images
UN
UN
မိဘကျေးဇူးဆပ်နိုင်သူများ ဖြစ်ကြပါစေ
ဝင်းသူအောင်(သုတေသန) Tuesday, 11 August 2020

လက်ဦးဆရာမည်ထိုက်စွာ ပုပ္ဗာစရိယ မိနှင့်ဖ ဆိုသည့် မြန်မာဆိုရိုးစကားလေး အတိုင်း အနန္တဂိုဏ်းဝင် ကျေးဇူးရှင်မိဘ များသည် ကျွန်ုပ်တို့ငယ်ရွယ်စဉ်ကလေး ဘဝ၌ လမ်းမှားသို့မလျှောက်မိစေရေး၊ လူ့ပတ်ဝန်းကျင်၊ လူမှုဘဝတွင် လိုက် လျောညီထွေဖြစ်အောင်နေထိုင်တတ်စေ ရေး၊ အသိအလိမ္မာတိုးပွားစေရေးတို့ အတွက် ချော့တစ်ဖုံ၊ ခြောက်တစ်လှည့် အစဉ်သွန်သင်ဆုံးမခဲ့ကြပါသည်။ ထို့ အတွက်ကြောင့်ပင် ကျွန်ုပ်တို့လူလား မြောက်လို့ အတောင်စုံချိန်ကာလမှာ သူ့အတိုင်းအထွာနှင့်သူ မျက်နှာမငယ် ရဘဲ ဘဝကိုအဆင်ပြေချောမွေ့စွာ ဖြတ် သန်းနေနိုင်ကြရသည်ဆိုလျှင် မှားမည် မထင်ပေ။ ထိုကဲ့သို့မြင့်မြတ်လှသည့်ဂုဏ် ပုဒ်များပိုင်ရှင် မိခင်၊ ဖခင်တို့ကိုဂုဏ်ပြု သောအားဖြင့် ကမ္ဘာတစ်ဝန်း၌ နှစ်စဉ် အဖေများနေ့၊ အမေများနေ့၊ ကမ္ဘာ့မိဘ များနေ့ဟူ၍ နေ့ထူးနေ့မြတ်များအဖြစ် သတ်မှတ်ကာ အခမ်းအနားများကျင်းပ နေကြသည်မှာ မင်္ဂလာတစ်ပါးပင်ဖြစ် ပါသည်။
မြင်းမိုရ်ဆယ်ပြန်မြင့်သော ကျေးဇူးဂုဏ် ရှင်များ
ဤကမ္ဘာမြေကြီးပေါ်၌ လူရယ်လို့ ဖြစ်လာပြီဆိုလျှင် မိဘကျေးဇူးကင်းသူ တစ်ဦးမျှရှိလိမ့်မည်မဟုတ်ပေ။ အဘယ့် ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် မိဘများ ၏ကျေးဇူးကြောင့်သာမဟုတ်လျှင် ယခု ကဲ့သို့လူသားတစ်ယောက်အဖြစ် ပေါ် ထွက်လာဖွယ်ရာအကြောင်း လုံးဝမရှိ သည့်အတွက်ဖြစ်ပါသည်။ လူ့အသက် တစ်ချောင်းဖြစ်လာဖို့အရေးခက်ခဲပုံကို ဖော်ကျူးသည့်စာဆိုတစ်ခုတွင် လူ့ပြည် ကအပ်တစ်စင်းနှင့် ဗြဟ္မပြည်ကအပ်တစ် စင်းထိဖို့ခက်ခဲသည့်နှယ် တင်စားဖွဲ့နွဲ့ ထားသည်။ လက်တွေ့စင်စစ်တွင်လည်း အမှန်ပင်ဖြစ်ပါသည်။ ကိုယ်ကိုယ်တိုင် အိမ်ထောင်သည်ဖြစ်လာချိန်မှသာ တိတိ ကျကျသိနိုင်အပ်သောအရာဖြစ်ပါသည်။ ယခုခေတ်ကာလအခြေအနေတွင် ပို၍ ဆိုးသည်ဟုမှတ်ယူရပါမည်။ အကြောင်း မှာ အိမ်ထောင်ပြုရဲသူ ကသတ္တိရှိတဲ့သူ၊ သူ့ထက်ပိုပြီးသတ္တိရှိ သူက ကလေးယူရဲ သူဆိုသည့်အခြေအနေအထိရောက်ရှိလာ ခဲ့သောကြောင့် ဖြစ်ပေသည်။ ကျွန်ုပ်တို့ မိဘများခေတ်ကာလတွင် လူသားတိုင်း အတွက် မရှိမဖြစ်အခြေခံလိုအပ်ချက်များ ဖြစ်သော စား၊ ဝတ်၊ နေရေးမပူပင်ခဲ့ ကြရသောကြောင့်လားမသိ။ ယူလိုက် ကြတဲ့သား၊ သမီးဆိုသည်မှာ တစ်အိမ် ထောင် အနည်းဆုံးသုံးယောက်မှသည် တချို့ဆိုလျှင် မွေးလာသောသား၊ သမီး အမည်ကိုပင်လျှင် ဒါဇင်ကျော်ဟုပင်မှည့် ရလောက်သည်အထိဖြစ်ခဲ့၏။ ယခု ကျွန်ုပ်တို့ခေတ်ကာလရောက်ချိန်မှာတော့ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း သား၊ သမီးတစ်ယောက်ယူဖို့အတွက် မိသားစု စီမံကိန်း (Family Planning) တွေ စနစ် တကျချမှတ်ပြီး အကြိမ်ကြိမ်စဉ်းစားသုံး သပ်ပြီးမှ ဆုံးဖြတ်ချက်ချရလောက်သည် အထိဖြစ်ခဲ့ရပြီ။


ပြောလိုသည်မှာ လူသား တစ်ယောက်ဖြစ်လာရေးသည် တဖြည်း ဖြည်း ပိုမိုခက်ခဲလာခဲ့သည်ဆိုသော အချက်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ် တို့မိဘများ၏ဂုဏ်ကျေးဇူးသည် မွေးပြီး နောက် ပြုစုပျိုးထောင်ခြင်း အပိုင်း မရောက်မီ မမွေးမီကျေးဇူးသော်မှ မြင်း မိုရ်တောင်ကြီးထက်ပင် ဆယ်ပြန်မြင့်နေ ခဲ့ပြီဆိုသည်မှာ မလွဲဧကန်လက်ခံရမည့် အချက်ဖြစ်ပါသည်။
အနှိုင်းမဲ့မေတ္တာရှင်မွေးမေမေ
ဘယ်ပန်းချီရေးလို့မမီဆိုသည့်ဆိုရိုး စကားသည် ကျွန်ုပ်တို့ကို ကိုးလလွယ် ၁ဝ လဖွားခဲ့သော မွေးမေမေများ၏ မေတ္တာကို စာဖြင့်ဖွဲ့နွဲ့၍မရသည်အထိ ကြီးမားကြောင်း ထင်ဟပ်ပေါ်လွင်စေရန် သုံးစွဲခဲ့သောဆိုရိုးစကားဖြစ်ပါသည်။ မှန် ပါသည်။ ကျွန်ုပ်တို့၏မွေးမေမေများ သည် ကျွန်ုပ်တို့ကို ဝမ်းဗိုက်အတွင်း ပဋိ သန္ဓေတည်၊ စတင်လွယ်ထားရသည့် အချိန်ကစလို့ အစားအသောက်ကို မပူ လွန်း၊ မငန်လွန်း၊ မစပ်လွန်း၊ မခါးလွန်း သည့်အစာများကိုသာစားရပြီး ဆင်ခြင်ခဲ့ ရပါသည်။ မွေးလာမည့်ကိုယ့်သား သမီးလေးအနာရောဂါကင်းဝေးစေရန် အသွားအလာ၊ အနေအထိုင်ဆင်ခြင်ခဲ့ရ သည့် အပြင်မွေးပြန်ပြီဆိုတော့လည်း သေမင်းလက်ကို အသက်တစ်ဝက်အပ်လို့ နာကျင်ခြင်းဝေဒနာနှင့်အတူပင်ပန်းကြီး စွာမွေးခဲ့ရပြန်ပါသည်။ အဲသည့်နာကျင် ခြင်းဝေဒနာဟာလည်း မွေးလာသည့် ကိုယ့်သားသမီးလေးရဲ့ မျက်နှာကို မြင် တွေ့ရချိန်မှာပိန်းကြာရွက်ပေါ်ရေမတင် သကဲ့သို့ အလျှင်းပပျောက်သွားသည်မှာ မွေးမေမေများရဲ့ အနှိုင်းမဲ့ မေတ္တာဓာတ် ပင်ဖြစ်ပါသည်။ အံ့သြဖွယ်ရာအချက်မှာ မွေးမေမေတိုင်းရဲ့ မေတ္တာဟာနီရဲသည့် သွေးကို အဖြူရောင်အဖြစ်ပြောင်း၍ အာဟာရပြည့်ဝသောနို့ချိုအဖြစ်ဖန်ဆင်း နိုင်ခြင်းပါ။ ကိုယ့်သားသမီးအတွက် ဆိုလျှင် အရှက်ကိုပင် ပဓာနမထားဘဲ အပျိုစင်ကာလတစ်လျှောက်လုံးလုံအောင် ဖုံးခဲ့သည့်ရင်သားကို လူကြားသူကြား ထဲဖော်လို့ လှန်တိုက်ဖို့ဝန်မလေးခဲ့ပေ။ မိခင်စားသမျှဟာ နို့ရည်ကနေတစ်ဆင့် သားသမီးဆီရောက်လို့ တစ်ခုခုဖြစ်မှာ စိုးရိမ်စိတ်ဖြင့် အစားအသောက်ဆိုလည်း ကိုယ်စားချင်သည်ကိုဘေးချိတ်ပြီးကလေး နှင့်သင့်လျော်မယ့်အရာများ ရွေးချယ်စား သောက်ခဲ့ရသည်မှာလည်း ကြီးစွာသော ဒုက္ခတစ်ခု၊ ထိုဒုက္ခကိုပင် ကလေးလေး မျက်နှာကြည့်လို့ ပီတိဖြာခဲ့ရပြန်သည်။ ကိုယ့်သားသမီးလေးအရွယ်ရောက်လာ လျှင် ကြမ်းတမ်းသည့်စရိုက်မျိုးမဖြစ် စေရေးအတွက်လည်း အပြောအဆို၊ အနေ အထိုင်ကအစဆင်ခြင်ခဲ့ရသည်။ ထို့ ကြောင့်ပင်လျှင် အနှိုင်းမဲ့မေတ္တာရှင် မွေး မေမေဟုတင်စားလိုက်ရခြင်းဖြစ်ပါသည်။
လျှို့ဝှက်နက်နဲသည့်ကျွေးကျေးဇူးရှင်ဖေဖေ
ယေဘုယျအားဖြင့် ဖခင်တိုင်းသည် မွေးလာသည့် သားသမီးအားလုံးကို ကိုယ့်အသွေးအသားလေးဆိုသည့် ထူး ဆန်းသောစိတ်ဖြင့် ပို၍ပို၍ချစ်တတ် ကြပါသည်။ သို့သော် အံ့အားသင့်ဖွယ် ကောင်းသည်မှာ ထုတ်ဖော်လှစ်ဟမပြ တတ်ဘဲ မမြင်ကွယ်ရာမှနေ၍ လျှို့ဝှက် တိတ်ဆိတ်စွာချစ်နေကြသူများဖြစ်နေ သည့်အချက်ဖြစ်၏။ ဖခင်တိုင်းလိုလို ကိုယ့်သားသမီးလေးအရွယ်ရောက်လာ လျှင် သူ့ပြောစကားများ အာဏာမတည် မည်ကို စိုးရွံ့သည်ကတစ်မျိုး၊ ယောက်ျား လေးဆိုသည့် မာနကတစ်ဖုံအကြောင်း စုံကြောင့် ၄င်းတို့၏ရင်တွင်းမှာ ကျိတ်၍ ဖြစ်ပေါ်နေသောမေတ္တာဓာတ်ကို အမြဲလို လိုပင်ဖုံးကွယ်တတ်ကြပါသည်။သာဓက အနေဖြင့် ကိုယ့်သားသမီးလေးအိပ်ပျော် သွားမှ ခိုးနမ်းရတာမျိုး၊ သားသမီးလေး များ၏ ဖွံ့ဖြိုးတိုးတက်မှုအကြောင်းကို ဇနီးသည်နှင့် တိုးတိုးတိတ်တိတ်တိုင်ပင် ရတာမျိုးတွေ ပြုလုပ်ကြပါသည်။ စား၊ ဝတ်၊ နေရေးအတွက် သာမကစာတတ် မြောက်ရေးပညာသင်ပေးရန်အလို့ငှာ ငွေ ကိုကြိုးစားရှာဖွေသည့်အပြင် ကိုယ့်သား သမီးမျက်နှာမငယ်ရစေရေး လိုလေသေး မရှိအောင်ဖြည့်ဆည်းပေးခဲ့ပြန်ပါသည်။ ထို့ပြင် စည်းကမ်းဟူသမျှ အိမ်ကစဆို သည့်ဆိုရိုးအတိုင်း သားသမီးများလိမ္မာ ရေးခြားရှိစေရန်၊ လူ့ဘောင်လောက၌ စည်းနှင့်ကမ်းနှင့်နေတတ်စေရန်တို့အတွက် ဇာတိရုပ်ကိုဖုံးဖိပြီး ခြိမ်းခြောက်ပြောဆို အတိုက်အခံလုပ်ခဲ့ရ သူဟာဖေဖေပါ။ သားသမီးမကောင်း မိဘခေါင်းဆိုတော့ လည်း ကိုယ့်ထက်သာသော၊ မြတ်သော လူတော်၊ လူကောင်းတွေဖြစ်စေရေး ဆုံးမ သွန်သင်မှုတွေပေးခဲ့တာလည်း ဖေဖေပါ။ ထို့ကြောင့် ကျွန်ုပ်တို့၏ဖခင်များကို လျှို့ ဝှက်နက်နဲသည့် ကျွေးကျေးဇူးရှင် ဖေဖေ များဟု တင်စားလိုက်ရခြင်းဖြစ်ပါသည်။
အအေးမြဆုံးမေတ္တာရိပ်
မိဘများက မိဘဝတ္တရား ငါးပါးကို ကျေပွန်အောင်ဖြည့်ဆည်းပေးခဲ့မှုအလွန် ကျွန်ုပ်တွေတစ်တွေ လူလားမြောက်လာ သည်နှင့်အမျှ၊ အသိပညာအတတ်ပညာ စုံလင်လာသည်နှင့်အမျှ တစ်နေ့နေ့တစ် ချိန်ချိန်တွင် မိဘရင်ခွင်ကနေ ခွဲထွက်လို့ ကိုယ်ပိုင်ဘဝလမ်းကို လျှောက်လှမ်းကြ ရလိမ့်မည်ဖြစ်သည်။ ထိုကဲ့သို့လျှောက် လှမ်းကြရာဝယ် ပြင်ပလောကကြီးတွင် လူအမျိုးမျိုးနှင့်ကြုံတွေ့ကြရပြီး ကောင်း ခြင်း၊ ဆိုးခြင်းများဒွန်တွဲစွာဖြင့် ရင်ဆိုင် ကျော်လွှားရမည်မှာ မလွဲဧကန်ပင်ဖြစ်ပါ သည်။ မည်မျှပင်ကောင်းမွန်သော နေရာ ဌာနများ၌ပင် ရောက်ရှိသည်ဖြစ်စေ မိဘ ၏အေးရိပ်လောက် အေးမြမှုရှိလိမ့်မည် မဟုတ်ပေ။ ပြင်ပလောကကြီးတွင် အစုန် သာရှိအဆန်မရှိသော မိဘမေတ္တာလောက် အေးချမ်းမှုပေးနိုင်သည့်နေရာလည်း ရှာ တွေ့နိုင်မည်မဟုတ်ပေ။
အကြောင်းမှာ မိဘများကဲ့သို့ ပေးဆပ်မှု သက်သက်ဖြင့် ကျွန်ုပ်တို့အပေါ် ကူညီ စောင့်ရှောက်မည့်သူ၊ ပြုစုပျိုးထောင်ပေး မည့်သူမရှိသလောက် ရှားနေခြင်းကြောင့် ဖြစ်ပါသည်။ ထို့ကြောင့်လည်း မည် သည့်နေရာဌာနကိုရောက်ရောက် အမြဲ မပြတ်ပြန်လည်ခိုလှုံချင်စိတ်ဖြစ်ပေါ်မိသော မိဘအရိပ်ကို အအေးမြဆုံးမေတ္တာရိပ်ဟု တင်စားလိုက်ရခြင်းဖြစ်ပါသည်။