images
UN
UN
အနိုင်ရပါတီပြင်ဆင်လိုသည့်အချက်များ ဦးစားပေးလုပ်ဆောင်နေ မိမိတင်သည့်ဥပဒေကြမ်း အသာစီးရရှိဆောင်ရွက်ရန် ဥပဒေပြဋ္ဌာန်းထားခြင်းမရှိဟု ဒုတိယဗိုလ်မှူးကြီးမျိုးထက်ဝင်းပြော
ကိုကိုလွင် Wednesday, 18 December 2019
ဖွဲ့စည်းပုံ ပြင်ဆင်ရေးတင် သွင်းသည့်ဥပဒေမူကြမ်းများနှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်အနိုင် ရပါတီ၏ပြင်ဆင်လိုသည့်အချက် များကို ဦးစားပေးလုပ်ဆောင်နေ သကဲ့သို့ ၄င်းတို့တင်သွင်းမည့် ဥပဒေကြမ်းအား အသာစီးရရှိရန် ဆောင်ရွက်ရမည်ဟူသည့်ဥပဒေ ပြဋ္ဌာန်းချက်ပြဋ္ဌာန်းထားခြင်းမရှိ ကြောင်း တပ်မတော်သားပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဒုတိယ ဗိုလ်မှူးကြီးမျိုးထက်ဝင်းကသတင်း မီဒီယာများသို့ပြောသည်။
ယမန်နေ့တွင်ကျင်းပသည့်ပြည် ထောင်စုလွှတ်တော်အစည်းအဝေး ၌ ကရင်ပြည်နယ်မဲဆန္ဒနယ်(၅)မှ ဦးစိုင်းသန်းနိုင်နှင့် ကိုယ်စားလှယ် ၁၄၅ဦးတို့တင်သွင်းခဲ့သည့် ဖွဲ့စည်း ပုံအခြေခံဥပဒေအား ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေ မူကြမ်းတင်သွင်းခဲ့ခြင်းနှင့်ပတ် သက်၍ ပူးပေါင်းကော်မတီ၏ လေ့လာစိစစ်မှုအစီရင်ခံစာအား သက်ဆိုင်ရာကိုယ်စားလှယ်တို့၏ ဆွေးနွေးမှုများနှင့် ပတ်သက်၍ ယမန်နေ့လွှတ်တော်တွင်မဲခွဲဆုံးဖြတ် အသာစီးရယူခဲ့သည့်အပေါ်၎င်းက ဆိုလိုပြောကြားခဲ့ခြင်းဖြစ်သည်။
''အနိုင်ရပါတီရဲ့ပြင်ဆင်ချင်တဲ့ ၁၁၄ချက်ကိုပဲ ဦးစားပေး လုပ်နေ တဲ့ပုံစံမျိုးဖြစ်နေပါတယ်။ကျွန်တော် ဆိုလိုချင်တာက ဘာလို့ အချိန်ကုန် ခံပြီးလုပ်နေမလဲ။ ဘာလို့များဝေ့ လည်ကြောင်ပတ်နဲ့ ပြည်သူလူထု ကို ဝေဝါးစေအောင်လုပ်မှာလဲ။ ဒီအတိုင်း ၁၁၄ ချက်ကိုပဲ ပြင်ဆင် ပြီး တင်လိုက်ရင်မရဘူးလား။ဘယ်ပါတီကပဲတင်တင်၊ ဘယ်အဖွဲ့ အစည်းကပဲတင်တင် လွှတ်တော် ကပဲဆွေးနွေးဆုံးဖြတ်ရမှာပါ။ မိမိတင်တဲ့ ဥပဒေကြမ်းအပေါ်မှာ အသာစီးရအောင်လုပ်တဲ့ပုံစံမျိုးက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်း မထားပါဘူး။ အဲဒီလိုလုပ်လာတဲ့ ဥပဒေကြမ်းကိုလည်း ဦးစားပေး ပြီး ဆွေးနွေးဆုံးဖြတ်ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်မျိုးလည်းမရှိပါဘူး'' ဟု ၄င်းကပြောခဲ့သည်။
ဒီမိုကရေစီစနစ်အရ ဆွေး နွေးဆုံးဖြတ်ချက်များအား လူ အများစုမှလက်ခံရသည့်အပေါ် လူနည်းစုမှ ပြန်လည်လေးစားပေး ရခြင်းကို ၄င်းအနေဖြင့်နားလည် သော်လည်း မည်သည့်ကိစ္စရပ်မဆို မဲခွဲဆုံးဖြတ်ခြင်းနှင့် ထိုသို့မဲခွဲဆုံး ဖြတ်ခဲ့သည့်အပေါ်မူတည်မည့် ဒီမို ကရေစီစနစ်မျိုးမဖြစ်ရန် လိုအပ် သည်ဟု ၄င်းအနေဖြင့်နားလည် ကြောင်း၊ ဒီမိုကရေစီ၏အနှစ်သာရ အားဖော်ဆောင်နေသည့် မြန်မာ နိုင်ငံအတွက်အမှန်အရေးကြီးသည့် ကိစ္စရပ်ဖြစ်ခြင်းကြောင့် ၄င်းက ထောက်ပြပြောဆိုရခြင်းဖြစ်သည် ဟု ဆက်လက်ပြောကြားသည်။
ထို့ပြင်ဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင်ရွက်ရာ၌ မည်သို့မည်ပုံ ဆောင်ရွက်မည့်ကိစ္စရပ်များသိရှိရန် လိုအပ်မည်ဖြစ်သဖြင့် စနစ်တစ်ကျ လုပ်ဆောင်မည့်Time Frame နှင့်Work Plan များလိုအပ်မည်ဖြစ်ပြီး ယင်းသို့လုပ်ဆောင်မှသာလျှင် စနစ် ကျသည့် ပြင်ဆင်ဆောင်ရွက်မှု ဟူ၍ မိမိနားလည်ကြောင်း၊ လက်ရှိ အနေအထားအရ ထိုသို့ဆောင်ရွက် ထားသည့်လုပ်ငန်းစဉ်မျိုးမတွေ့ ရဘဲ အစီအစဉ်မကျသည့်လုပ် ဆောင်မှုမျိုးကိုသာတွေ့ရှိနေရခြင်း ကြောင့် နိုင်ငံအတွက်အရေးကြီး သည့်ဖွဲ့စည်းပုံ ပြင်ဆင်ရေးလုပ် ငန်းကိစ္စရပ်များအပေါ် အားနည်း သွားစေသည်ဟု ၄င်းအနေဖြင့် ထင်မြင်မိသည်ဟု ပူးပေါင်းကော် မတီ၏လက်ရှိဆောင်ရွက်နေမှုများ အားထောက်ပြခဲ့ကာ ပြင်ဆင်ရေး အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂)၌ မည်သို့ပြင်ဆင်ရ မည်ကို တစ်ချက်ချင်းပြဋ္ဌာန်း ထားပြီး ပြင်ဆင်မည်ဆိုပါက လွှတ်တော်သို့ရိုးသားစွာတင်ပြ၍ ဆောင်ရွက်စေလိုကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ပြည်သူများ သိရှိနားလည်၍ လွှတ်တော်မှ ဆွေးနွေးဆုံးဖြတ်နိုင်မည်ဖြစ်သည် ဟု ဒုတိယဗိုလ်မှူးကြီး မျိုးထက် ဝင်းက သတင်းမီဒီယာတို့မှတစ် ဆင့်ထောက်ပြပြောဆိုခဲ့သည်။