images
UN
UN
ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလှေဂိတ်များ ယခုလ ၆ ရက်တွင်ပြန်ဖွင့်မည်
မိုးယံ Sunday, 05 July 2020

COVID-19 ကူးစက် ကာလ အတွင်း ပိတ်ထားသော ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် မြန်မာနိုင်ငံ မြဝတီမြို့အကြားရှိ ကုန်သွယ်ရေး လှေဂိတ်များကို ယခုလ ၆ ရက် တွင်ပြန်ဖွင့်ပေးသွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ အစည်းများမှ သိရသည်။
ယခုလ ၃ ရက်က ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မဲဆောက်မြို့တွင်ကျင်းပ ခဲ့သော နယ်စပ်ကုန်သွယ်ရေးနှင့် COVID-19 ကပ်ရောဂါထိန်းချုပ် မှုဆိုင်ရာ အစည်းအဝေးတွင် ထို လှေဂိတ်များ ပြန်လည်ဖွင့်လှစ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ထိုဆွေးနွေး ပွဲသို့ တာ့ခ်ခရိုင်မှအုပ်ချုပ်ရေးအဖွဲ့ များ၊ ရဲတပ်ဖွဲ့များ၊ ကုန်သည်ကြီး များအသင်း၊ COVID-19 ကပ် ရောဂါထိန်းချုပ်ရေးဆိုင်ရာကျန်းမာ ရေးအဖွဲ့အစည်းများမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
COVID-19 ကပ်ရောဂါဖြစ် နေချိန် အရေးပေါ်ကာလအတွင်း ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်မှ သောင်ရင်းမြစ်(မိုးရေးမြစ်)ကြောင်း တစ်လျှောက်ရှိ ကုန်သွယ်ရေးလမ်း ကြောင်း ၃၃ နေရာကို ပိတ်ထား ခဲ့ပြီး ယခုအခါ ထိုင်းနိုင်ငံတွင် COVID-19 ကူးစက်ပြန့်ပွားမှုကို အတိုင်းအတာတစ်ခုအထိ ထိန်း ချုပ်နိုင်ပြီဖြစ်သောကြောင့် ထိုင်း-မြန်မာနှစ်နိုင်ငံကုန်သွယ်ရေးအတွက် အရေးပါသော နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများကို ယခုလ ၆ ရက်မှစ၍ စမ်းသပ်ကာလအဖြစ် ပြန်လည်ဖွင့်လှစ်ပေးရန် ဆုံးဖြတ်ခဲ့ ခြင်းဖြစ်ကြောင်း တာ့ခ်ခရိုင်အုပ် ချုပ်ရေးမှူးMr. Orsit Samp- hantharatက ပြောသည်။
တာ့ခ်ခရိုင်အတွင်းရှိမဲဆောက်၊ ထဆောင်ရမ်၊ မဲလမ၊ ဖွတ်ဖရ စသည့်မြို့နယ်မှ သောင်ရင်းမြစ် ကြောင်းတစ်လျှောက်ရှိ နယ်စပ် ဂိတ် ၃၃ ဂိတ်ကို တစ်ပတ်လျှင် ငါးရက် နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ ပြန်ဖွင့်ပေးမည်ဖြစ် ကြောင်း သိရသည်။
ယင်းသို့ ပြန်လည်ဖွင့်လှစ်ရာ တွင် ထိုင်း၊ မြန်မာနှစ်နိုင်ငံမှထွက် ကုန်များနှင့် နိုင်ငံခြားမှလာသော တစ်ပတ်ရစ်ပစ္စည်းများကို ဖြတ် သန်းပို့ဆောင်ခွင့်ပေးမှာဖြစ်သော် လည်း နှစ်နိုင်ငံအကြား ကူးသန်း သွားလာအလုပ်လုပ်နေကြသူများ ကို ဖြတ်သန်းခွင့်မပြုသေးကြောင်း သိရသည်။