images
UN
UN
လူမိုက်
မောင်သန်းဆွေ(ထားဝယ်) Sunday, 05 January 2020

'လူမိုက်ဆိုလျှင်၊ ရှောင်သွေလွှဲလို့၊ မမှီဝဲနှင့် ကင်းအောင်နေ၊ ပညာရှိကို အစဉ်တွဲလို့၊ မှီဝဲဆည်းကပ်၊ နည်းယူစေ' ဆိုသည့် စာရေးသူတို့ ငယ်စဉ်က ကြားရ ဖူးသော အဆိုစကားကို မှတ်မိနေပါသေး သည်။
မြန်မာ့ဝေါဟာရ၌ လူမိုက် သူမိုက် ဟူ၍ ခေါ်ဝေါ် ပြောဆိုကြရာတွင် လူနှင့် သူမှာ အတူတူပင်ဖြစ်၍ သူဟူသော စကားသည် လူ၏ အမည်အစား သုံး ထားသည့်အတွက် သဒ္ဒါနည်းအားဖြင့် ပုဂ္ဂလနာမ်စားဟူ၍ ခေါ်လေသည်။ မိုက် ဟူသော စကားမှာ အကျိုးအပြစ်ရှိသည်၊ မရှိသည်ကို မသိခြင်းပင်ဖြစ်၏။
ထိုတွင် လူမိုက်ကို ပေါင်းသင်း ဆက်ဆံခြင်းကြောင့် လောကီစီးပွား၊ လောကုတ္တရာစီးပွားတို့မှ အကျိုးကျေးဇူး ယုတ်လျော့တတ်သည့်အတွက် မင်္ဂလာ တရားတော်တွင် 'အသေဝနာစ ဗာလာနံ' ဟူ၍ ရှင်တော်မြတ်ဘုရား ဟောကြား တော်မူခဲ့လေသည်။ စင်စစ်အားဖြင့် လူမိုက်တို့မည်သည်ကား သူတော်ကောင်း၊ သူမြတ်လောင်း၊ သူယုတ်မာ စသည်ဖြင့် ရွေးချယ်ခြင်းမပြုဘဲ အပြစ်ကိုသာ ပြု တတ်ပေ၏။ ထို့ကြောင့်လည်း 'သဒိသ ပါကံ' ဟူသော ပုဒ်အရ မိမိတို့ပြုသော အကြောင်းအားလျော်စွာ တူမျှသော အကျိုးကျေးဇူးကို ပေးတတ်လေတော့ သတည်း။ အမှန်အားဖြင့် ထိုသူမိုက်တို့ကို ဆည်းကပ်မှီဝဲသော သူတို့အဖို့၌ ကောင်း ကျိုး တစ်စုံတစ်ရာမျှ ပေးနိုင်ခြင်းမရှိဘဲ မကောင်းကျိုးကိုသာလျှင် ပေးနိုင်၊ ရရှိ ခံစားနိုင်ပေ၏။ ထို့ကြောင့် လူမိုက်တို့ကို (သို့မဟုတ်) အသိတရားမရှိသော သူတို့ ကို ဝေးဝေးကပင် ရှောင်ကွင်းရမည် ဖြစ်ပေသည်။
လူမိုက် ၁ဝမျိုး
ဤတွင် လူမိုက်နှင့် စပ်လျဉ်း၍ လူမိုက် ၁ဝမျိုးရှိကြောင်းကို အရှင် မဟာရဋ္ဌသာရ အကျော် သီကုံးစပ်ဆို တော်မူသည့် ဘူရိဒတ် လင်္ကာတော်ကြီး တွင် 'ရန်းကား ရန်းကိုး၊ ရန်စပျိုး၍၊ အမျိုးမေးတောင်း၊ သမင်ရောင်းနှင့်၊ ဆေးပေါင်းပဲဝယ်၊ ရေဆယ်မီးယူ၊ ဝန်ကူ ပုန်းစလုတ်၊သစ်ခုတ်ယောက်ျား၊ မုန့်ဆန်း စားနှင့် ဆယ်ပါးလူမိုက်၊ လူတို့၌တွင်' ဟူ၍ ရှိလေသည်။
ဆိုလိုရင်းမှာ ရမ်းသမ်း၍ သူတော် ကောင်းတို့အား ရန်စတတ်သော လူမိုက် ကြီး ၁ဝ မျိုး (သို့မဟုတ်) ဆယ်ယောက် ဟူ၍ ရှိလေသည်။ ထိုလူမိုက် ဆယ် ယောက်တို့အား-
(၁) အမျိုးမေး မှားသော သူမိုက်
(၂) သမင်ရောင်းမှားသော သူမိုက်
(၃) ဆေးပေါင်းမှားသော သူမိုက်
(၄) ပဲအဝယ်မှားသော သူမိုက်
(၅) ရေနစ်သူကို ဆယ်ယူခြင်းမှားသော သူမိုက်
(၆) မီးယူ မီးကို သယ်ယူခြင်းမှားသော သူမိုက်
(၇) ဝန်ထုပ်ကို အကူအညီမှားသော သူမိုက်
(၈) ပုန်းတမ်းကစားသော သူမိုက်
(၉) သစ်ခုတ်ရာတွင် သစ်ထမ်းမှားသော သူမိုက်
( ၁ဝ) မုန့်ဆန်းစားမှားသော သူမိုက်တို့ပင် ဖြစ်လေသည်။
၎င်းတို့၏အတ္ထုပ္ပတ္တိ မကျဉ်းမကျယ် မှာ-
၁။ အမျိုးမေးမှားသော သူမိုက် ဟူသည်
ကား ရှေးသရောခါ အမျိုးသမီးကြီး တစ်ယောက်နှင့် အမျိုးသမီးငယ် တစ် ယောက်တို့ အတူတကွ နေထိုင်ကြသည် ကို မြင်သော ယောက်ျား တစ်ယောက် သည် သင် လုံမနှစ်ယောက်တို့မှာ မည် ကဲ့သို့ ဆွေမျိုးသားချင်း တော်စပ်ကြ ပါသနည်းဟု မေးမြန်းလျှင် အမျိုးသမီး ကြီးက လုံမငယ်၏ ဦးရီးက ကျွန်မ၏ ဦးရီးကို ဦးရီးတော်ပါသည်ဟု အဖြေ ပေးလေ၏။ ထိုသို့ပေးသော အဖြေကို မေးသော ယောက်ျားမှာ သူမိုက်ဖြစ်၍ (သို့မဟုတ်) သူမိုက် ဖြစ်နေသည့်အတွက် လုံမ နှစ်ယောက်တို့၏ မည်ကဲ့သို့သော ဆွေမျိုးတော်စပ်ကြကြောင်းကို ရှင်းလင်း ၍ မရနိုင်ဘဲရှုပ်ထွေးပွေလီ၍သာ သွား လေတော့သည်။ စင်စစ်အားဖြင့် အမျိုး သမီး နှစ်ယောက်ကား သားအမိသော် လည်းကောင်း၊ တူအရီးသော်လည်း ကောင်း တော်စပ်ကြရပေမည်။
၂။ သမင်ရောင်းမှားသော သူမိုက် ဟူ
သည်၌ကား ရှေးသရောခါ မုဆိုး တစ်ယောက်သည် တောမှ သမင်ကြီး တစ်ကောင်နှင့် သမင်ငယ်တစ်ကောင်တို့ ကို ယူဆောင်လာပြီးလျှင် ဈေး၌ချ၍ ရောင်းချလေရာ ဝယ်လိုသော သူတစ် ယောက်က သမင်များကို မည်မျှသော အဖိုးနှုန်းနှင့် ရောင်းမည်နည်းဟု မေး လေ၏။


ထိုအခါ မုဆိုးကသမင်ကြီးမှာ နှစ်အသပြာ၊ သမင်ကလေးမှာ တစ် အသပြာရောင်းဈေး ပြောသဖြင့် အဝယ် ယောက်ျားလည်း သမင်ကလေးကို တစ် အသပြာနှင့် ပေး၍ဝယ်သွားပြီးလျှင် အိမ် မှာ ထားခဲ့၍ မုဆိုးထံ လာရောက်ကာ သမင်ကြီးကိုယူမည်၊ သင်ပြော အဖိုးနှုန်း အတိုင်း နှစ်အသပြာဖြစ်ရာ စောစောက တစ်အသပြာပေးပြီးဖြစ်သဖြင့် ယခု တစ် အသပြာအားဖြင့် ပေါင်းနှစ်အသပြာဆို ကာပေး၍ သမင်ကြီးကို ယူသွားလေ တော့၏။ မုဆိုးလည်း လူမိုက်ဖြစ်သော ကြောင့် တစ်အသပြာ နစ်နာလျက်နဲ့ပင် ကျန်ရစ်လေခဲ့တော့သတည်း။
၃။ ဆေးပေါင်းမှားသော သူမိုက် ဟူရာ
၌ကား ရှေးအခါက ဖော်နည်းကား ဆေးသမား တစ်ယောက်သည် ရောဂါ အတွက် ကုသရန် ဆေးနည်း တစ်နည်း ကို ရရှိသည်မှာ ရှားစောင်း တစ်စက် ပျားရည် တစ်လဖက် ဟူသည်ကို နောင် အခါ လူနာအတွက် ဆေးဖော်စပ်သော အခါ၌ကား ရှားစောင်းတစ်စက်ကို ရှား စောင်းတစ်လဖက်၊ပျားရည်တစ်လဖက်ကို ပျားရည်တစ်စက်ဖြင့် ရောပေါင်းဖော်လေ ၍ လူနာအား ဆေးသမား လူမိုက်က တိုက်လေရာ လူနာမှာ ဆေးအတွက် ပူပြင်းလာသော ဒဏ်ဖြင့် အသက် သေ ဆုံးခြင်းသို့ ရောက်ရှိလေတော့၏။
၎။ ပဲအဝယ်မှားသော သူမိုက် ဟူသည်
ကား ရှေးအခါက ပဲပြုတ်ရောင်းလို သောသူတစ်ယောက်သည် အခြားဒေသ မှ ပဲကိုသွား၍ ဝယ်ရာတွင် အခြောက် ဖြစ်သော ပဲကိုကား မဝယ်ဘဲ အစိုဖြစ် သော ပဲတို့ကိုသာ ဝယ်ယူလာသဖြင့် ထမ်းယူရာ၌ အစိုဖြစ်သောပဲတို့၏ လေး လံခြင်းတို့ကို ကြုံတွေ့ရလေသောကြောင့် စင်စစ်အားဖြင့် ထိုသူမှာ လူမိုက်သာလျှင် ဖြစ်တော့သတည်း။
၅။ ရေနစ်သူကို ဆယ်ယူခြင်းမှား သော
သူမိုက် ဟူသည်ကား များသော အားဖြင့် ရေကူးအတတ်၌ မကျွမ်းကျင် သော သူတို့သည် ရေတွင် အတင့်ရဲ၍ ကျူးလွန် ပျော်ပါးပါမူကား ရေနစ်မြုပ် တတ်၏။ ထိုသို့ ရေနစ်မြုပ်ရာ၌ ဘေး ပန်းမှရှိသော သူကဖြစ်စေ၊ အနီးအပါးက ဖြစ်သော ကုန်းပေါ်မှသူကဖြစ်စေ ရှည် လျားသော ဝါးတံကို လည်းကောင်း၊ ကြိုးစကို လည်းကောင်း ကမ်းလှမ်း၍ ပေးရာ၏။ ထိုသို့မပြုမူဘဲ ရေနစ်သူ၏ အနီးသို့ ပူးကပ်၍ ကြပ်မတ်ဆယ်ယူမည် ဆိုပါလျှင် ရေနစ်သူက ကယောင် ကတမ်း ကြောက်အားကြီးစွာဖြင့် ဆယ် ယူမည့်သူအား ဖက်သည်ရှိသော ဆယ် မည့်သူပင်လျှင် ရေနစ်၍ အသက် ဆုံးရှုံး တတ်၏။ ထို့ကြောင့် ရေနစ်သူအား အဝေးမှ မကူညီဘဲ ပူးကပ်၍ အနီးမှ ကူညီသော သူသည်ပင်လျှင် သူမိုက် တစ်ဦး အပါအဝင်ဖြစ်ပေတော့၏။
၆။ မီးကို သယ်ယူခြင်းမှားသော လူမိုက်
ဟူသည်ကား ရှေးသရောခါ ချမ်းလှ သော ဆောင်းတွင်း နံနက်ခင်းအချိန်တွင် သူမိုက်တစ်ယောက်သည် မီးလှုံလိုလှ သဖြင့် မီးမွှေးရန်အတွက် အခြားမီးကူး ယူ၍ ရရှိသော မီးခဲကို တစ်ခုခုဖြင့် ညှပ် ကိုင်၍မယူဘဲ မိမိ၏ပုဆိုးဖြင့်သာ ထုပ်၍ ယူလာသောကြောင့် ပုဆိုးကို မီးစွဲ၍ လောင်ရုံသာမက သူ၏အသားအရေကို ပင်လျှင် လောင်ကျွမ်း၍ ပြင်းထန်သော ဒဏ်ရာရရှိလေ၏။ ထို့ကြောင့် မီးယူပုံ မှားလှသဖြင့် ထိုသူအား သူမိုက်ဟူ၍ သမုတ်ခေါ်ဝေါ်အပ်ပေ၏။
၇။ ဝန်ထုပ်ကိုအကူအညီမှားသောသူမိုက်
ဟူသည်ကား ရှေးသရောခါ လေးလံ သောကုန်ပစ္စည်းတို့ကိုထုပ်ပိုး၍ ဦးခေါင်း ဖြင့်ရွက်လာသောအမျိုးသမီးတစ်ယောက် မှာ အလွန်ပင်ပန်းလေးလံသောကြောင့် အနီးအပါးရှိ လူမိုက်တစ်ယောက်အား ဝန်ထုပ်ကို ကူညီ၍ချပေးရန် တောင်းပန် သဖြင့် သူမိုက်သည် ဝန်ထုပ်ရှင်မိန်းမနှင့် ညီမျှသော မြေပြင်မှ မကူညီဘဲ နိမ့်ရာ အရပ်မှနေ၍ ကူညီလေရာ ပင်ပန်းနွမ်း နယ်၍ ဝန်လေးလှပြီဖြစ်သော ဝန်ထုပ်ရှင် မိန်းမသည် ဝန်ထုပ်ကို ပစ်ချလိုက်သဖြင့် ကူညီသော သူမိုက်၏ ဦးခေါင်းပေါ်သို့ အရှိန်ပြင်းထန်စွာကျလာသော ဝန်ထုပ် ကြောင့် အသက်သေဆုံးခြင်းသို့ ရောက် ရလေတော့သတည်း။အချို့ ကန်တော်မင်းကျောင်းအဖြေ စသော ကျန်းဂန်များ၌ကား ဝန်-မှာ-သေး-သေးတင်နှင့်ဝံဟု ရှိတတ်၏။ ထိုသို့ရှိလျှင် ရှေးသရောခါ တောသွား ယောက်ျားတစ်ယောက်သည် မာန်ဖီ၍ အစာကို ကိုက်ခဲနေသော ဝက်ဝံတစ် ကောင်ကိုတွေ့လျှင် ခံရမည့်သူ၏ဘက်မှ ကူညီလိုသော စိတ်ဆန္ဒဖြင့် ဝက်ဝံ၏ နောက်မှနေ၍ မကူညီဘဲ ရှေ့တည့်တည့် မှကူညီလေရာ ဝက်ဝံသည်အစာကိုလွှတ် ၍ ထိုသူ့အားဖမ်းယူသတ်ဖြတ်လေတော့ သည်။
၈။ ပုန်းတမ်းကစားသော သူမိုက် ဟူရာ
၌ကား ရှေးသရောအခါ သူငယ်တို့ သည် တူတူပုန်းတမ်းကစားသော အလေ့ အထ ရှိခဲ့ကြလေ၏။ ထိုသို့ ကစားကြ ရာ၌ အချို့သောသူငယ်တို့သည် အမှိုက် သရိုက် ဆူးငြောင့်ခလုတ်တွင်းကျင်း သန့်ရှင်းရာနေရာ ဌာနများ၌ ပုန်းတမ်း မကစားဘဲ၊ အမှိုက်သရိုက်ထူထပ်၍ ကျင်းချုံနွယ်ထူထပ်သော နေရာ၌ကစား တတ်ကြ၏။ ထိုသို့ကစားသဖြင့် ချုံနွယ် တွင်း ကျင်းမသန့်ရှင်းသော နေရာတို့မှြေ>ွမသတ္တဝါတို့ထွက်၍ ပေါက်သတ်သော ကြောင့် လူမိုက်တို့ဖြစ်၍ သူငယ်တို့မှာ အကျိုးမဲ့ အသက်ဆုံးရှုံးခြင်းခံရပေတော့ ၏။
၉။ သစ်ခုတ်ရာတွင် သစ်ထမ်းမှားသော
သူမိုက် ဟူသည်၌ကား ရှေးသရော ခါ အိမ်ရာဆောက်လုပ်ရန်အလို့ငှာ တောထဲတွင် သစ်ကို ခုတ်သောသူတို့ သည် မိမိတို့ကြိုက်နှစ်သက်ရာ သစ်ပင် အား အရင်းမှ ဓား၊ ပုဆိန်တို့ဖြင့် ခုတ် ဖြတ်လေရာ သစ်ပင်လဲကာနီး၌ မလဲမီ လွတ်ကင်းရာ လေညှာဘက်မှ မနေဘဲ ပြိုမည့်ဘက်မှနေမိလေရာ သစ်ပင်ပိ၍ သေဆုံးခြင်းသို့ ရောက်ရှိလေတော့၏။
၁ဝ။ မုန့်ဆန်းစားမှားသော သူမိုက်
ဟူသည်၌ကား ရှေးသရောခါ ယောက္ခမနှင့် သမက်နှစ်ဦးတို့ရှိ ကြရာ သမက်ဖြစ်သူသည် လယ်တောသို့သွား ပြီးလျှင် လယ်ထွန်နားနေသောအခါ ပလုပ်ပလောင်းဖြင့် မုန့်ဆန်းများကို အားရပါးရ စား၍နေလေသည်။ ထိုအခါ ယောက္ခမလုပ်သူသည် သမက်ဖြစ်သူထံ သို့ ရုတ်တရက် ရောက်ရှိလာလေရာ မုန့်ဆန်းများကို ရုတ်တရက်မျို၍ မကျ နိုင်လေသဖြင့် သမက်ဖြစ်သူ၏ ပါးနှစ် ဖက်တို့မှဖုဖောင်း၍နေသည်ကို ယောက္ခမ ဖြစ်သူက မြင်လေရာ မင်းပါးနှစ်ဖက် ဘာများဖြစ်နေ သတုံး၊ လူကလေးဟု ယောက္ခမက မေးသည်ကို ရှက်လှနိုး သော သမက်သည် ပါးယောင်သည်ဟု အဖြေပေးသဖြင့် ပါးယောင်လျှင် ဆူးထိုး ရမည်ဟု ယောက္ခမက ဆိုသည်ကို သမက်က ဆူးထိုးခံသဖြင့် ဆူးထိုးရာ ပါးပေါက်မှ မုန့်ဆန်းများ ထွက်လာသည် ကို ယောက္ခမမြင်ရာ၌ အော်-တယ်မိုက် တဲ့အကောင်ပါလား ပြောဆိုခြင်း ခံရလေ တော့၏။
ဤဖော်ပြခဲ့သော သူမိုက်ဆယ်မျိုး ကိုမှီ၍ ကဝိလက္ခဏာ သတ်ပုံကျမ်းတွင် လည်း မီးယူ-သစ်ခုတ်၊ ပုန်းစလုတ်၊ ပဲပြုတ်ထမ်းချီချီဟူ၍ စိန္တကျော်သူ ဦးသြ စပ်ဆိုခဲ့လေသည်။
ယခုဖော်ပြခဲ့သော လူမိုက်ဆယ်မျိုး တို့မှာ တသီးတခြား လူမိုက်များဖြစ်၍ များစွာသော လူတို့အား အကျိုးယုတ် လျော့အောင် ပြုလုပ်တတ်ခြင်းမရှိနိုင်ကြ သော်လည်း ထိုသူမိုက်များကဲ့သို့ ပညာရှိ လူတော်ကောင်းတို့၏ ရယ်ဖွယ်ဖြစ် လောက်သောမိုက်မဲခြင်းမျိုးဖြစ်ရန် မသင့် ပေကြောင်း၊ ရေးသားဖော်ပြလိုက်ရပေ သည်။
သို့ဆိုလျှင် အထက်ပါစာကို ဖတ်ရှု ရသော စာဖတ်သူသည် ''လူမိုက်နှင့် အတူ'' နေမည်လော၊ ''ပညာရှိနှင့် အတူ'' နေမည်လော ဟူသည့်အရာကို စဉ်းစားဆုံးဖြတ်ပါလေ။