images
UN
UN
ကြီးလာရင်စာရေးဆရာကြီးဖြစ်အောင်ကြိုးစားမယ်ပညာရေးမှူးကြီးလည်းဖြစ်ချင်ပါတယ်အထက(လေးမျက်နှာ)မှ လေးဘာသာဂုဏ်ထူးဖြင့်အောင်မြင်သောမောင်နိုင်သူလင်းနှင့်တွေ့ဆုံခြင်း
ကိုမိုး(ရွှေပြည်သာ) Sunday, 12 July 2015
လေးမျက်နှာမြို့နယ်၌ ဂုဏ်ထူးဆုရ ကျောင်းသား ကျောင်းသူများ ဂုဏ်ပြုဆုပေး ပွဲကို ယခုလ၅ရက် နံနက် ၉နာရီက မြို့နယ်အားကစားခန်းမ၌ကျင်းပခဲ့သည်။
၂ဝ၁၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(ဝိဇ္ဇာ)တွဲတွင် ခုံအမှတ် (အထ-၇၈၅)ဖြင့် ဝင်ရောက်ဖြေဆိုခဲ့ပြီး ရမှတ်ပေါင်း ၄၈၅မှတ်ဖြင့် တစ်နိုင်ငံလုံး(ဝိဇ္ဇာ)တွဲ သတ္တမဆု ရခဲ့သော အထက(လေးမျက်နှာ) မှ လေးဘာသာဂုဏ်ထူးရှင် မောင်နိုင်သူလင်းနှင့် တွေ့ဆုံမေးမြန်းခဲ့မှုကို ဖော်ပြပေးလိုက်ပါသည်။

•• တစ်နိုင်လုံးသတ္တမဆုရတဲ့အပေါ် ခံစားမှုလေးပြောပါဦး။
တိုင်းဒေသကြီးကလည်းအောင်ချက် အကောင်းဆုံးရတယ်။ သားတို့ကလည်း Top 10 ထဲပါဝင်ခွင့်ရလို့ ပျော်ပါတယ်။ သားအမှတ်ပေါင်းက ၄၈၅မှတ်ရတယ်။ Facebook မှာ အဆင့်(၉)လို့ပြတယ်။ အခုဆုပေးပွဲမှာတော့ သတ္တမလို့ကြေညာ ထားပါတယ်။ တကယ်တော့ ၄၈၅မှတ် က အမှတ်တူတာသုံးဦးရှိနေလို့ပါ။

•• ကျောင်းတက်ရတာ ဝေးသလား၊ ကျောင်းစာသင်ချိန်အပြင် ဘယ်လိုကျက် မှတ်သလဲ။
နယ်ဒေသတွေဆိုတော့ ကျောင်းနဲ့ ဝေးတာပဲပေါ့။ သခွတ်ချောင်းရွာကမြို့နဲ့ အနီးဆုံးရွာလို့တော့ပြောလို့ရတယ်။ ကား လမ်းမကနေ အိမ်အထိတောင်တစ်မိုင် လောက်ဝင်ရပါတယ်။ အဖေနဲ့ အမေက အဆင်ပြေအောင် ဆိုင်ကယ်နဲ့ပို့ပေးလေ့ရှိ တယ်။ တစ်ခါတလေတော့လမ်းလျှောက် ရတယ်။ ကျောင်းစာသင်ချိန်အပြင် အလယ်တန်းပြဆရာမ ဒေါ်မြမြကြည်နဲ့ ဒေါ်ခင်အေးလွင်တို့ဆီမှာ သားစာကျက် ထားတာကို စစ်ဆေးမှုအမြဲလုပ်ရတယ်။ စာသင်ချိန်နောက်ပိုင်း ၃နာရီ၁၅မိနစ်ကနေ ၅နာရီ ၁၅မိနစ်အထိ စာဖတ်ဝိုင်းမှာစာပြန် ဆိုပြရပါတယ်။

•• စာကျက်ချိန်နဲ့ ပတ်သက်လို့ ထူးထူး ခြားခြား ပိုပြီးအချိန်ယူကျက်ရတာရှိလား။
အိမ်မှာတော့ ည ၁ဝနာရီနဲ့ ၁၁ နာရီ အထိပဲစာပြန်စစ်တယ်။ ရေးမှတ်ပြီး ကျက်တာမျိုးတွေလုပ်ပါတယ်။

•• တခြားဝါသနာပါတဲ့ အားကစား၊ အနုပညာတွေက ဘာတွေရှိသလဲ။
ဘောလုံးကန်တာဝါသနာပါတယ်။ ကြီးလာရင် စာရေးဆရာကြီးဖြစ်အောင် ကြိုးစားမယ်လို့ စိတ်ကူးထားတယ်။

•• အနာဂတ်ရည်မှန်းချက်ကဘာလဲ။
ပညာရေးတက္ကသိုလ်ဆက်တက်မယ် လို့ဆုံးဖြတ်ထားပါတယ်။ ကျောင်းဆရာ အဖြစ်နဲ့ နိုင်ငံ့တာဝန်ကိုထမ်းဆောင်မယ်။ ပညာရေးမှူးကြီးလည်း ဖြစ်ချင်ပါတယ်။

•• လာမယ့်တက္ကသိုလ်ဝင်တန်းဖြေဆို ကြမယ့် ညီငယ်ညီမငယ်တွေကို ဘယ်လို အကြံဥာဏ်မျိုးတွေ ပေးချင်သလဲ။
စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး ဖြေကြပါလို့၊ ပြီးတော့ ဧရာဝတီတိုင်းက ဖြေမယ့်ညီငယ်၊ ညီမငယ်တွေအောင်ချက် ရာခိုင်နှုန်းအမြင့်ဆုံးအဆင့်ကို ဆက်ထိန်း နိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

•• အခုဆုချီးမြှင့်ပွဲလေးအပေါ် သုံးသပ် ပေးပါဦး။
နိုင်ငံတော်က ပညာရေးကဏ္ဍကို ဘက်စုံပံ့ပိုးပေးနေတယ်။ တိုင်းဒေသကြီး ကလည်းသားတို့ကျောင်းတွေရဲ့ အောင် ချက်မြင့်မားအောင်ဆုပေးတယ်။ ပြီးခဲ့တဲ့ နှစ်ကထူးချွန်ဆုရကျောင်းသားကျောင်းသူ တွေကိုရီးယားနိုင်ငံကို လေ့လာရေးခရီး စေလွှတ်ခဲ့တယ်။ အခုသားတို့ကိုလည်း တရုတ်နိုင်ငံကိုပို့ပေးဖို့ အစီအစဉ်ရှိတယ် လို့သိရပါတယ်။ ဂုဏ်ပြုဆုတွေအတွက် ပံ့ပိုးလှူဒါန်းပေးသူတွေရော ပြည်ပခရီး ပို့ဆောင်ပေးတဲ့ ကုမ္ပဏီကိုပါ ကျေးဇူး တင်ပါတယ်လို့ ပြောချင်ပါတယ်။