images
UN
UN
ကားပါကင်ထောက်ခံချက်များ သက်တမ်းတိုးမြှင့်ပေးရန်စီစဉ်
မင်းလွင်သစ် Saturday, 30 January 2016
ကားတင်သွင်းခွင့် ပါမစ်နှင့် ပတ်သက်၍ ပြီးခဲ့သည့် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလက လျှောက်ထားခဲ့သော ကားပါကင်ထောက်ခံချက်များကို သတ်မှတ်ထားသည့် သက်တမ်းထက်ကျော်လွန်နေသည့် ထောက်ခံချက်များကို လာမည့် ဖေဖော်ဝါရီလအထိ တိုးမြှင့်ပေးရန် အလားအလာရှိနေကြောင်း ကားပါကင်စိစစ်ရေးအဖွဲ့ထံမှ သိရသည်။
ကားတင်သွင်းခွင့် ပါမစ်လျှောက်ထားမှုကို ယခုလဆန်းပိုင်း မှယခုလတတိယပတ်အလွန်အထိ ရပ်ဆိုင်းထားခဲ့သောကြောင့် လွန်ခဲ့သည့် ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းတွင် လျှောက်ထားခဲ့သော ကားပါမစ်များနှင့်ပတ်သက်၍ သက်တမ်းကျော်လွန်ခြင်းများ ရှိလာကြောင်း၊ သတ်မှတ်ထားသည့် သက်တမ်းထက် ကျော်လွန် လာသည့် ပါကင်ထောက်ခံချက်များကို ယခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်အထိ တိုးမြှင့်ပေးရန်ရှိကြောင်း သိရသည်။
''ဒီကာလမတိုင်ခင် နေပြည်တော်မှာ ပါမစ်လျှောက်ထားတာ တွေနဲ့ပတ်သက်ပြီး ကြန့်ကြာခဲ့တာ တွေရှိခဲ့တယ်။ CIF ဈေးနှုန်း မတွက်ခဲ့တာတွေအတွက် ရန်ကုန်က ကားပါကင်ထောက်ခံချက်တွေကို ပြန်ပြီး သက်တမ်းတိုးပေး တဲ့ သဘောပါ။ မတိုးပေးရင်တော့ ကားပါကင် ထောက်ခံချက်တွေအတွက် အလကားဖြစ် သွားမှာပါ။ ဒါကို စီးပွား/ကူးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီး ဖြေလျှော့ပေးလိုက်တာ ဖြစ်မှာပါ''ဟု MAMDA အသင်း အတွင်းရေးမှူး ဦးမျိုးဇင်ဝင်းက ပြောသည်။
''ဒီဇင်ဘာလမှာ အပြီးလျှောက်တဲ့ ကားပါကင်ထောက်ခံ ချက်တွေကတော့ ဒီနှစ် မော်တော် ယာဉ်မူဝါဒ အတိုင်းပဲ သွားနိုင်ပါတယ်။ ဒီဇင်ဘာလကုန်ပိုင်းက ပါကင်ထောက်ခံချက်တွေကိုတော့ ကြားမှာ ရပ်ဆိုင်းတာတွေနဲ့ မူဝါဒတွေ အပြောင်းအလဲရှိခဲ့တာတွေ ကြောင့် သက်တမ်းပြန်တိုးပေးတာ ပါ''ဟု ကားဝယ်ရောင်းတစ်ဦးက ပြောသည်။
ကားပါမစ်ထုတ်ပေးသည့် ကဏ္ဍကို ယာယီရပ်ဆိုင်းထားခဲ့သောကြောင့် ကားပါကင်ထောက် ခံချက်များ သက်တမ်းကျော်လွန် လာသည့်အတွက် ပြန်လည်တိုးမြှင့် ပေးမှသာ ကားဝယ်ရောင်းလုပ် ငန်းများအတွက် အဆင်ပြေနိုင် မည်ဖြစ်ကြောင်း ကားရောင်းဝယ် ရေးစခန်းများမှ သိရသည်။