images
UN
UN
ရှေးမူမပျက်လက်ရာစုံညီ ကင်းဝန်ကျောင်းတော်ဆီ လှမ်းစို့တူညီ ဖိတ်ခေါ်ပါသည်
မင်းခန့်စိုး (ဇေယျာမြေ) Wednesday, 11 November 2015
ကုန်းဘောင်ခေတ်တွင် မြန်မာနိုင်ငံတိုးတက်ရေးအတွက် ကြိုးပမ်းခဲ့ကြသော ပုဂ္ဂိုလ်ကြီးငါးဦးတွင် ကင်းဝန်မင်းကြီး ဦးကောင်းမှာ တစ်ဦးအပါအဝင်ဖြစ်ကြောင်းကို ဆရာဇေယျ၏ မြန်မာမျက်ပွင့် ဆောင်းပါး များတွင် ဖတ်ရကတည်းက ကင်းဝန်မင်းကြီးကို ကျွန်တော် များစွာကြည်ညိုခဲ့သည်။ ကင်းဝန်မင်းကြီးသည် စာဆိုပညာရှိတစ်ဦး၊ နိုင်ငံ့ဝန်ထမ်းကောင်းတစ်ဦး၊ တိုးတက်သော ခေတ်ကိုရည်မျှော်သည့် နိုင်ငံရေး ဗိသုကာ တစ်ဦးဟု ဆိုနိုင်ပါသည်။
ကင်းဝန်မင်းကြီး ဦးကောင်း၏ ဇာတိမြေသည် ရှေးယခင်က ဗန့်ကျီတိုက်အဝင် ဆင်ရှင်စီရင်စု မုံတိုင်ပင်ရွာဟု အမည်တွင်ခဲ့သည်။ ယခုသော်ကား စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် မင်းတိုင်ပင်ရွာဟု ခေါ်သည်။ 'မုံတိုင် ပင်' မှ သည် 'မင်းတိုင်ပင်'သို့ ရွေ့လျောလာဟန်ရှိ၏။ မည်သည့် အချိန်ကာလ ဤအမည်သို့ ပြောင်းလဲလာခဲ့ရသနည်း။ သိချင်သော ဆန္ဒတွေ ဖြစ်လာသည်။ ဆရာဦးဖေမောင်တင်၏ မြန်မာစာပေသမိုင်း ကို လေ့လာဖတ်မှတ်မိသည့်အခါ ကင်းဝန်မင်းကြီး အတ္ထုပ္ပတ္တိကို အောက်ပါအတိုင်းတွေ့ရသည်။
ကင်းဝန်မင်းကြီးသည် မုံရွာ မြို့စီရင်စု ဆင်ရှင်မြို့နယ် မုံတိုင်ပင်ရွာတွင် သက္ကရာဇ် ၁၁၈၃ ခုနှစ်တွင် ဖွားမြင်သည်။ အဂ္ဂသေနာပတိ ဝန်ရှင်တော်မင်းကြီး ဖြစ်မှ မိမိ၏ဇာတိရင်းဖြစ်သော မုံတိုင်ပင်ရွာကို မင်းတိုင်ပင်ရွာဟု အမည်ပြောင်းစေသည်ဟု ဖော်ပြထား၏။ ကင်းဝန်မင်းကြီး ဦးကောင်းသည် ငယ်စဉ်က ငှက်ပျော တောရွာ၊ ခင်ကြီးဆန်းထံမှာ ပညာဆည်းပူးခဲ့သည်။ ထို့နောက် ရှင်သာမဏေဘဝဖြင့် ဆားလင်းကြီး နယ် ပန်းထူးရွာ ဆရာတော်ထံနှင့် မြောင်မြို့နယ် ငရံ့အိုရွာဆရာတော်ထံ ပညာဆက်လက်ဆည်းပူးခဲ့သည်။ ရဟန်းပြုပြီးသော် နေပြည်တော် အမရပူရမြို့သို့ သွားရောက် ပညာသင်ခဲ့သည်။ မှူးကြီးမတ်ကြီး အဆင့်သို့ ရောက်သောအခါလည်း မိမိဇာတိမြေသို့မမေ့၊ ကုသိုလ်ကောင်းမှုများပြုခြင်း၊ မကြာခဏ ကြွလာတတ်ခြင်းတို့ ရှိခဲ့သည်ဟု ဆိုပါသည်။
သို့ဖြစ်၍လည်း ဗန့်ကျီနယ်မင်းတိုင်ပင်ရွာမှာ ကင်းဝန်မင်း ကြီး၏ စာပေနှင့်ကုသိုလ်တော်များ၊ အသုံးအဆောင်ပစ္စည်းများ အမှတ်တရကျန်ရစ်ခဲ့ကြောင်း သိရသည်။
စာရေးသူလည်း ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာ ရောက်တုန်း ကင်းဝန်မင်းကြီးကျောင်းတိုက်သို့ မသွားမီ ကျေးရွာအတွင်းသို့ ဦးစွာလှည့်ကြည့်မိသည်။ရပ်မိရပ်ဖတစ်ဦး ဖြစ်သူ ဦးကျော်တင့်က''ဟော ဒီနေရာက ကင်းဝန်မင်းကြီး၏ မိဘများအိမ်နေရာဖြစ်တယ်လို့ လူကြီးသူမအဆက်ဆက်ပြောခဲ့ကြပါတယ်'' ဟု ရွာအလယ် မြေကွက်နေရာလေးကို ပြပါသည်။ ထိုမှ ဆက်၍ ရွာ၏အရှေ့ထိပ်ရွာ ဦးဘုန်းတော်ကြီးကျောင်းသို့ သွားခဲ့သည်။

ဘုန်းတော်ကြီးကျောင်းဝင်းဝင် ပေါက်မုခ်ဦးကနေ ရှေးမူမပျက် တည်ရှိနေသော ကျွန်းပျဉ်ထောင် ကျောင်းအိုတစ်ဆောင်ကို တွေ့ရ ပါသည်။ လက်ရာမှာ ကုန်းဘောင် ခေတ်နှောင်းလက်ရာ ဖြစ်သည်။ သုံးဆင့်လယ်ပေါ် မိုးပြာသာဒ်နှင့် ကျောင်းဆောင်ကြီးမှာ အုတ်လှေ ကားကြီးများနှင့် ခံ့ထည်ပါသည်။
ဘုန်းတော်ကြီးကျောင်းကို ကင်းဝန်မင်းကြီး ဦးကောင်းနှင့် တူတော်သူ ဦးဘိုးအိုတို့က ဆောက် လုပ်ကိုးကွယ်ခဲ့သည်ဟုဆိုပါသည်။ ကင်းဝန်မင်းကြီး ဆောက်ခဲ့သော ကျောင်း၏လက်ရာများကို မပျက် စီးအောင် ထိန်းသိမ်းထားပါသည်။ ရွှေပိန်းချတိုင်လုံးကြီးများ၊ တံခါး မုခ်တံကဲများနှင့်အတင့်အတယ်ရှိ သည်။ မျက်နှာကြက်မှာ စိမ်းနီ ဝါပြာ ရွဲလုံးများနှင့် စီခြယ်ထား သည်။ ဘုရားဆောင်အတွင်းမှာ ကုန်းဘောင်ခေတ်လက်ရာ မင်းဝတ် ဘုရားတစ်ဆူကို ဖူးတွေ့ရ၏။ ကင်းဝန်မင်းကြီး၏ ကုသိုလ်တော် ဘုရားဖြစ်ကြောင်း သိရသည်။
ကျောင်းထိုင်ဆရာတော်က စိတ်ရှည် လက်ရှည်လိုက်လံပြသ ပါသည်။ ဘုရားဆောင်ရှေ့၌ ကင်းဝန်၊ သေနတ်ဝန်ကောင်းမှုဟု ကမ္ပည်းထိုးထားသော ရွှေပိန်းချ ကမ္မဝါစာတစ်ထုပ်ကိုလည်း ဖူး တွေ့ရသည်။ ကမ္မဝါထုပ်ကြီး ခွေ တစ်ခုတွင်ကား ------
''အဂ္ဂမဟာသေနာပတိ၊ လယ်ကိုင်းမြို့စား သေနတ်ဝန်၊ ကင်းဝန်မင်းကြီး၊ မင်းသတိုးမင်း ကြီး၊ မဟာမင်းလှစည်သူကျော်၊ ရွှေပေါ်မြသွင်၊ အလှဆင်သို့ အိမ် ရှင်အဘယ်၊ ဆွေနည်မယ်တို့၊ သုံးသွယ်အမြတ်ပိဋကတ်နှင့် ညှပ် ကမ္မဝါ၊ အက္ခရာတစ်ဆူ၊ သယမ္ဘူ ဖျား၊ တစ်ပါးတစ်ပါးမှတ်သား ကော်ရော်၊ ရှိပူဇော်ပြီး......''ဟု ရေးထိုးထားသည်ကို တွေ့ရသည်။
ကင်းဝန်မင်းကြီး ဦးကောင်း ၏ ပိုးတောင်ရှည် လွန်းတစ်ရာ ချိတ်ပုဆိုး၊ ကင်းဝန်မင်းကြီးအသုံး ပြုခဲ့သော ကြေးကွမ်းညှပ်နှင့် ရွှေ ယပ်မား၊ ပြင်သစ်နိုင်ငံက ကင်း ဝန်မင်းကြီးကို လက်ဆောင်ပေးခဲ့ သည့် ကြေးခုတင်ကြီး၊ ပိဋကတ် တော်များ၊ အင်္ဂလန်ပြည်တွင်ချုပ် သော သားရေထူအဖုံးနှင့် ကျမ်းစာ အုပ်များ စသည်တို့ကိုအများပြည် သူများ လေ့လာကြည့်ရှုနိုင်ရန် အမျိုးသားပြတိုက်သို့ လှူဒါန်းခဲ့ ကြောင်းလည်း သိရသည်။
ကင်းဝန်မင်းကြီးကျောင်းတိုက်မှ ထွက်၍ မြောက်ဘက်သို့လာခဲ့ရာ ရွာနှင့်မနီးမဝေး တောစပ်ကုန်းမြေ တစ်နေရာတွင် အုတ်ဂူပြာသာဒ် တစ်ခုကိုတွေ့ရသည်။ နှစ်အတော် ကြာ၍ ပျက်စီးယိုယွင်းစပြုနေပါ ပြီ။ ရှေးအခါကမူ ''ကင်းဝန်မင်း ကြီး၏မယ်တော် မယ်မင်းဆီ''ဟု ကမ္ပည်းထိုးထားခဲ့ဟန် ရှိသည်။ ယခုအခါ ကမ္ပည်းစာမှာ မှေးမှိန် ပျောက်ကွယ်လုခမန်း ရှိပါပြီ။ မယ်တော်သည် ထိုအုတ်ဂူအတွင်း တွင် ငြိမ်းချမ်းစွာ လဲလျောင်းနေ ပေပြီ။ ကျေးလက်ရွာငယ်မှာ ဘုန်း ကြီးကျောင်းသား မောင်ချင်း ဘဝက ကုန်းဘောင်ခေတ်တွင် ထင်ရှားကျော်ကြားခဲ့သော အဂ္ဂ မဟာသေနာပတိ လယ်ကိုင်းမြို့စား သေနတ်ဝန်၊ ကင်းဝန်မင်းကြီး၊ မင်းသတိုးမင်းကြီး၊ မဟာ မင်းလှ စည်သူကျော် ဦးကောင်း ဘဝ အထိ ကြိုးပမ်းတက်လှမ်းနိုင်ခဲ့သော သားအတွက် အမေ၏ ရင်တွင် မည်မျှချမ်းမြေ့လိုက်ပါမည်နည်း။ 'သားကောင်းတစ်ယောက် ကျောက် ကောင်း တစ်စေ့'အဖြစ် တိုင်းပြည် အတွက် မွေးဖွားပေးခဲ့သော အမေ့ အဖို့ ဂုဏ်ယူဝင့်ကြွားစရာဖြစ်ပါ သည်။ သားသည် ရွှေနန်းတော် ကြီးတွင် ဂုဏ်ထူးဘွဲ့ထူးများနှင့် အတင့်အတယ်ရှိသော်လည်း အမေ သည် သူ့ရပ်ရွာက မခွာ၊ ငြိမ်းချမ်း သော ပီတိရသဖြင့်သာ သူ့ရွာမှာ နေခဲ့သည်။ ရွာနံဘေးတွင်သာ အေးချမ်းစွာ လဲလျောင်းခဲ့ကြောင်း ကို အုတ်ဂူလေးက ပြောပြနေသ ယောင် တွေးနေမိတော့သည်။
ထို့ကြောင့် ကျေးလက်ရွာငယ်က ဘုန်းကြီးကျောင်းသား ဘဝမှ အဂ္ဂမဟာသေနာပတိ ဘဝသို့ရောက် အောင်ကြိုးပမ်းခဲ့သော ဘဝအားမာန်သူ့ခေတ်၊ သူ့အခါ၊ သူ့ပြည် ရွာကို ကောင်းအောင်ကြိုးပမ်းတည် ဆောက်ချင်သော တိုင်းချစ်၊ ပြည် ချစ် စိတ်ဓာတ်တို့ကမူ မျိုးဆက် လက်ဆင့်ကမ်းပေးအပ်ရမည့် စိတ် ပိုင်းဆိုင်ရာ ပစ္စည်းများဖြစ်သည့် နှစ်ပေါင်း ၁ဝဝ ကျော်ခဲ့ပြီဖြစ် သော ရှေးမူမပျက် ကုန်းဘောင် ခေတ်လက်ရာစုံညီ စစ်ကိုင်းတိုင်း ဒေသကြီး ပုလဲမြို့နယ် မင်းတိုင် ပင် ကျေးရွာမှာ တည်ရှိသည့် ကင်းဝန်ကျောင်းတော်ဆီသို့ မိဘ ပြည်သူများအနေဖြင့် လမ်းကြုံပါ က ဝင်ရောက်လေ့လာနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။