images
UN
UN
နာဂပွဲတော်လာဧည့်သည်များ အတွက် ဒေသခံကားပိုင်ရှင်များက အခမဲ့ပို့ဆောင်ပေးမည်
မျိုးဝင်းထွန်း(မုံရွာ) Wednesday, 23 December 2015
နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁၅ရက်တွင် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ တွင် ကျင်းပမည်ဖြစ်ရာ ၅၃မိုင်ဝေးသော ဆင်သေရွာမှလဟယ်မြို့သို့ ပွဲတော်လာများ ကို ဒေသခံများ၏ မော်တော်ကားများဖြင့် အခမဲ့ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း လဟယ်မြို့နယ် ပြန်ကြားရေးဦးစီးမှူး ဦးရှားဆက်ထံမှ သိရသည်။
''နာဂပွဲလုပ်မယ့် လဟယ်မြို့ကို ခန္တီး မြို့နဲ့ သုံးမိုင်သာဝေးတဲ့ ချင်းတွင်းမြစ်ဘေး က ဆင်သေရွာကနေသွားရပါတယ်။ ၅၃ မိုင်ဝေးတဲ့ဆင်သေ-လဟယ်ကားလမ်းက ပွင့်လင်းရာသီမှာကားတွေ၊ ဆိုင်ကယ်တွေ အတက်အဆင်းများပေမယ့် မိုးတွင်းအခါ မှာတော့ ဆိုင်ကယ်အချို့ပဲ အရဲစွန့်တက်ကြ တာရှိပါတယ်။ နာဂပွဲချိန်မှာ လဟယ်နဲ့ ဆင်သေဒေသခံ ကားပိုင်တွေက အခမဲ့ ကုသိုလ်ယူပြီးပို့ဆောင်ပေးမှာဖြစ်ပါတယ်။ ပွင့်လင်းရာသီမှာ ဆင်သေကနေ လဟယ် တက်တဲ့ကားအနေနဲ့ ခရီးသည်တစ်ဦးကျပ် ၂၅ဝဝဝ ယူပြီး ဆိုင်ကယ်ကယ်ရီနဲ့ဆိုရင် တစ်ဦးကို ကျပ် ၃ဝဝဝဝနဲ့ ၃၅ဝဝဝယူကြ ပါတယ်။ လဟယ်- ဆင်သေပြေးဆွဲနေတဲ့ ဆိုင်ကယ်စီးရေ ၅ဝလောက်ရှိပြီး ကား စီးလုံးအော်ဒါငှားရင် အတက်အဆင်း ကျပ် ၃ဝဝဝဝဝ လောက်ယူတာတွေ့ရပါတယ်'' ဟု လဟယ်ပြန်ဆက်ဦးစီးမှူးဦးရှားဆက် ကပြောသည်။
နာဂပွဲတော်ကျင်းပမည့် လဟယ်မြို့သို့ မုံရွာမြို့မှ ဟုမ္မလင်းမြို့၊ ထိုမှခန္တီးမြို့သွား ရှော်တယ်ဖြင့်လိုက်ကာ ဆင်သေရွာဆင်း ပြီး ထိုမှကားဖြင့်လဟယ်မြို့သို့သွားရောက် ကြသူများကြောင်း၊ မန္တလေး-ခန္တီး တိုက် ရိုက်လေယာဉ်ခရီးစဉ်ဖြင့်လာကာ သုံးမိုင် ဝေးသော ဆင်သေရွာသို့လာ၍ လဟယ်သို့ ဆက်လက်သွားလာနိုင်ကြောင်းသိရသည်။ မုံရွာမှဟုမ္မလင်းသို့ချင်းတွင်းမြစ်သွားအမြန် ရေယာဉ် အထူးခန်းခ ကျပ် ၁၈ဝဝဝ ရှိပြီး ဟုမ္မလင်းမှခန္တီးသို့ ကျပ် ၁၆ဝဝဝ ရှိကာ ဆင်သေမှလဟယ်ကားခမှာ ကျပ် ၂၅ဝဝဝ ရှိသောကြောင့် ကျပ် ၅၉ဝဝဝရှိရာ မုံရွာမြို့ မှနာဂပွဲကျင်းပမည့် လဟယ်မြို့သို့အသွား အပြန်ခရီး စားစရိတ်မပါ ကျပ် ၁၁၈ဝဝဝ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။