images
UN
UN
ဆရာနှင့် တပည့်
ချောင်းဆုံအုန်းသွင် Monday, 25 November 2019
စာရေးသူတို့သည် ဗုဒ္ဓဘာသာဝင် များဖြစ်ကြပါသည်။ သို့ဖြစ်သည်နှင့် အညီ ဗုဒ္ဓ၏စကား၊ ဗုဒ္ဓ၏တရား၊ ဗုဒ္ဓ၏ အဆုံးအမများကို လေးစားလိုက်နာကြပါ သည်။
ဗုဒ္ဓဘာသာတွင် အနန္တငါးပါးဟူ၍ရှိ ပါသည်။ ၄င်းတို့မှာ(၁) ဗုဒ္ဓမြတ်စွာ၊ (၂) တရား၊ (၃) သံဃာ၊ (၄) မိဘ၊ (၅) ဆရာဟူ၍ဖြစ်ပါသည်။
အနန္တဟူသည်အပိုင်းအခြားမရှိ၊ ရေ တွက်ပြစရာသင်္ချာမရှိ၊ နှိုင်းယှဉ်ပြစရာ ပမာ မရှိသည်ကိုဆိုခြင်းဖြစ်ပါသည်။
အထက်ဖော်ပြပါ ငါးဦးတို့၏ဂုဏ် ကျေးဇူးသည် အနန္တဟူ၍ဖြစ်ပါသည်။
ဗုဒ္ဓဘာသာဝင်ဆရာသခင်များသည် တပည့်များ၏ဘဝ သာယာဖြောင့်ဖြူး ရေး၊ မျက်မှောက်သံသရာနှစ်ဖြာသော ဘဝများတွင် ချမ်းသာရေး၊ သံသရာမှ လွတ်မြောက်သည့် နိဗ္ဗာန်ချမ်းသာကိုရရှိ ရေးတို့အတွက် မိမိတို့မှာ ရာနှုန်းပြည့် တာဝန်ရှိသည်ဟု ခံယူထားကြပါသည်။ ဤခံယူချက်သည် ဗုဒ္ဓ၏ခံယူချက်ဖြစ်ပါ သည်။
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရှင်အာနန္ဒာအား ချစ်သားအာနန္ဒာတပည့် ၏ ဘဝကောင်းစားရေးအတွက် ဆရာ မှာမည်မျှတာဝန်ရှိသနည်းဟုမေးတော်မူ ပါသည်။ (အတိအကျမဟုတ်ပါ၊ သဘောကိုတင်ပြခြင်းသာဖြစ်ပါသည်။) အရှင်အာနန္ဒာက ငါးဆယ်ရာခိုင်နှုန်းရှိ သည်ဟုထင်ပါသည်ဘုရားဟု ပြန် လျှောက်သည်။ မြတ်စွာဘုရားက ''မဟုတ်ဘူးအာနန္ဒာ၊ ရာနှုန်းပြည့်တာဝန် ရှိတယ်''ဟု ပြန်လည်မိန့်ကြားပါသည်။
ဆရာဆိုတာဘုရားနဲ့ တစ်ဂိုဏ်း တည်းပဲ။ စာရေးသူတို့ငယ်စဉ်က ဆရာ များကို ရိုသေရန် မိဘများက အထက်ပါ အတိုင်းဆုံးမကြပါသည်။ အနန္တဂိုဏ်းဝင် ဖြစ်သောကြောင့် ဤသို့ပြောခြင်းဖြစ်ပါ သည်။
ဆရာမှာအကြမ်းအားဖြင့် တာဝန် နှစ်ခုရှိပါသည်။ တစ်ခုမှာစာသင်ခြင်း၊ အတတ်ပညာသင်ခြင်းဖြစ်ပြီး နောက် တစ်ခုမှာ လူပြင်ခြင်းဖြစ်ပါသည်။
တပည့်များကို မတစ်ထောင်သားဟု ပြောပါသည်။ ကောင်းသောတပည့် ဆိုး သောတပည့်အမျိုးမျိုး ရှိပါသည်။ ကောင်းသောတပည့်ကို ကောင်းသည် ထက်ကောင်းအောင်၊ ဆိုးသောတပည့်ကို ကောင်းအောင်အမျိုးမျိုး အပင်ပန်းခံကြိုး စားပြီးပြုပြင်ကြရပါသည်။

ဗုဒ္ဓဘာသာဝင်မဟုတ်သော အခြား သူများ၌လည်း ဆရာကကြင်နာ၊ တပည့် ကလေးစားရှိကြပါသည်။
သို့သော်အချို့အချို့တို့၌ တက္ကသိုလ် ကဲ့သို့သော အဆင့်မြင့်ပညာ၊ အခြားသင် တန်းများတွင် ဆရာတပည့်စိတ်ထားနှင့် ဆက်ဆံရေးမှာ အခြေခံပညာသင်ယူတုန်း ကကဲ့သို့မဟုတ်တော့ဘဲ ကွဲပြားသွား သည်ကိုတွေ့ရပါသည်။
စာရေးသူတက္ကသိုလ်ကျောင်းသား ဘဝက ယူထားသောဘာသာရပ်အလိုက် ဆရာ ဆရာမများနှင့်တွေ့ရပါသည်။ ဤ တွင်သတိထားမိသလောက် ကျောင်း သားဘက်မှထူးခြားမှုမတွေ့ရသေးသော် လည်း ဆရာများဘက်ကထူးခြားမှု၊ ကွဲ လွဲမှုများတွေ့ရပါသည်။
မြန်မာစာ၊ စိတ်ကြိုက်မြန်မာစာကဲ့သို့ သော ဘာသာရပ်များကိုသင်ကြားသည့် ဆရာ ဆရာမများတွင်ပင် ကွဲလွဲမှုတွေ့ ရပါသည်။
ကထိကဦးလှရွှေ၊ ကထိကဒေါ်သန်း ဆွေတို့ကဲ့သို့သော ကထိကများသည် ကျောင်းသားများကိုသင်ရမည့် သင်ခန်း စာသာမကဘဲ ဆောင်းပါးများအတွက် အကျိုးရှိစေမည့်စကားများကို များစွာ ပြောသွားပါသည်။ သင်လည်းသင်၊ ပြင် လည်းပြင်ပါသည်။
အချို့ဆရာများက ကျောင်းသားကို လည်းမကြည့် အပိုစကားလည်းတစ်ခွန်း မှမပြောဘဲ သင်ရမည့်ဘာသာရပ်ကို ကရားရေသွန်သလိုပြောပြီး ခေါင်း လောင်းသံကြားသည်နှင့် ရောက်သည့် နေရာမှာရပ်ပြီး စတိတ်ပေါ်ကဆင်းသွား ပါသည်။
စာရေးသူ တက္ကဗေဒမလိုက်နိုင်သ ဖြင့် ဒေါက်တာဦးခင်မောင်ဝင်း(ပညာ ရေးဝန်ကြီးဟောင်း)ထံ သီးခြားသွားသင် ပါသည်။ စကားစပ်ပြီး ကထိကများအ ကြောင်း ပြောပြတော့ ဆရာက-
အနောက်တိုင်းတွေမှာ ဆရာနဲ့ ကထိ ကမတူဘူး။ စာရေးသူတို့ အရှေ့တိုင်း၊ အထူးသဖြင့် စာရေးသူတို့ နိုင်ငံမှာ သင်ပေးသူအားလုံးဟာ ဆရာပဲ။ သင်ယူ သူအားလုံးဟာတပည့်ကျောင်းသားပဲ၊
သူတို့ဆီကျတော့ သင်ယူသူများမှာ လည်း သင်ယူသူနဲ့နားထောင်သူ၊ သင် ပေးသူမှာလည်း သင်ကြားသူနဲ့ဟောပြော သူဆိုပြီး ကွဲသွားတယ်။
ကထိကဆိုတာ လက်ချာရာ ဟော ပြောသူပဲ။ တီချာမှ သင်ပေးသူဆရာဖြစ် တယ်၊
အဲဒီတော့ ဟောပြောသူကထိက အဖို့သူပြောရမယ့်အပိုင်းကို သူပြောတာ ပဲ။ နားထောင်ချင်ထောင်မထောင်ချင်နေ၊ သူနဲ့မဆိုင်ဘူး။ပြောပြီးရင်ဆင်းသွားမယ်။
ဘာနဲ့တူသလဲဆိုတော့ စာရေးသူတို့ ဆီက နိုင်ငံရေးတရားဟောသလိုပေါ့။
အချို့စာရေးသူတို့ မြန်မာကထိက တွေဟာ အဲဒါကို အတုယူပြီး သင်ခန်းစာ ကလွဲပြီး ဘာမှမပြောဘူး။
လိမ္မာရေးခြား ရှိအောင်၊ အခြားဗဟုသုတရအောင် ပြော တဲ့သူတွေကို အပိုစကားပြောသူဆိုပြီး လှောင်သေးတယ်။ တကယ်တော့ မြန်မာ့ ထုံးတမ်းဓလေ့တွေမှာသင်ပေးသူက ဆရာ ပဲ။ သင်ယူသူကတပည့်ပဲ။ ဆရာတပည့် ဆိုရင် ဆရာထားအပ်တဲ့ စေတနာနဲ့ တပည့်ရှိရမယ့်လေးစားမှုရှိသင့်တာပေါ့ ဟု ဆရာက ရှင်းပြပါသည်။
စာရေးသူဝန်ထမ်းဘဝက အခြား ဌာနမှစာရေးသူ၏ဌာနသို့ပြောင်းလာသည့် အရာရှိတစ်ဦးက သူနိုင်ငံခြား(အင်္ဂလန်) မှာ ပညာသွားသင်စဉ်က ရရှိလာသော အတွေ့အကြုံများကို ပြောပြပါသည်။ သူပြောပြသည့်အထဲတွင် တပည့်များ ဆရာ့လက်ချာ(ဟောပြောချက်)နားထောင်ပုံ ပါရှိပါသည်။ သူက-
ကျွန်တော်တို့မှာ ကုလားထိုင်တစ်လုံး စီနဲ့ စားပွဲငယ်တစ်လုံးစီရတယ်။ ကုလား ထိုင်မှာ ဖင်လျှောပြီး ထိုင်လိုက်တယ်။ အိပ်သလောက်နီးပါးပေါ့။ ပြီးတော့ စားပွဲ ပေါ်ခြေထောက်နှစ်ဖက်တင်လိုက်တယ်။ ခြေထောက်နှစ်ဖက်ကို ကြက်ခြေခတ် ပုံစံ ယှက်လိုက်တယ်။ ပြီးတော့ ဆရာ့မျက် နှာကို အဲဒီဖိနပ်နှစ်ဖက်ကြားကနေကြည့် ပြီး နားထောင်တယ်။ သင်တန်းသား အားလုံးပဲဟု ပြောပြသည်။ စာရေးသူ ကြက်သီးထသွားပါသည်။ ထိုဓလေ့ သည် အနောက်တိုင်းများတွင် ထိုစဉ်က တည်းကရှိခဲ့သော ဓလေ့ဖြစ်ပါသည်။
ထိုသို့သော အမှိုက်ဓလေ့များခေတ် ရေစီးကြောင်းနှင့်ပါလာပါမည်။ ဖယ်ပစ် ရန်လိုပါသည်။
နှုတ်မှုဖြစ်စေ၊ လက်မှုဖြစ်စေအတတ် ပညာတစ်ခုခုကိုသင်ပေးသူသည်ကျေးဇူး ရှင်ဆရာဖြစ်ပါသည်။ သူ့ကျေးဇူးဖြင့် မိမိနှင့် မိမိကိုမှီခိုသူများကပါ ထမင်း စားနေရသည့်ထမင်းရှင်လည်း ဖြစ်ပါ သည်။ ဤကဲ့သို့မလေး မစားလုပ်ခြင်း သည် ကျေးဇူးရှင်ကို စော်ကားရာကျ ပါသည်။
မိမိအားတစ်ခုခုသင်ပေးလျှင် ဆရာ ဖြစ်၏။ ဆရာဖြစ်လျှင် အနန္တဂိုဏ်းဝင်ပြီး မပြစ်မှားသင့်။ ပြစ်မှားလျှင် ကောင်း ကျိုးရဖွယ်မရှိ၊ ဆိုးကျိုးရဖွယ်သာရှိ၏။လူဆရာမဆိုထားဘိ၊တိရစ္ဆာန်ဆရာကိုပင် ပြစ်မှားက ဘေးတွေ့တတ်၏။
မြန်မာ့ရိုးရာပုံပြင်တစ်ခု၌-
မြစ်ကမ်းဘေးတစ်ခု၌ ဗျိုင်းတစ် ကောင်သည် ငါးရှာစားလျက်ရှိသည်။ နွားကျောင်းသားတစ်ယောက်သည်လည်း နွားကျောင်းလျက်ရှိသည်။ ဗျိုင်းကငါးကို မြှောက်တင်ပြီး နှုတ်သီးဖြင့် ပြန်ဖမ်းပြီးမှ စားသည်။ နွားကျောင်းသားမြင်သော် သဘောကျပြီး သစ်ကိုင်းစကလေးများ ဖြင့် စလေ့ကျင့်သည်။ တဖြည်းဖြည်းနှင့် သန်လျက်ကိုမြှောက်တင်ပြီး ပြန်အကျ တွင် ပါးစပ်(သွား)ဖြင့် ကိုက်ဖမ်းနိုင်လာ သည်။
ရွာတွင် ပြန်လုပ်ပြတော့ ရွာသားများက သဘောကျပြီး ဆုငွေပေးကြသည်။ နွား ကျောင်းသားသည် ရွာမှမြို့ပေါ်တက်ပြီး သန်လျက်ကိုက်ဖမ်းပြသည်။ ဆုများရ သည်။ တဖြည်းဖြည်းနှင့် မင်းနေပြည် တော်ရောက်သွားသည်။ အုတ်အော် သောင်းတင်းဖြစ်ပြီး ဘုရင်ကြားသဖြင့် အခေါ်ခိုင်းကာပြသစေ၏။
နွားကျောင်းသားသည် သန်လျက် ကို အထက်သို့ မြင့်စွာပစ်တင်ပြီး အသွား၊ အဖျားဖြင့် ပြန်ကျလာသည်ကို ပါးစပ် (သွား)ဖြင့် ကိုက်ဖမ်းပြ၏။ မင်းကြီး ကသဘောကျလွန်းသဖြင့် ဆုလာဘ် ပေးပြီး လုလင် ဤပညာကို မည်သည့် ဆရာထံမှ သင်ယူခဲ့သနည်းဟုမေး၏။ နွားကျောင်းသားက တိရစ္ဆာန်ဗျိုင်းကို ဆရာပြောရမှာရှက်သဖြင့် မိမိမှာ ဆရာမ ရှိပါဟုဖြေ၏။ မင်းကြီးက ထပ်ပြပါဦးဟု ဆိုသဖြင့် ထပ်လုပ်ပြရာ ဆရာကိုပြစ် မှားထားသဖြင့် သန်လျက်ဖျားကိုမကိုက် မိတော့ဘဲ အာခေါင်ကိုစူးပြီးသေတော့ သည်။
ဤသည်မှ ဆရာကာပြန်အာခေါင် လှံစူးဟူသော စကားပုံပေါ်လာသည်။
ကျောင်းသား၊သင်တန်းသားတပည့် အားလုံးဆရာများကို လေးစာကြပါ။ အစဉ်အလာမြန်မာ့ဓလေ့ကို မပစ်ပယ် ကြပါနှင့် ထိန်းသိမ်းကြပါ။
ဆရာကို ကာပြန်လျှင် အာခေါင် လှံစူးတတ်သည်ဟူ၍ ရေးသားလိုက်ရ ပါသည်။