images
UN
UN
ပါတီရဲ့အားကလည်း သမ္မတကြီးရဲ့ အားပါပဲ။ အစိုးရရဲ့ အားပါပဲ။ အစိုးရရဲ့အားကလည်း ပြည်သူရဲ့အားပါပဲ။
ကျော်ဇင် Friday, 23 October 2015
၂ဝ၁ဝပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဒက္ခိဏသီရိမြို့နယ်ရှိ ကျေးရွာအားလုံးနှင့် မြို့ပေါ်ရပ်ကွက် အားလုံး၏ထောက်ခံမှုဖြင့် ဦးမြင့်လှိုင်သည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် လွှတ်တော်ထဲသို့ ရောက်ရှိခဲ့သည်။ ထိုမှတစ်ဆင့် နိုင်ငံတော်သမ္မတဦးသိန်းစိန် ဦးဆောင်ဖွဲ့စည်းခဲ့ သည့် အစိုးရအဖွဲ့တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့ကြောင့် ၂ဝ၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဒက္ခိဏသီရိမြို့နယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမြင့်လှိုင်က ဒက္ခိဏသီရိမှ မဲဆန္ဒရှင်များကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ဒက္ခိဏသီရိမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဦးမြင့်လှိုင်အား မေးမြန်းထားသည်များမှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။


အမည် - ဦးမြင့်လှိုင်
ပါတီ - ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ပညာအရည်အချင်း - သိပ္ပံဘွဲ့(စစ်တက္ကသိုလ်) မဟာဝိဇ္ဇာဘွဲ့(NDC)
ဝင်ရောက်ယှဉ်ပြိုင်မည့်မဲဆန္ဒနယ် - ဒက္ခိဏသီရိ၊ နေပြည်တော် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း

- အန်ကယ့်မဲဆန္ဒနယ်မြေမှာ ဇီးဖြူကုန်းနှင့် ရန်အောင်မြေကျေးရွာတွေ Strong ပဲလို့ ပြောသံကြားရတယ်။ ကျန်တဲ့ကျေးရွာတွေကကော ဘယ်လိုအနေအထား ရှိပါသလဲခင်ဗျာ။
ပြည်ထောင်စုဝန်ကြီးကာလမှာလည်း နေ့စဉ်ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခဲ့တယ်။ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လူမှုရေး၊ ဘိုးဘွားအရေးတွေအပါအဝင် သူတို့ရဲ့ အဓိကမှီခို အားထားရတဲ့ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးတွေကိုပါ အထူးအလေးထားပြီး ဆောင်ရွက်ခဲ့တယ်။ ဒီလိုဆောင်ရွက်ခဲ့တာကြောင့် ကျွန်တော်နဲ့ ပြည်သူတွေကြားမှာ အပြန်အလှန်နက်ရှိုင်းတဲ့ မေတ္တာတွေရှိတယ်။ နက်ရှိုင်းတဲ့ ယုံကြည်မှုတွေရှိတယ်။ သားနဲ့သမီး ညီအစ်ကိုမောင်နှမကဲ့သို့ ပွင့်ပွင့်လင်းလင်းပြောနိုင်တဲ့ အနေအထားတွေ ရှိတယ်။ တွေ့ကြုံရတဲ့ အခက်အခဲတွေကိုလည်း သူတို့ဘက်က ပွင့်ပွင့်လင်းလင်းပြောသလို ကျွန်တော်ကလည်း ပွင့်ပွင့်လင်းလင်းပဲ ဆွေးနွေးကြတယ်။ ဒါတွေကြောင့် အပြန်အလှန်ခိုင်မာတဲ့ သံယောဇဉ်တွေရှိတယ်။ ဒါကြောင့် ရန်အောင်မြေ နှင့် ဇီးဖြူကုန်းတွင် မကပါဘူး။ ကျေးရွာတိုင်းရဲ့အားကို ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော့် ယုံကြည်ချက်ကတော့ ပါတီစုံဒီမိုကရေစီ စနစ်ဆိုတော့ အားထားရတဲ့လူကို မဲတွေပေးကြမှာဆိုတော့ ပြတ်ပြတ်သားသားပဲ ကျွန်တော်ပြောမယ်။ အားလုံးခြုံလိုက်ရင် ရာခိုင်နှုန်း ၈ဝ နဲ့ အထက် အနိုင်ရရှိမယ်လို့ လေးလေးနက်နက် ယုံကြည်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီး လွန်းတာတော့ မဟုတ်ပါဘူး။ ပြည်သူတွေကို ကြည့်ရတာ အားရပါတယ်။
ကျွန်တော့်နယ်မြေမှာ ယှဉ်ပြိုင်တဲ့အခါ ပြည်သူကို အလုပ်အကျွေး ပြုရန် ရိုးသားဖြူစင်စွာဖြင့် ယှဉ်ပြိုင်မယ်ဆိုပြီး ကတိကဝတ်နှင့်အတူ ခုနစ်ရက်သားသမီးပြည်သူတွေအတွက် ကျွန်တော့်ရဲ့ လက်ကမ်း စာစောင်မှာ ပါတဲ့အတိုင်း ကတိကဝတ် ခုနစ်ချက်ကို လေးလေးနက်နက် သစ္စာကဲ့သို့ ပြည်သူတွေကို အတိအလင်း ကြေညာထားပါတယ်။ ဒီခုနစ်ချက်ကလည်း ပြည်သူတွေ တိုက်ရိုက်အကျိုးရှိမှာဖြစ်ပါတယ်။ ခေတ်ကာလရေစီးကြောင်းအရ အမျိုးမျိုးသောအတွေးတွေ၊ အမြင်တွေနဲ့ စိတ်လှုပ်ရှားမှု၊ ဒေါသဖြစ်မှု၊ ရုတ်တရက်ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှု တွေကြောင့် မဲတွေလည်း ပြန့်သွားနိုင်ပါတယ်။ သို့သော်လည်း ကျွန်တော်ကတော့ ရာခိုင်နှုန်း ၈ဝ နဲ့အထက် မဲရရှိမယ်လို့ ယုံကြည်ထားပါတယ်။ ဒက္ခိဏသီရိမှာ ထူးခြားတာက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်ကြီးရှိတဲ့အတွက် ကျွန်တော်က အင်မတန် တန်ဖိုးထားပါတယ်။ ပါတီဌာနချုပ်ရှိတဲ့အတွက် ခြင်္သေ့ပါတီရဲ့ အနှစ်သာရတွေကို ပြည့်နက် နေစေချင်တယ်။ ဒါကြောင့်မို့ စည်းစည်းလုံးလုံးရှိတဲ့ နယ်မြေကြီး တစ်ခုဖြစ်အောင် ဆက်ပြီးတော့ တစိုက်မတ်မတ်ကြိုးစားသွားမယ်လို့ မျှော်မှန်းချက်တွေရှိပါတယ်။
- ဟိုတယ်ဇုန်ကမဲတွေက အန်ကယ့်ရဲ့ အမာခံမဲတွေလို့ ပြောလို့ရမလား ခင်ဗျာ။
ဟိုတယ်ဇုန်မှာက ဟိုတယ်ဝန်ထမ်းတွေနဲ့ ဟိုတယ်ပိုင်ရှင်တွေပေါ်မှာ အများကြီး မူတည်ပါတယ်။ သို့သော်လည်း ကျွန်တော့်အနေနဲ့ ဟိုတယ် တစ်ခုချင်းရော၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုလုံးရော ထမင်းဆိုင်တစ်ခုချင်းပါမကျန် သွားရောက်ထိတွေ့ပါတယ်။ အနည်းဆုံးတော့ ကျွန်တော့်ရဲ့ လက်ကမ်းစာစောင်တွေပေးတယ်။ ကြိုက်တဲ့နေရာကို ဆန္ဒမဲပေးနိုင်ပါတယ်။ သို့သော် ပါတီစုံဒီမိုကရေစီစနစ်ကိုသွားတဲ့အခါ ပြည်သူ့ထံမှ ပြည်သူ့ထံသို့ဆိုတဲ့၊ ပြည်သူကရွေးချယ်တဲ့ ကိုယ်စားလှယ် တွေနဲ့ အလုပ်အကျွေးပြုစုရမှာဖြစ်လို့ ကိုယ်စားလှယ်လောင်းအဖြစ် ကျွန်တော့်အနေနဲ့ ယှဉ်ပြိုင်တဲ့နေရာမှာ ကျွန်တော့်ရဲ့ Profile လေးနဲ့ သူတို့ကို မေတ္တာရပ်ခံပြီး သွားရောက်ရှင်းလင်းတင်ပြထားပါတယ်။ ဒါကြောင့် ကျွန်တော့်အတွက် အားသာချက်တစ်ခုရှိနိုင်တယ်လို့ မျှော်လင့်ပါတယ်။ သို့သော်လည်းပဲ သူတို့ စိတ်ထဲမှာရှိတဲ့အတိုင်း သူတို့ဆုံးဖြတ်မှာဖြစ်တဲ့အတွက် အလုံးစုံ မဲမရသည့်တိုင် ဟိုတယ်ဇုန်မှာလည်း ရာခိုင်နှုန်း ၈ဝ မျှော်မှန်းပါတယ်။ ဟိုတယ်မှာတာဝန်ထမ်းဆောင်တဲ့ သူတွေဟာ တွေးနိုင်ခေါ်နိုင်ရှိတဲ့ အတွက်ကြောင့် ကျွန်တော့်ရဲ့ ကျေးရွာတွေ ကဲ့သို့ပဲ တစ်ခဲနက်ထောက်ခံမယ်လို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော့်အတွက်နဲ့တင် မဟုတ်ပါဘူး။ ပါတီကိုလည်း ယုံကြည် တယ်။ သမ္မတကြီးဦးဆောင်တဲ့ ပါတီအနေနဲ့ ဒီလိုညင်ညင်သာသာ ပြောင်းလဲပြီး လေးနှစ်ကျော်ကို ကောင်းကောင်းထိန်းနိုင်ခဲ့တာဟာ ပါတီ ရဲ့ Image ပါပဲ။ တခြားနိုင်ငံတွေမှာ ဒီမိုကရေစီပြောင်းလဲရင် မတည်မြဲ ဘူး။ အခက်အခဲတွေရှိတယ်။ ကြမ်းကြမ်းတမ်းတမ်းနဲ့ ပြည်တွင်းစစ်တွေတောင် ရှိခဲ့တယ်။ မြန်မာနိုင်ငံမှာတော့ ညင်သာစွာပြောင်းလဲနိုင်ခဲ့တာ ကြောင့် ဒါဟာ သမ္မတကြီးရဲ့ ပေါ်လွင်ထင်းရှားတဲ့ အချက်တစ်ချက် ဖြစ်တယ်။ ဒီအားကလည်း ကျွန်တော်တို့ ပါတီရဲ့အားပါပဲ။ ပါတီရဲ့ အားကလည်း သမ္မတကြီးရဲ့ အားပါပဲ။ အစိုးရရဲ့ အားပါပဲ။ အစိုးရရဲ့ အားကလည်း ပြည်သူရဲ့အားပါပဲ။ ပြည်သူရဲ့အားကလည်း အစိုးရရဲ့ အားလို့ ယုံကြည်ပါတယ်။

- လက်ကမ်းစာစောင်မှာပါတဲ့ လူတိုင်း အာမခံအလုပ်အကိုင် အခွင့်အလမ်းရရှိစေရေးနှင့် လူတန်းစေ့ ဝင်ငွေတိုးတက်ရရှိစေရေး ကြိုးပမ်းဆောင်ရွက်မည်ဆိုတာကို အကျယ်ရှင်းပြပေးပါခင်ဗျာ။
စိုက်ပျိုးရေးကိုအခြေခံတဲ့ ဒေသဖြစ်တာနဲ့အညီ လယ်ယာကဏ္ဍမှာ ၁၂ ရာသီလုံး အလုပ်အကိုင်တွေရအောင် မိုးကောင်းသောက်လယ်တွေကို ဆည်ရေသောက်ပြောင်းထားတော့ သီးနှံတွေကို စဉ်ဆက်မပြတ်စိုက်ပျိုး ခြင်းအားဖြင့် လယ်မဲ့ယာမဲ့တွေကလည်း အလုပ်အကိုင်အခွင့်အလမ်း ရမယ်။ လယ်ရှင်ယာရှင်တွေကလည်း ဝင်ငွေတိုးတက်ရရှိမယ်။ ဒီမြို့နယ်မှာ ဟိုတယ်တွေက ထူးခြားစွာတည်ဆောက်ထားတယ်။ ဟိုတယ်တွေ ဖွံ့ဖြိုးတိုးတက်တာနဲ့အမျှ အလုပ်အကိုင်တွေလည်း ပြည့်နှက်နေမှာပါ။ Tourism လုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ လည်း တစ်ဖက်တစ်လမ်းကနေ ပါဝင်ဆောင်ရွက်ခြင်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းတွေ သေချာမယ်။ လူမှုအဆင့်အတန်းတွေ မြင့်လာမယ်။
- ပြည်ခိုင်ဖြိုးပါတီကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာအရ ဘယ်လို ရလဒ်ထွက်လာမလဲဆိုတာ ခန့်မှန်းပေးပါခင်ဗျာ။ ဒီစာမျက်နှာပေါ်ကနေ ဖြည့်စွက်ပြောချင်တာရှိရင်လည်း ပြောပေးပါခင်ဗျာ။
ကျွန်တော့်ရဲ့ယုံကြည်ချက်ကတော့ အလုပ်တစ်ခုလုပ်မယ်ဆိုရင် အောင်မြင်ရမယ်၊ နိုင်ရမယ်ဆိုတဲ့ သန္နိဋ္ဌာန်စိတ်ပေါ့။ သန္နိဋ္ဌာန်စိတ်က အင်မတန်အရေးကြီးတယ်။ မိမိရဲ့ ဖြူစင်တဲ့နည်းလမ်းတွေနဲ့ ပြည်သူကို မလှည့်စားဘဲ မိမိလုပ်ဆောင်ချက်နဲ့ အောင်မြင်မှုကို ရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်။ တချို့သောပါတီတွေက အစိုးရကို မုန်းတီးအောင်၊ ပြည်သူတွေ နာကျည်းအောင်။ ပြောမယ်ဆိုရင် အစိုးရကို ဆူပူအောင် လုပ်ပြီးတော့ မတည်မငြိမ်ဖြစ်မှ ငါတို့ပါတီကို မဲပေးမယ်ဆိုပြီး ဆောင်ရွက်တာတွေရှိပါတယ်။ ပြည်သူနဲ့အစိုးရဆိုတာ နိုင်တဲ့အစိုးရကတော့ ပြည်သူအတွက် အလုပ်အကျွေးပြုနေကြတာဖြစ်ပါတယ်။ ပြည်သူကို အလုပ် အကျွေးပြု နေတဲ့ အစိုးရအပေါ်မှာ မုန်းတီးအောင်၊ ညိုညင်အောင် လှုံ့ဆော်ပြီး ဆောင်ရွက်တာဟာ မှားယွင်းတယ်လို့ မြင်ပါတယ်။ ဒါကြောင့်မို့ မှန်မှန်ကန်ကန်ရပ်တည်ပြီး လက်တွေ့မှာ ပြည်သူ့အခက်အခဲတွေကို ကိုယ်တိုင် ကိုယ်ကျဖြေရှင်းပေးနေတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင်ကွင်းဆင်းပြီး အခက်အခဲ တွေ့တဲ့ နေရာတွေ၊ တိုင်းရင်းသားဒေသတွေပါ မကျန်အောင် သွားရောက်အားပေးနေတာဟာ အဘတို့ ပါတီအတွက် အောင်နိုင်ဖို့အခွင့်အလမ်းတွေပဲ။ မည်သည့်နည်းနဲ့မဆို ကျွန်တော်တို့ပါတီကို ပြည်သူတွေက ယုံယုံကြည်ကြည်နဲ့ ထောက်ခံအားပေးမှာပါ။ ကျေးလက်ဒေသကို အဓိကထားဆောင်ရွက်ပေးနေတဲ့ နိုင်ငံတော်အစိုးရနဲ့ ခြင်္သေ့ပါတီအပေါ်မှာ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲက ချောချောမောမော အောင်မြင်ဖြတ်ကျော်နိုင်မယ်။ လာမယ့်နှစ်တွေမှာလည်း သမ္မတကြီး ကြော်ငြာထားတဲ့အတိုင်းပဲ။ We Will Move Forward ဆိုတဲ့အတိုင်း ပြည်သူတွေနဲ့အတူတကွ ရှေ့ကို တိုးတက်အောင် ဖော်ဆောင်သွားနိုင်မယ်လို့ လေးလေးနက်နက် ယုံကြည်ပါကြောင်း ဖြေကြားလိုပါတယ်။