images
UN
UN
မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းမှုများနှင့် အရပ်ဘက်အဖွဲ့အစည်းများ ကြုံတွေ့နေသောစိန်ခေါ်မှုများ
ပြည့်ဖြိုးနိုင် Monday, 07 October 2019
(ယမန်နေ့မှအဆက်)
၂ဝ၁၁ ခုနှစ်တွင် စတင်ခဲ့သည့် နိုင်ငံ တော်သမ္မတဦးသိန်းစိန်ခေါင်းဆောင်သော အစိုးရအဖွဲ့၏ ဒီမိုကရေစီအသွင်ကူးပြောင်း မှုများသည် နိုင်ငံတကာအသိုင်းအဝိုင်း အား အံ့အားသင့်မှုများစွာ ဖြစ်စေခဲ့သော် လည်း ထိုကဲ့သို့ ဖော်ဆောင်ရန်အတွက် ၂ဝဝ၃ ခုနှစ်ကတည်းက လမ်းပြမြေပုံ ခုနစ်ရပ်ဖြင့် စနစ်တကျဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု တွေ့ရမည်ဖြစ်သည်။ အမျိုး သားညီလာခံကျင်းပပြီးနောက် ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲခဲ့ကာ ၂ဝဝ၈ ခုနှစ် တွင် ရေးဆွဲထားသော ဖွဲ့စည်းပုံအခြေခံ ဥပဒေအား လူထုဆန္ဒခံယူပွဲကျင်းပကာ အတည်ပြုခဲ့သည်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ကျင်းပသော ရွေး ကောက်ပွဲကို ၂ဝ၁ဝ ပြည့်နှစ်တွင် ပြု လုပ်ခဲ့ကာ နိုင်ငံတော်သမ္မတဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရအဖွဲ့ပေါ်ထွက် လာခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှု များအကြောင်း လေ့လာထားသူများသည် မတူညီသည့်ခေါင်းဆောင်များကိုပါ ထည့် သွင်းလေ့လာခဲ့ကြသည်။ အများစုသည် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ထွက်လာခဲ့ ပြီးနောက် ဒီမိုကရေစီအသွင်ကူးပြောင်းမှု များ ဖော်ဆောင်ခဲ့ခြင်းသည် တပ်မတော် အစိုးရလက်ထက်တွင် ထိပ်ပိုင်းခေါင်း ဆောင်များအဖြစ် တာဝန်ယူခဲ့သူများအနေ ဖြင့် ၄င်းတို့အတွက် လုံခြုံမှုရှိသောအခြေ အနေတစ်ရပ် ဖန်တီးပြီးနောက် နိုင်ငံရေး ကဏ္ဍတွင် ဖြေလျှော့မှုများကို တစ်ဆင့် ချင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်ဆိုသော ရှု ထောင့်မှသာ အများဆုံးသုံးသပ်ခဲ့ကြ သည်။ တပ်မတော်အစိုးရလက်ထက်တွင် တာဝန်ယူခဲ့သော ထိပ်ပိုင်းခေါင်းဆောင် များအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း အလယ်တွင် အထီးကျန်နိုင်ငံအဖြစ်သို့ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ရောက်ရှိနေခြင်းကို အဆုံးသတ်ရန်နှင့် နိုင်ငံအနည်းငယ်အပေါ်တွင်သာ မှီခိုနေ ရမှုများကို အဆုံးသတ်ရန်ဆိုသော ရည် မှန်းချက်များကြောင့် ဒီမိုကရေစီအသွင် ကူးပြောင်းမှုများကို လျင်လျင်မြန်မြန် ဖော်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည် ဆိုသော သုံးသပ်မှုများလည်း ရှိခဲ့သည်။ အရေးကြီးသည့်အချက်တစ်ခုမှာ ၂ဝ၁၁ ခုနှစ်တွင် စတင်ခဲ့သော မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုများသည် လမ်းများပေါ်တွင် ဆန္ဒပြခြင်းကဲ့သို့ ပြည် တွင်း၌ ပေါ်ထွက်လာသော ဖိအားများ ကြောင့် ပေါ်ပေါက်လာခဲ့ခြင်းမဟုတ်ရုံ သာမက လက်နက်ကိုင်အဖွဲ့များ၏ ခြိမ်း ခြောက်မှုများကြောင့် ပေါ်ထွက်လာခဲ့ခြင်း လည်းမဟုတ်သော ထူးခြားမှုဖြစ်သည်။ ထို့အပြင် အနောက်နိုင်ငံများက အရေးယူ ပိတ်ဆို့မှုများ ချမှတ်ခြင်းကဲ့သို့ နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဖိအားများကြောင့် ပေါ်ထွက်လာခြင်းလည်း မဟုတ်ခဲ့ဘဲ တပ်မတော်အစိုးရကိုယ်တိုင်က ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများ ဖော်ဆောင်ရန် ဆုံးဖြတ်ခဲ့ခြင်းများကြောင့်သာ ပေါ်ထွက် လာခဲ့ခြင်းဖြစ်သည်ဟု တွေ့ရမည်ဖြစ် သည်။
တပ်မတော်ခေါင်းဆောင်များအနေ ဖြင့် ဒီမိုကရေစီစနစ်ကျင့်သုံးသော နိုင်ငံ အဖြစ်သို့ ပြောင်းလဲပြီးနောက် နိုင်ငံအား ဖွံ့ဖြိုးတိုးတက်မှုများ ဖန်တီးနိုင်ရန် ရည် ရွယ်ခဲ့ခြင်းဖြစ်ဖွယ်ရှိသည်။
တပ်မတော် ခေါင်းဆောင်များအနေဖြင့် အာဏာလွှဲ ပြောင်းပေးကာ ဒီမိုကရေစီအသွင်ကူး ပြောင်းမှုများ ဖော်ဆောင်ရန် မည်သည့် အကြောင်းကြောင့် ဆုံးဖြတ်ခဲ့သနည်း၊ မည်သို့ဆောင်ရွက်ခဲ့သနည်းဆိုသည်များ ကို နားလည်ရန်အတွက် နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာအသွင်ကူးပြောင်းမှုများ၊ ၁၉၈ဝ ပြည့်နှစ်နောက်ပိုင်းတွင် မြင်တွေ့ ခဲ့ရသော မြန်မာနိုင်ငံ၏ အရေးကြီးသည့် အပြောင်းအလဲများကို နားလည်အောင် ကြိုးပမ်းရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းမှု များ ဖော်ဆောင်ခဲ့ခြင်းကြောင့် မြန်မာ နိုင်ငံအရှေ့ဘက်ရှိ အိမ်နီးချင်းနိုင်ငံများ အနေဖြင့် အကျိုးရလဒ်ကောင်းများရရှိ ခဲ့သည်ဟု သတ်မှတ်ရမည်ဖြစ်သည်။ အထူးသဖြင့် တရုတ်နှင့် ထိုင်းကဲ့သို့ နိုင်ငံများသည် ၄င်းတို့နိုင်ငံအတွင်းရှိ ကုန်းတွင်းပိတ်ဒေသများ ပင်လယ်ထွက် ပေါက်ရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဖော် ဆောင်ရေးဆိုသော ရည်မှန်းချက်များ အတွက် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများ ပေါ်ထွက်လာခဲ့ ခြင်းက အခွင့်အလမ်းသစ်များ ရရှိစေခဲ့ သည်ဟု သတ်မှတ်ရဖွယ်ရှိသည်။ အလုပ် လုပ်နိုင်သည့်အသက်အရွယ်ရှိသော လူ ဦးရေအများစုရှိနေသည့်အပြင် တူးဖော် အသုံးချရခြင်းမရှိသေးသည့် သဘာဝ သယံဇာတများစွာ ပိုင်ဆိုင်ထားသော မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင်ကူး ပြောင်းမှုများ ဖော်ဆောင်ခဲ့ပြီးနောက် နိုင်ငံ တကာအသိုင်းအဝိုင်းဘက်မှ ပြန်လည် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်လာခဲ့၍ အာရှဒေသ၏ နောက်ဆုံးထွန်းသစ်စနိုင်ငံ အဖြစ် သတ်မှတ်ခံရသည့်အနေအထားသို့ ရောက်ရှိလာခဲ့သည်။ သို့သော် သဘာဝ သယံဇာတများကို တရားမဝင်နည်းလမ်း များဖြင့် တူးဖော်အသုံးချမှုများ၊ လက် နက်ကိုင်အဖွဲ့များက မှောင်ခိုစီးပွားရေး လုပ်ငန်းများ လုပ်ဆောင်ခြင်းစသည်များ ကိုမူ ကိုင်တွယ်ထိန်းချုပ်နိုင်ရန် ကြိုးပမ်း ရဦးမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒီမို ကရေစီအသွင်ကူးပြောင်းမှုများ စတင် ဖော်ဆောင်ခဲ့ပြီးနောက် စီးပွားရေးကဏ္ဍ တွင်လည်း ဖြေလျှော့မှုများစွာ ပြုလုပ်ခဲ့ သည့်အပြင် ပြည်ပကုန်သွယ်မှုကဏ္ဍတွင် ဖွံ့ဖြိုးတိုးတက်မှုများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်သော မူဝါဒများကို ချမှတ်ကျင့် သုံးခဲ့သည်။ သို့သော် အုပ်ချုပ်ရေးအာဏာ သက်ရောက်မှုနည်းပါးသည့်နယ်စပ်ဒေသ များတွင် တရားမဝင်ကုန်သွယ်မှုလုပ်ငန်း များ ဆက်လက်ပြုလုပ်လျက်ရှိသော ကြောင့် တရားဝင်ကုန်သွယ်မှုကဏ္ဍအပေါ် ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။
(Ref; Myanmar’s Top-Down Transition: Challenges for Civil Society By David Brenner and Sarah Schulman)
(ဆက်လက်ဖော်ပြပါမည်)