images
UN
UN
ပွင့်သောပန်းတိုင်းလန်းပြီး လန်းသောပန်းတိုင်းမွှေးပါစေ
စိုးထက်ကျော် Friday, 01 November 2019
လူငယ်လူရွယ်များသည် ဗီဇအား ဖြင့်ကား မဆိုးကြပါ။ သူတို့အရွယ်ကို ချင့်လျှင် ဖက်ရွက်နှယ်နှယ်ပင်တည်း။ ဖက်ရွက်တို့မည်သည် ပဲပုပ်ကိုထုပ်လျှင် ပဲပုပ်စော်နံလေသည်။ ပန်းကိုဖက်ထဲ ထည့်၍ထုပ်လျှင် ပန်းရနံ့မွှေးလေသည်။ ဤအရွယ်သည် ဖက်ရွက်သဖွယ်ကူးစက် လွယ်သောအရွယ်။ဤအရွယ်များကို ပန်း နှယ်ပမာပြု၍ ပွင့်သောပန်းတိုင်းလန်းပြီး လန်းသောပန်းတိုင်းမွှေးစေချင်သည်။
ဤတွင်သာမက ပန်းလိုလှ၍ စမ်း လိုမြစေချင်သည်။ ပန်းလိုကြူ၍ စံပယ် လိုဖြူစေချင်သည်။ ပန်းလိုမွှေး၍ စမ်းလို အေးစေချင်သည်။ ပန်းကလေးများကို မပွင့်ခင်နွမ်းပြီး မကြွေစမ်းစေချင်ပါ။ ပွင့် ချိန်တန်၍ ပွင့်နေချိန်တွင် အချိုးခံ၊ အနင်း ချေခံဘဝမျိုးကိုလည်း မရောက်စေလိုပါ။ ရေမြင့်၍ ရွှေကြာပွင့်တင့်သလို တင့် တယ်စွာ လှပစေချင်ပါသည်။
ဤသည်မှာ ဘဝဥယျာဉ်မှူးများဖြစ် ကြသည့် မိဘ၊ဆရာသမားများနှင့်အုပ် ထိန်းသူများ၏ အရင်းခံစေတနာပင်ဖြစ် သည်။ စိတ်ဓာတ်နှင့်အကျင့်စာရိတ္တမြင့် မားရေး(Moral Education) အတွက် အခြေခံတစ်ရပ်မှာပညာရေးပင်ဖြစ်သည်။ အနာဂတ်နိုင်ငံတော်ကို တာဝန်ယူကြရ မည့်သူများမှာ လူငယ်လူရွယ်များသာ ဖြစ်ရာ ထိုလူငယ်လူရွယ်များအား စိတ် ဓာတ်ကောင်းမွန်သူ လူတော်များ၊ အကျင့် စာရိတ္တမြင့်မားသူလူကောင်းများဖြစ်လာ စေရန် ပျိုးထောင်ဖို့လိုအပ်သည်။
လူငယ်လူရွယ်များ၏ ကိုယ်ရည် ကိုယ်သွေးကို ပထမဦးဆုံးလွှမ်းမိုးပြုစုပျိုး ထောင်သူများမှာ မိသားစုပင်ဖြစ်သည်။ ''လက်ဦးဆရာမည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖ''ဖြစ်သည်ကို အားလုံး လက်ခံ ထားကြသည်။ လူငယ်လူရွယ်များသည် မိသားစုရင်ခွင်ထဲက ထွက်လာပြီးမှ မူ ကြိုကျောင်း၊ ထိုမှတစ်ဆင့် အတန်း ကျောင်းများသို့ တက်ရောက်သောအခါ တွင် ဖတ်စာ၊ တွက်စာများ သင်ကြား ပေးကြသော ဆရာ၊ ဆရာမများက ကျောင်းသားကျောင်းသူများကို ပြုပြင် ပုံသွင်းသည်။ အမျိုးသားအကျင့်စာရိတ္တ အစမှာ စာသင်ခန်းပင်ဖြစ်သည်။ စာသင် ခန်းများကပင် အစဉ်အလာကောင်းများ ပျိုးထောင်ပေးနိုင်သည်။ ကျောင်းဖတ် စာများတွင် စိတ်ဓာတ်ဖွံ့ဖြိုးရန်နှင့်အကျင့် စာရိတ္တမြင့်မားရေးအသွင်ပါ ပါဝင် သည်။ လူငယ်လူရွယ်များအတွက် အသိ ပညာဖွံ့ဖြိုးရေး၊ စာရိတ္တပညာနှင့်သက် ဆိုင်သည့်ကလေးစာစောင်၊စာအုပ်စာတမ်း များနှင့်ရုပ်မြင်သံကြား၊ ဗီဒီယိုအစီအစဉ် များဖြင့်လည်း ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုး စေရန် ဖန်တီးပေးရသည်။
မြန်မာတို့သည် ပုဂံခေတ်ကိုမဆိုထား ဘိ။ ပျူခေတ်(သရေခေတ္တရာခေတ်)ကာ လကပင်ဘုန်းကြီးကျောင်းပညာရေးနှင့် ရင်းနှီးခဲ့သူများဖြစ်ပေရာ ဒုတိယကမ္ဘာ စစ်ကြီးမဖြစ်မီကာလအထိဖြစ်သည်။ ထို့ နောက် အတန်းကျောင်းများ ပေါ်ပေါက် လာခဲ့ရာ အမျိုးသားပညာရေးကဏ္ဍတွင် ဘုန်းကြီးကျောင်းပညာရေးသည် မှေးမှိန် သွားခဲ့သည်။
ပထမမြန်မာနိုင်ငံတော်ကို ဦးဆောင် တည်ထောင်ခဲ့သူအနော်ရထာမင်းကြီး သည်လည်းကောင်း၊ ဒုတိယမြန်မာနိုင်ငံ တော်ကို ဦးဆောင်တည်ထောင်ခဲ့သူ ဘုရင့်နောင်မင်းတရားကြီးသည်လည်း ကောင်း၊ တတိယမြန်မာနိုင်ငံတော်ကို ဦးဆောင်တည်ထောင်ခဲ့သူအလောင်းဘုရား သည်လည်းကောင်း မည်သည့်အတန်း ကျောင်း၊ မည်သည့်တက္ကသိုလ်ကမှ ထွက်လာခဲ့သူများ မဟုတ်ကြပါ။ မြန်မာ့ ပဒေသရာဇ်ခေတ်၏ နိုင်ငံ့အကြီးအကဲ များသည် ဘုန်းတော်ကြီးကျောင်းပညာ ရေး၏ အရိပ်အာဝါသအောက်မှ ထွက် လာကြပြီး မြန်မာနိုင်ငံတော်ကြီးကို တည် ငြိမ်အေးချမ်းပြီး ထည်ဝါခံ့ညားလေးစား အောင် စွမ်းဆောင်နိုင်ခဲ့ကြသူများပင်ဖြစ် သည်။



ယနေ့မျက်မှောက်ခေတ်ရှိ မိဘအ တော်များများသည် မိမိတို့ကိုယ်တိုင် လက်ဦးဆရာဖြစ်နေသည်ကို မေ့လျော့ ထားကာ မိမိတို့၏ကလေးများ စကား ကိုပီသစွာ မပြောနိုင်မီကပင် မူကြို ကျောင်းသို့ ပို့နေကြသည်။ ခေတ်ကာလ အခြေအနေအရ မူကြိုကျောင်းသို့ မလွှဲ သာ၍ ပို့လွှတ်ထားကြရမည်ဖြစ်သော် လည်း ကလေးသူငယ်များ၏ ကိုယ်ရည် ကိုယ်သွေးကို ပထမဆုံး လွှမ်းမိုးပြုစုပျိုး ထောင်သူများမှာ မိသားစုပင်ဖြစ်ကြောင်း အထူးသတိပြုကြရမည်ဖြစ်သည်။ ထိုမှ တစ်ဆင့် ဆယ်ကျော်သက်အရွယ်(သို့ မဟုတ်) အပျိုဖော်ဝင်ချိန်သည် လူငယ် နှင့် လူကြီးဟူသော ဖြစ်စဉ်နှစ်ခုအကြား တွင် ရောက်ရှိနေချိန်ဖြစ်ရာ လေ့လာရန် အခက်ဆုံး၊ ပြုပြင်ရန် သတိအထားရဆုံး အချိန်ပင်ဖြစ်သည်။ ညွှတ်လွယ်တိမ်း လွယ်၊ ယိမ်းလွယ်၊ ယိုင်လွယ်အရွယ်ပင် ဖြစ်သည်။ တစ်နည်းဆိုရလျှင် အရိုင်း သို့မဟုတ် လှိုင်းပေါ်ကလှေ၏ ပမာလူး လွန့်သည့်အရွယ်ဟု ဆိုနိုင်ပါသည်။ ထိုသို့ အထိန်းမတတ်သည့် စိမ်းဆတ် ဆတ်အရွယ်ဖြစ်နေ၍ ဆွတ်သည့်နောက် သို့ ညွတ်သွားတတ်သလို ဆွဲသည့် နောက်သို့ စွဲသွားတတ်သည့် အရွယ်ပင် ဖြစ်သည်။
ပညာရေးသဘောတရားအရဆိုပါလျှင် ထိုပျိုမျစ်နုနယ် ဆယ်ကျော်သက်အရွယ် သည် မိမိကိုယ် မိမိစိစစ်ဝေဖန်သုံးသပ် နိုင်စွမ်းနှင့် မှန်ကန်တိကျစွာဆုံးဖြတ်နိုင် စွမ်းမရှိသေးသည့် အရွယ်ပင်ဖြစ်ပါသည်။ ထိုအရွယ်လူငယ်များသည် မိမိနှင့် သက်တူရွယ်တူများကို ခင်တွယ်ခြင်း၊ အထင်ကြီးခြင်း၊ အတုမြင် အတတ်သင် ခြင်းများ အမြင့်မားဆုံးအချိန်ဖြစ်ပါသည်။ ထို့ကြောင့် ၄င်းတို့အား ကျောင်းပြင်ဝန်း ကျင်အဖွဲ့အစည်း (သာဓကအားဖြင့် ကင်းထောက်အဖွဲ့အစည်းမျိုး)ဖြင့် စည်း ရုံးလေ့ကျင့်ပျိုးထောင်ပေးသွားရမည်ဖြစ် ပါသည်။
ဆယ်ကျော်သက်အရွယ် လူငယ် မောင်မယ်များသည် အခြားသူတစ်ဦးကို အတုခိုးခြင်း၊ မိမိကိုယ် မိမိပုံတူသတ်မှတ် ခြင်းများပြုလုပ်ပြီး စိတ်ဓာတ်နှင့် အကျင့် စာရိတ္တဖွံ့ဖြိုးစေသည်။ထို့ကြောင့် ကျောင်း သင်ရိုးညွှန်းတမ်းများအပြင် မြန်မာမျိုးချစ် သူရဲကောင်းများအကြောင်း ရိုးသား၊ နိုး ကြား၊ ကြိုးစားကြ၍တိုးပွားအောင်မြင် ထင်ရှားကြသည့် ပုဂ္ဂိုလ်များ ထူးချွန်ထင် ရှားသည့်ပုဂ္ဂိုလ်များစံတင်ဂုဏ်ယူလောက် သည့် အမူအကျင့်နှင့် စိတ်ဓာတ်ရှိကြသူ များအကြောင်းတို့နှင့်စပ်လျဉ်း၍ ကမ္ဘာ ရော မြန်မာပါသမိုင်းဝင်အကြောင်းအရာ များကို ထည့်သွင်းသင်ကြားပေးကြရမည် ဖြစ်သည်။ ထို့ပြင် သတင်းစာဂျာနယ် မဂ္ဂဇင်း၊ရေဒီယိုရုပ်မြင်သံကြား၊ အင်တာ နက်ဝက်ဘ်ဆိုက်တို့မှလည်း ကမ္ဘာရော မြန်မာပါ စံပြုထိုက်သည့် ပုဂ္ဂိုလ်များ၏ အကြောင်းအရာများကို အနုပညာနည်း ဖြင့် သုတ၊ ရသပါအောင် ဆွဲဆောင် စည်းရုံးဖော်ပြနေရန် လိုအပ်ပါသည်။
ပျိုမျစ်နုနယ်သော ဆယ်ကျော်သက် အရွယ်တွင် အတွေးအခေါ် အသိဥာဏ် မရင့်ကျက်ကြသေးသည့်အလျောက် သတိ မမူ၍ ဂူမမြင်သည့်အမြင်မှားမျိုးလည်း ရှိတတ်သည်။ တံလျှပ်ကို ရေထင်၍ ရွှေသမင်အလိုက်မှားသည့်ပမာသရုပ်မှန် ကို အဟုတ်အမှန်မထင်ဘဲ သရုပ်ပျက် ကို အဟုတ်မှတ်တတ်သည့် အမြင်မှား မျိုးလည်း ရှိနေတတ်သည်။ ကျားကို သမင်မေတ္တာဝင်၍ သမင်၏ မေတ္တာ သည် ကျားအစာဖြစ်သွားရရှာသည့် လမ်းမှားမျိုးနှင့် ကြုံရတတ်သည်။
အရသာချိုမြိန်လွန်းလှသည့် သရက် ပင်သည် ခွေးတောက်မြစ်နှင့် ပေါင်း ယှက်မိ၍ သီးချိန်တွင် အရသာပျက်ရ သကဲ့သို့ မကောင်းသော ပတ်ဝန်းကျင်၏ လွှမ်းမိုးမှုကြောင့် ခံနိုင်ရည်မရှိသည့် လူ ငယ်လူရွယ်များမှာ လေလွင့်ပျက်စီးရ သည်လည်းရှိသည်။ ထို့ကြောင့် ပျိုမျစ် နုနယ်ဆယ်ကျော်သက်အရွယ်တို့သည် လှိုင်းပေါ်မှ လှေပမာအရာရာတွင် ညွှတ် လွယ်၊ တိမ်းလွယ်၊ ယိမ်းလွယ်၊ မှား လွယ်သည့်အရွယ်ဖြစ်နေသည့်အတွက် မိဘများ၊ ဆရာ ဆရာမများနှင့် အုပ် ထိန်းသူများ၏ ပဲ့ပြင်ထိန်းသိမ်းညွှန်ပြမှု တို့သည် အလွန်အရေးကြီးလှသည်။
သွန်သင်ပဲ့ပြင်မှုနည်းလွန်းသောကြောင့် အကျိုးဆုတ်ယုတ်ပုံများလည်း ရှိပြီးဖြစ် ပါသည်။မိဘဆရာသမားများ၏ သြဝါဒ ကို နာခံ၍ လက်တွေ့ကောင်းကျိုးခံစား ရသည့် သာဓကများလည်းရှိပြီးဖြစ်ပါ သည်။ပျိုမျစ်နုနယ်ဆယ်ကျော်သက်ရွယ် တို့၏ သဘောသဘာဝသည် ရုပ်သေးရုပ် နှင့်တူလွန်းလှသည်။ ကြိုးဆွဲရာသို့ လိုက် ပါတတ်သူများပင်ဖြစ်သည်။ လျော့လွန်း လျှင်ပတ်၍ တင်းလွန်းလျှင်လည်း ပြတ် တတ်ပါသည်။
''အားလုံးအတွက် ပညာရေး'' (Education For All) ဟူသော ကုလ သမဂ္ဂ၏ ထောင်စုနှစ် ရည်မှန်းချက် ချမှတ်ခဲ့ရာတွင် ပညာရေးသည် ကမ္ဘာ့ စီးပွားရေးပုံစံသစ်ကိုဖွင့်လှစ်ရန်သော့ချက် ဖြစ်ပြီးအခြေခံ မူလတန်းပညာမှသည် လူ့ဘဝတစ်လျှောက်လုံး ပညာကိုလေ့ လာဆည်းပူးသင်ယူနေကြရမည်ဖြစ် သည်။ ထိုပညာကို စဉ်ဆက်မပြတ်လေ့ လာဆည်းပူးနေခြင်းသည်ပင်လျှင် ပညာ ရေးသည် လူမှုဖွံ့ဖြိုးတိုးတက်မှု၊ လူသား လွတ်လပ်မှုနှင့် တိုးတက်မှုတို့၏ဗဟို ချက်မဖြစ်နေပေသည်။
ပညာရေးတွင် ဘက်စုံဖွံ့ဖြိုးတိုးတက် ရေးကို အထောက်အကူပြုနိုင်ရန် ကျောင်း စာသင်ခန်းများအတွင်း၌သာ သင်ကြား လေ့လာဆည်းပူးရုံမျှနှင့်မလုံလောက်တော့ ဘဲ ကျောင်းပြင်ပလူမှုပတ်ဝန်းကျင်ဆိုင် ရာလေ့လာဆည်းပူးမှုရှိနေကြရမည်ဖြစ် သည်။ သို့မှသာလူနေမှုဘဝအခြေအနေ များကို သိရှိနားလည်ပြီး လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း အားထုတ်လိုစိတ်များ ဖြစ်ပေါ်လာမည် ဖြစ်ပါသည်။
ပညာသင်ကြားရာတွင် အလွတ် ကျက်မှတ်လေ့လာ၍ ဖြေဆိုရန်မဟုတ်မူ ဘဲ မိမိ၏ကိုယ်ပိုင်လေ့လာÓဏ်ဖြင့် စဉ်းစားတွေးခေါ်သင်ယူနိုင်စွမ်းနှင့်တီထွင် ဖော်ထုတ်နိုင်စွမ်းများရှိလာအောင် သင် ကြားပေးရမည်ဖြစ်သည်။ သို့မှသာပင် အခြေပြု လူ့အဖွဲ့အစည်းအဖြစ် ခန့်ညား ထည်ဝါစွာ ရပ်တည်နေနိုင်မည်ဖြစ် သည်။
အချို့အခြေခံပညာအထက်တန်း ကျောင်းများတွင် ဥာဏ်စွမ်းရည်ဖွံ့ဖြိုးတိုး တက်ရေးကို အထောက်အကူပြုသော စကားရည်လုပွဲ၊ ကျပန်းစကားပြောပြိုင် ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ များကျင်းပကြသည်ကို အားရဖွယ်မြင် တွေ့ရသည်။ ကျောင်းတွင်းဖွံ့ဖြိုးရေး၏ ဥာဏ်အထောက်အကူပြုသည်။ ဤကဲ့သို့ နှုတ်မှုစွမ်းရည်ပြိုင်ပွဲများကျင်းပခြင်းသည် ''ကိုယ်တိုင်လေ့လာမှုစွမ်းရည်''မြင့်မား မှုကိုများစွာ အထောက်အကူပြုသလို စိတ် ကူးစိတ်သန်းတီထွင်ဆန်းသစ်မှုအစွမ်း ဖြစ်ပေါ်မှုအတွက် များစွာအကျိုးပြုပါ သည်။
ပညာရေးသည် မိမိဘဝအတွက် ကိုယ်ပိုင်စွမ်းအားဖြစ်နေမှသာ ပညာလေ့လာဆည်းပူးရကျိုးနပ်ပါမည်။ ပညာလေ့လာသင်ကြားခြင်းဖြင့် ကိုယ်ပိုင်စွမ်းရည်ရှိမှသာလျှင် စစ်မှန်သောစွမ်းအားဖြစ်ကြောင်းကို တရုတ်ရှေးဟောင်းတွေးခေါ်ပညာရှင်သုခမိန်ကြီးဖြစ်သူ လောင်ဆူးက ''တစ်ပါးသူများ၏အကြောင်းကို သိရှိနေခြင်းသည် ထက်မြက်သော အသိဥာဏ်သာဖြစ်ပြီး မိမိကိုယ်တိုင်သိမှသာလျှင် စစ်မှန်သောအသိ ပညာဖြစ်ကြောင်း၊ သင့်ကိုယ်သင်ဆရာလုပ်နိုင်ခြင်းသည်သာ စစ်မှန်သောစွမ်းအင်တန်ခိုးဖြစ်သည်''ဟု မိန့်ဆိုခဲ့သည်။
ပညာရည်နို့သောက်စို့နေကြသည့် ပျိုမျစ်နုနယ်မျိုးဆက်သစ်လူငယ်မောင်မယ်တို့သည် ပစ္စုပ္ပန်ကာလ၏ သားပျိုသမီးပျိုများအဖြစ်ရပ်တည်နေကြသကဲ့သို့ အနာဂတ်သမိုင်း၏ဖန်တီးရှင်များလည်းဖြစ်နေကြသည်။ အနာဂတ်၏ကြယ်ပွင့်များဖြစ်ကြသည့် လူငယ်မောင်မယ်တို့၏ဘဝကိုယ်စီတွင် အလှစွမ်းရည်များရှိနေ ကြသည်။
ထိုအလှစွမ်းရည်များကို မိမိတို့၏တိုးတက်ရာတိုးတက်ကြောင်း ဘဝကြေးမုံပြင်နှင့်နိုင်ငံအကျိုးပြုလုပ်ငန်း များတွင် မှန်ကန်သောရပ်တည်ချက်များဖြင့် ကြိုးစားအားထုတ်နေကြမှသာလျှင် တိုးတက်ပြောင်းလဲသော ပညာရိပ်မြုံ၌ ပွင့်သောပန်းတိုင်းလန်းပြီး လန်းသောပန်းတိုင်းမွှေးပါစေကြောင်းပါခင်ဗျာ။