images
UN
UN
ဖြည့်ဆည်းရန် လိုအပ်လျက်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေး
နိုမီကို(နည်းပညာ) Sunday, 26 July 2015
ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံသည် နိုင်ငံရေးအရ အသွင်ကူး ပြောင်းရေးကိုပါ ဆောင်ရွက် နေရချိန်တွင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် လူထု ဗဟိုပြုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေးသည် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်လာခဲ့ပြီဖြစ်သည်။ ဤသို့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် လူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လူမှုကာကွယ်စောင့်ရှောက်ရေးစနစ်များကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရန်လို အပ်ပါသည်။ လူမှုကာကွယ်စောင့်ရှောက် ရေးစနစ် မြင့်မားခြင်းသည် နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်မှု နှုန်းနှင့် တိုက်ရိုက်နီးပါး အချိုးကျပါသည်။
မြန်မာနိုင်ငံအနေဖြင့် လူမှုကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများအတွက် မကြာသေးမီ ကာလက တိုးမြှင့်သုံးစွဲမှုများ ရှိလာခဲ့သည့်တိုင် စုစုပေါင်း GDP ၏ ဝ ဒသမ ဝ၂ ရာခိုင်နှုန်းခန့်သာရှိသည့်အတွက် ကမ္ဘာ့နိုင်ငံများကိုမဆိုထားနှင့် အာဆီယံဒေသတွင်း နိုင်ငံများနှင့်နှိုင်း ယှဉ်လျှင်ပင် အနိမ့်ဆုံးနေရာ၌သာရှိနေခဲ့ ကြောင်းတွေ့ရပါသည်။ ဝင်ငွေနည်းသော နိုင်ငံအများစုသည်ပင် ၁ ဒသမ ၁ ရာခိုင် နှုန်းသုံးစွဲထားပြီး အာဖရိကနိုင်ငံများတွင် မူ ၁ ဒသမ ၇ ရာခိုင်နှုန်းအထိ သုံးစွဲထား သည်ကိုတွေ့ရသည်။ လူမှုကာကွယ် စောင့်ရှောက်ရေးစနစ်တွင် လူမှုဖူလုံရေး ဆောင်ရွက်မှုများလည်း ပါဝင်ရာ မြန်မာနိုင်ငံတွင် အလုပ်သမားများအတွက် လူမှုဖူလုံရေးထောက်ပံ့မှုအနေဖြင့် လူဦးရေ၏ ၃ ရာခိုင်နှုန်းခန့်ကိုသာ လွှမ်းခြုံမှု ပေးနိုင်သေးကြောင်း တွေ့ရသည်။
ထို့ကြောင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် ဆင်းရဲမှုလျှော့ချရေးနှင့် လူထုဗဟိုပြုဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ် များကိုပါ ထည့်သွင်းဆောင်ရွက်ရန်လို အပ်လာပေသည်။ လူမှုကာကွယ်စောင့် ရှောက်ရေးဆိုရာတွင် မမျှော်လင့်ဘဲဖြစ် ပေါ်တတ်သည့် သဘာဝဘေးအန္တရာယ် များ၊ တုန်လှုပ်ဖွယ်ရာများကို ကြံ့ကြံ့ခံနိုင်ရန်၊ တုံ့ပြန်မှု မြန်ဆန်အားကောင်းစေရန် အထောက်အပံ့ပေးခြင်း၊ လူမှုဖူလုံရေးနှင့် လူမှုကူညီထောက်ပံ့ရေးအစီအစဉ်များ ဆောင်ရွက်ပေးခြင်း (ပင်စင်လစာများ၊ အလုပ် လက်မဲ့နှင့် မသန်စွမ်းသူများဆိုင် ရာ အာမခံ)၊ အလုပ်လိုအပ်သူများအား အလုပ်အကိုင်ဖန်တီးပေးခြင်း၊ ဆင်းရဲနွမ်း ပါးသူများနှင့် အကာအကွယ်မဲ့သူများ (ဥပမာ-အမျိုးသမီးများ၊ မသန်စွမ်းသူ များ၊ မိဘမဲ့ကလေးများ၊ နာတာရှည် ရောဂါသည်များ... စသည်)အပါအဝင် လူသားအားလုံးအတွက် အစာအာဟာရ၊ ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုများ အား မျှတစွာရရှိနိုင်ရန် ကူညီဆောင်ရွက် ပေးခြင်းတို့ အလုံးစုံပါဝင်ပါသည်။
မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့် ရှောက်ရေး မြှင့်တင်ဆောင်ရွက်မှုများကို လေ့လာသုံးသပ်မိသရွေ့ တင်ပြရမည်ဆို ပါလျှင် ပညာရေးကဏ္ဍ၌ ဆင်းရဲနွမ်းပါး ပြီး အကာအကွယ်မဲ့သည့်ကျောင်းသား များအတွက် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်း၊ ပညာသင်ဆုများ၊ ကျောင်း သုံးဗလာစာအုပ်များ ပေးအပ်ခြင်းအပါ အဝင် အစားအစာမဖူလုံသည့်ကလေးများ၊ ကျောင်းမနေနိုင်တော့သည့်ကလေးများနှင့် တိုင်းရင်းသား လူငယ်များ ပညာရေးလက်လှမ်းမီစေရန် ဆောင်ရွက်ပေး ခြင်းများနှင့် ကျောင်းတွင်း အစားအစာကျွေးခြင်းများ ဆောင်ရွက်ပေးနေသည်ကို တွေ့ရှိရပါသည်။

ကျန်းမာရေးအနေဖြင့်မူ ကိုယ်ဝန် ဆောင်များနှင့် နို့တိုက်မိခင်များအတွက် အစားအစာနှင့် အားဆေးများ ထောက်ပံ့ခြင်း၊ ကလေးသူငယ်များအတွက် အားဖြည့်အစားအစာများ ထောက်ပံ့ခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များကျန်းမာရေး ဌာနသို့ သွားရသည့်အခါ ကုန်ကျသည့် ခရီးစရိတ်များ၊ မီးမဖွားမီ လိုအပ်သည့် ဝန်ဆောင်မှုများရရှိရန်၊ မွေးဖွားရာတွင် ကျွမ်းကျင်သည့် သားဖွားဆရာမများဖြင့် မွေးဖွားနိုင်ရန်၊ မွေးဖွားပြီးချိန်၌ ကလေးများအတွက် လိုအပ်သည့်ကာကွယ်ဆေးများထိုးနှံနိုင်ရန် စသည်တို့အတွက်လိုအပ်မည့် ကုန်ကျစရိတ် များကို ကာမိစေရန် မိခင်နှင့်ကလေးကျန်းမာရေးဘောက်ချာများပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိ ကြောင်း တွေ့ရပါသည်။
အလုပ်သမားလုပ်သားပြည်သူများ အတွက် လူမှုဖူလုံရေး(Social Security Board-SSB)၊ ရွှေ့ပြောင်းလုပ်သားများအတွက် အလုပ်အကိုင်ဝန်ဆောင်မှုများ၊ အလုပ်အတွက် အစားအစာနှင့် ငွေကြေး ထောက်ပံ့မှု၊ အကာအကွယ်မဲ့ ရပ်ရွာ လူထုအတွက် အသက်မွေးဝမ်းကျောင်း အစီအစဉ်များ၊ အစိုးရဝန်ထမ်းများအတွက် ပင်စင်များ၊ သက်ကြီးရွယ်အိုများအတွက် ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ကလေးများ အတွက် ဂေဟာများ၊ မသန်စွမ်းသူများအား ပြုစုစောင့်ရှောက်ခြင်း၊ အနာကြီးရောဂါသည်များအတွက် ဖူလုံရေး ဝန်ဆောင်မှုများ၊ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ပြီးနောက် ငွေသားနှင့်အခြား ပစ္စည်းများထောက်ပံ့ ပေးအပ်ခြင်း စသည်တို့အား ဆောင်ရွက်လျက်ရှိကြောင်းတွေ့ ရပါသည်။
သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(World Food Programme)၊ Livelihoods and Food Security Trust Fund (LIFT Fund) အဖွဲ့၊ UNICEF၊ ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်း များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ စသည်တို့ဖြင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိနေပြီဖြစ်သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည့်ပြည့်ဝဝ လွှမ်းခြုံနိုင်ရန် အလှမ်းဝေး နေဆဲဖြစ်ပါသည်။
ထို့ကြောင့် လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် လူမှုကူညီထောက်ပံ့ ရေးအသုံးစရိတ်များကို တိုးမြှင့်ခြင်း၊ ပိုမိုခိုင်မာသည့် လူမှုဖူလုံရေးအစီအစဉ်များ ချမှတ်ခြင်း၊ လက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုဖွံ့ဖြိုးရေး စီမံကိန်းကဲ့သို့သော ပလက်ဖောင်းများမှတစ်ဆင့် လူမှုကူညီထောက်ပံ့မှုများ ဆောင်ရွက်ခြင်းစသည့် နည်းလမ်းများ ဖြင့် ပိုမိုအားကောင်းလာစေရေး ဖြည့် ဆည်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။
ကိုးကား - ကမ္ဘာ့ဘဏ်မှ ပြုစုသည့် မြန်မာနိုင်ငံ၏ လူမှုကာကွယ်စောင့်ရှောက်ရေးနည်းပညာဆိုင်ရာ မှတ်စုများ။