images
UN
UN
မော်လမြိုင်မုန့်ဟင်းခါး
Saturday, 28 November 2015
မော်လမြိုင် မုန့်ဟင်းခါးအတွက် ပါဝင်ပစ္စည်းများ
မုန့်ဟင်းခါးဖတ် ၄ဝကျပ်သား၊ ငါးခူ ၃ဝကျပ်သား (ငါးခူကို ထန်းလျက်သုံးခဲ၊ ငါးငံပြာ ရည်၊ဆား၊စပါးလင်တို့ဖြင့် ပြုတ် ရမည်)၊ ငှက်ပျောအူတစ်ပင် (အရင့်များဖယ်ပြီး အနုများကို ပါးပါးလှီးပြီးလျှင် နနွင်း (လက် ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ကာ ရေရောစိမ်ထားပေးပါ)

မှတ်ချက် - နနွင်းစိမ်ခြင်း မှာ ငှက်ပျောအူများ မည်းမသွား ရန် ဖြစ်သည်။
ဆန်လှော်မှုန့် ၁ဝဝဂရမ် (ရေ ဖြင့် ဖျော်ထားပေးပါ)၊ ကြက် သွန်နီ အလုံး၂ဝ(အခွံခွာထားပေး ပါ)၊ နံနံပင်၊ ပူဒီနာတစ်စည်း(ပါးပါးလှီးထားပါ)၊ ပဲကြော် ၁ဝခု၊ ကြက်သွန်ဖြူ ဆီချက်တစ်ခွက် (ကြက်သွန်ဖြူခြောက်မြွှာကိုထောင်းပြီး ဆီသတ်ပေးပါ)

ဆီသတ်ရန် ပါဝင်ပစ္စည်းများ
ကြက်သွန်နီ ၂ဝကျပ်သား (ထောင်းထားပါ)၊ ကြက်သွန်ဖြူ ၁ဝကျပ်သား (ထောင်းထားပါ)၊ ချင်း ငါးကျပ်သား (ထောင်းထားပါ)၊ စပါးလင်တစ်ပင် (နုပ်နုပ်စဉ်းထားပါ)၊ ဆီ စားပွဲတင်ဇွန်း ငါးဇွန်း၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ငရုတ်သီး(အရောင်တင်)မှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်။

ပြင်ဆင်နည်း

၁။ ဒယ်အိုးထဲ စပါးလင်(နှစ်ပင်)ကိုထုချည်ပြီး ခင်းပေးပါ။ ပြီးမှ ငါးခူ၊ ထန်းလျက်အညိုသုံးခဲ)၊ ငံပြာရည်(လက်ဖက်ရည်ပန်းကန်လုံးတစ်ဝက်)၊ နနွင်းမှုန့်(လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ)၊ ရေ (ငါးမြုပ်ရုံ)ထည့်ကာ ငါးကျက်သည်အထိ ပြုတ်ပေးထားပါ။
(မှတ်ချက်- ငါးပြုတ်ရည်ကို သိမ်းထားပေးပါ။)


၂။ ပြီးလျှင် ပြုတ်ပြီသားငါးခူကို အသားနွှင်ပေးပါ။
၃။ ရလာသော ငါးခူအရိုးများကို စပါးလင်(ပါးပါးလှီးထားသော)စပါးလင်များဖြင့် ရောထောင်း ပေးပါ။ ပြီးမှ ရေဖြင့်ကျင်းကာ အရိုးပြုတ်ရေများကို စစ်ယူထားပြီး ဖယ်ထားပေးပါ။

ငါးဆီသတ် ချက်ပြုတ်နည်း
ဒယ်အိုးထဲသို့ ဆီထည့်ပြီး ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ စပါးလင်၊ ချင်းတို့ကို အရင်ဆီသတ်ပေးပါ။ နောက်မှ ငရုတ်သီးမှုန့်၊ နနွင်းမှုန့်တို့ကို ထည့်ရောမွှေ လိုက်ပါ။ ပြီးနောက် ငါးအသားများထည့်၊ ဆား(လက်ဖက်ရည်ဇွန်းတစ်ဝက်)ထည့်မွှေလိုက်ပါ။

မုန့်ဟင်းခါး စချက်ပါတော့မည်
ငါးဆီသတ်ပြီးလျှင် မုန့်ဟင်းခါးချက်ရန် ဒယ်အိုးကြီးတစ်ခုထဲသို့(အကွင်းလှီးထားသော ငှက်ပျော အူများ၊ ငါးဆီသတ်၊ ငါးပြုတ်ရည်၊ ငါးအရိုးထောင်းရည်များ၊ စပါးလင်(နှစ်ပင်ချည်ပြီးသား)တို့ကို ထည့်ကာ ရောမွှေလိုက်ပါ။ ငှက်ပျောအူထဲ အချိုအရသာများ စိမ့်ဝင်သွားရန် အနည်းငယ် တည်ထား ပေးပါ။ ငှက်ပျောအူနွမ်းသွားပါမှ ရေနွေး(သုံးလီတာ)ကို ထည့်ပါ။ ပြီးလျှင် ရေဖြင့်ဖျော်ထားသော ဆန်လှော်မှုန့် ထည့်ပြီးရောမွှေပေးပါ။ ပြန်ဆူအောင်တည်ထားပြီးမှ အပေါ့အငန်အတွက် ကြက်သားမှုန့် (စားပွဲတင်ဇွန်းသုံးဇွန်း)၊ ငံပြာရည်(တစ်ခွက်)၊ ဆား(စားပွဲတင်ဇွန်းတစ်ဇွန်း)တို့ကို ထည့်ပေးပါ။ဆန်လှော်မှုန့်ပွလာပြီး ချခါနီးမှ ကြက်သွန်နီများကို အလုံးလိုက်ထည့်လိုက်ပါ။ ကြက်သွန်နီများ နူးသွားပြီး အရသာအနေတော်လျှင် ရပါပြီ။ ပန်းကန်ထဲ မုန့်ဟင်းခါးဖတ်၊ နံနံပင်၊ ပူဒီနာ၊ ပဲကပ်ကြော်၊ ကြက်သွန်ဖြူဆီချက်ထည့်၍ အပေါ်မှ ငါးဟင်းရည်လောင်းထည့်ကာ အရသာရှိစွာ တည်ခင်း သုံးဆောင်နိုင်ပါပြီ။

Ref: Wutyee Food House Facebook