲ့တောင်းဆိုချက် အရပေါ်လာခဲ့တာဖြစ်လို့ ဘကကျောင်း များ ဆက်လက်ရှင်သန်နေဖို့လိုပါတယ်။ ဘကကျောင်းများဆက်ရှိနေဖို့မလိုတော့ ဘူးလို့ တချို့က ပြောနေကြခြင်းဟာ သမိုင်းကြောင်းနှင့် အခြေအနေမှန်ကို မသိဘဲ ရမ်းသန်းပြောနေကြတာဖြစ်လို့ ယုံကြည်ရန်မသင့်ကြောင်း တင်ပြလိုပါ တယ်။
မြန်မာနိုင်ငံမှာ ဘကကျောင်းများနဲ့ အတူနောက်ပိုင်းမှာပေါ်လာတဲ့ဓမ္မစကူးလ် ဆိုတာရှိပါသေးတယ်။ ဓမ္မစကူးလ်ဖောင် ဒေးရှင်း(ဗဟို)ကို ဗုဒ္ဓသာသနာတော်နှင့် နိုင်ငံတော်အတွက် သားကောင်းရတနာ နှင့်သမီးကောင်းရတနာများ ပေါ်ထွန်း လာပြီး ငြိမ်းချမ်းသာယာတဲ့ လူ့အဖွဲ့ အစည်းတစ်ရပ်ဖြစ်ပေါ်လာစေဖို့ ရည် ရွယ်ကာ ၂ဝ၁၂ ခုနှစ် မတ်လ ၁၄ရက် မှာစတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။