images
UN
UN
ရေကြီးနောက်ဆက်တွဲကျန်းမာရေးပြဿနာ သတိပြုသင့်သည့်အချက်များ
စိုးစိုးစံ Tuesday, 11 August 2015
ယခုလသည် မြန်မာနိုင်ငံတွင် ကလေးဖျားနာမှုအများဆုံးလဖြစ်ပြီး ယခုအခါ ရေကြီးရေလျှံမှုဖြစ်စဉ်နှင့် တိုက်ဆိုင်နေသောကြောင့် နောက်ဆက်တွဲကျန်းမာရေး ပြဿနာများဆိုးရွားစွာဖြစ်ပေါ်နိုင်မှုနှင့်ပတ်သက်၍ သတိပြုလိုက်နာသင့်သည့် အချက်များနှင့်စပ်လျဉ်း၍ ဒေါက်တာရဲမြင့်သူ (မြန်မာနိုင်ငံကလေးဆရာဝန်များ အသင်းဥက္ကဋ္ဌ) ၏ပြောကြားချက်များကို စုစည်းဖော်ပြအပ်ပါသည်။

■ မြွေအန္တရာယ်
အခုရေကြီးမှုဖြစ်တာက မြန်မာနိုင်ငံ အလယ်ပိုင်းပါနေတယ်။ မကွေးတိုင်း ဒေသကြီးပါနေတယ်။ မကွေးတိုင်းဒေသ ကြီးက မြန်မာနိုင်ငံမှာမြွေကိုက်မှုအများ ဆုံးတိုင်းပါ။ အခုမြွေကလည်းရေဘေး ဒုက္ခသည်ဖြစ်နေတယ်။ ရေကြီးဒေသတွေ ကိုကျန်းမာရေးဝန်ကြီးဌာနက မြွေဆိပ် ဖြေဆေးတွေပို့ဖို့စီစဉ်နေတယ်။ ပရဟိတ အဖွဲ့လေးတွေကလည်း ဝယ်သွားကြပါ တယ်။ မြန်မာနိုင်ငံမှာ အဓိကတွေ့နိုင်တာ တော့မြွေပွေးပါပဲ။ မြွေဟောက်ဆိုတာက တော့အင်မတန်ရှားပါတယ်။ ဆေးရုံတွေ မှာမြွေဟောက်ဆေးမလောက်ဘူးဆိုတာ ရှိကိုမရှိဘူး။ နောက်တစ်ခု ငယ်ငယ်က တည်းက အရိုးစွဲနေတဲ့ကိစ္စတစ်ခုရှိပါ တယ်။ မြွေကိုက်ခံရရင် ဓားနဲ့လှီးမယ်။ ကြိုးနဲ့ချည်မယ်ဆိုတာတွေ၊ ဒီလိုကိစ္စတွေ ဟာ မဟုတ်တော့ဘူးဆိုတာလည်း ပညာ ပေးဖို့လိုလာပြီ။

■ အဆုတ်အအေးမိရောဂါ(နမိုးနီးယား)
မြန်မာနိုင်ငံမှာငါးနှစ်အောက်ကလေး သေဆုံးမှုအများဆုံးက နမိုးနီးယားပါ။ နမိုးနီးယားဆိုတာ အဆုတ်အအေးမိတာ။ အဆုတ်အအေးမိတယ်ဆိုတာ ဗက်တီးရီး ယားပိုးဝင်တာ၊ ၂ဝ၁၂ကနေစပြီး အဲဒီ ရောဂါကာကွယ်ဆေးစထိုးနေပြီဆိုတော့ အဲဒီနောက်ပိုင်းကလေးတွေကတော့ အဲဒီ ရောဂါကို အထိုက်အလျောက်ကာကွယ် နိုင်တယ်။ ဒါပေမယ့်အများစုအခုလူငယ် တွေအထိကတော့ မကာကွယ်ပါဘူး။ မကာကွယ်တဲ့အတွက်ကြောင့် ဖြစ်လာ ရင်ထိပ်ဆုံးက အဲဒါခံရမှာပါပဲ။ ခုချိန်မှာ ကလေးတွေ နွေးနွေးထွေးထွေးထားနိုင်ဖို့ ကအရေးကြီးတယ်။ ရေကြီးတဲ့နေရာတွေ မှာလိုအပ်နေတာက ကလေးတွေအတွက် စောင်တွေ၊ အဝတ်အစားတွေ။ အဲဒါတွေ မဖြည့်ပေးနိုင်ရင် ကလေးတွေက နမိုး နီးယားဖြစ်မှာပဲ။ နမူနာတစ်ခုပြောရရင် ကျွန်တော်ဆေးကျောင်းသားဘဝတုန်းက ရခိုင်ဘက်မှာ လေဘေးဒုက္ခသည်တွေဖြစ် တဲ့အချိန်မှာ ကျွန်တော်တို့ ဒီကနေအနွေး ထည်တွေပို့ပေးလိုက်တဲ့အခါ နမိုးနီးယား ကျသွားတာ တွေ့ရတယ်။ နမိုးနီးယားက ကလေးအများကြီးသေတတ်တယ်ဆိုတာ ကိုသတိပြုဖို့လိုပါတယ်။

■ ဝမ်းလျှောဝမ်းပျက်ရောဂါ
နည်းနည်းလေးရေပြန်ကျသွားပြီဆို တာနဲ့ လူတွေရွာထဲပြန်ဝင်လာပြီ။ အဲဒီမှာ ပြဿနာကရေပဲ။ ဒီကနေ ကလိုရင်းခတ် ဖို့ဆေးတွေဝယ်သွားမယ်လို့ ပြောနေသံ တွေကြားတယ်။ ဒါပေမယ့်ဟိုဘက်မှာ က ကလိုရင်းခတ်လောက်တဲ့ရေမရှိဘူး။ ကလိုရင်းက ရေတွင်းလည်းသွားခတ်လို့ မရဘူး။ အဲဒီရေတွင်းက ရေဆိုးရေညစ် တွေဝင်လို့ ပျက်စီးသွားပြီ။ တချို့အဝီစိ ရှိတဲ့နေရာတွေ နည်းနည်းတော်သေး တယ်။ မြစ်ချောင်းအင်းအိုင်ထဲက ရေ တွေလည်း သုံးလို့မရဘူး။ အဲဒီ့အချိန်မှာ အိမ်သာသွားစရာလည်းမရှိဘူး။ ဝမ်း လျှောဝမ်းပျက်က တန်းစီဖြစ်မှာ။ မြန်မာ ပြည်မှာ ငါးနှစ်အောက်ကလေး ဒုတိယ အသေအများဆုံးရောဂါက ဝမ်းလျှောဝမ်း ပျက်ပဲ။ နမိုးနီးယားပြီးရင် နောက်က လိုက်လာတာက ဝမ်းလျှောဝမ်းပျက်ပဲ။ ဝမ်းလျှောဝမ်းပျက်ဖြစ်ရင် အဲဒီကလေးကို ဆေးရုံပို့ဖို့ဆိုတာက တကယ့်အခြေအနေ မှာမလွယ်သလောက်ပါပဲ။ ပထမဆုံး လုပ်ရမယ့်အချက်က ဓာတ်ဆားရည် တိုက်ဖို့၊ ဓာတ်ဆားရည်လုံလုံလောက် လောက်ပါသွားဖို့လိုပါတယ်။ ဒါပေမယ့် ဓာတ်ဆားထုပ်ပေးရုံနဲ့မရဘူး။ အဲဒါကို ဖျော်စရာရေကလည်း ရှိဦးမှကိုးဆိုတော့ ရေကောင်းရေသန့်သောက်နိုင်ရမယ်။ အဲဒီရေကောင်းရေသန့်ကလည်း လိုအပ် တဲ့အခါ ဓာတ်ဆားရည်ဖျော်နိုင်ရမယ်။ ကလေးသည် ဝမ်းလျှောဝမ်းပျက်ရင် တခြားဘာမှမလုပ်နဲ့ဦး။ အဲဒီဓာတ်ဆား ရည်ကို တစ်ချိန်လုံးထိုင်တိုက်နေရင်ဆေးရုံ ဆေးခန်းရောက်ပြီး အသေအပျောက်ဖြစ် တဲ့နှုန်းကအတော်လေးနည်းသွားနိုင်ပါ တယ်။

■ အာဟာရချို့တဲ့ရောဂါ
ပြန်လည်ထူထောင်တဲ့အချိန် နောက် တစ်ခုက ဘာဝင်လာတတ်လဲဆိုတော့ အာဟာရချို့တဲ့တဲ့ရောဂါ။ ကျွန်တော်တို့ နိုင်ငံမှာ ငါးနှစ်အောက်ကလေးတွေရဲ့ ၄ဝ ရာခိုင်နှုန်းက အာဟာရစံမမီပါဘူး။ ဆယ်ယောက်မှာလေးယောက်က ရှိသင့်ရှိ ထိုက်တဲ့ပေါင်ချိန်မရှိပါဘူး။ ရောဂါက လက္ခဏာထွက်မပြတတ်ဘူး။ ဒါပေမယ့် စံမမီဘူး။ အဲဒီအချိန်မှာ သဘာဝဘေး အန္တရာယ်ဝင်လိုက်လို့ရှိရင် အသက်ပါ အန္တရာယ်ပေးနိုင်တဲ့အထိ ဆိုးဆိုးရွာရွား အာဟာရချို့တဲ့တဲ့ကိစ္စပေါ်လာတတ်ပါ တယ်။ အားဆေးတွေလိုက်ဝေနေရင် သိပ် မထိရောက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဆေးက နေ့တိုင်းသောက်ရမယ့်ကိစ္စ ရှိတယ်။ သူတို့သောက်ချင်မှ သောက်နိုင် မယ်။ လုံလောက်အောင်ဝယ်ချင်မှဝယ်နိုင် မယ်။ ကျွန်တော်တို့ကို ယူနီဆက်လည်း အကြံပေးထားတာရှိတယ်။ ကျွန်တော်တို့ အများဆုံးလုပ်ရမှာက ဘာလဲဆိုတော့ ဝင်လို့ရပြီဆိုတာနဲ့ ဗီတာမင် A ဆေးတွေ တိုက်ကျွေးပေးမယ်။ ပထမဆုံးခံထားရ မှာက ဗီတာမင် Aပဲ။ မြန်မာနိုင်ငံမှာ ဗီတာမင် C မချို့တဲ့ပါဘူး။ ဗီတာမင် A ပဲချို့တဲ့တာပါ။ သူကတစ်လုံးတိုက်လိုက် ရင်ခြောက်လလောက်ထားလို့ရပါတယ်။ အဲဒါလေးတွေတိုက်ဖို့ အစီအစဉ်လုပ်ကြ စေချင်ပါတယ်။ ကျွန်တော်တို့ ကျန်းမာ ရေးဝန်ကြီးဌာနကလည်း လုပ်ပါမယ်။

■ ဝက်သက်ရောဂါ
သဘာဝဘေးအန္တရာယ်တစ်ခု အပြီး နောက်မှာကပ်တွေလိုက်လာတတ်တယ်။ အဲဒီလိုက်လာတတ်တဲ့ကပ်တွေနောက်မှာ ကျွန်တော်တို့ကြောက်တာကတော့ ဝက် သက်ပဲ။ ဝက်သက်က ရုတ်တရက်ကြီး ပြန့်လာတတ်တယ်။ ပြီးတော့ကာကွယ် ဆေးထိုးတဲ့လုပ်ငန်းတွေက အကုန်ရပ် သွားပြီ။ ကာကွယ်ဆေးထိုးနေတဲ့နေရာ တွေအားလုံးကလည်းအဆက်အစပ်ပြတ် သွားပြီ။ ရေထဲမျောပါသွားပြီဆိုတော့ အဲဒီကလေးတွေက ကာကွယ်ဆေးမရ တော့ဘူး။ အဲဒီ့ကလေးတွေရဲ့နောက် ဆက်တွဲပြဿနာမှာ အဲဒါတွေလိုက်လာ တယ်။ ဒီပြဿနာတွေကိုရှင်းဖို့ လိုအပ် ပါတယ်။