images
UN
UN
ပုံမှန်မဟုတ်တဲ့ရာသီဥတုကြုံတွေ့နိုင်အသင့်ကြိုတင်ပြင်ဆင်ရန်လို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်မိုးဦးနှင့်တွေ့ဆုံခြင်း
စိုးစိုးစံ Saturday, 06 February 2016
လက်ရှိဖြစ်ပေါ်နေသော ၂ဝ၁၅-၂ဝ၁၆ အယ်လ်နီညိုရာသီဥတုနှင့်ပတ်သက်၍ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (နေပြည်တော်)မှ ညွှန်ကြားရေးမှူးဦးကျော်မိုးဦးအား မေးမြန်းဖြစ်ခဲ့သမျှကို စုစည်းတင်ပြအပ်ပါသည်။

မေး။ အခု ၂ဝ၁၅-၂ဝ၁၆ အယ်လ်နီ ညိုက လွန်ခဲ့တဲ့ ၁၉၉၇-၁၉၉၈တုန်းက စံချိန်တင်ဖြစ်ပေါ်ခဲ့တဲ့ အယ်လ်နီညို အင်အားကို ကျော်လွန်သွားပြီလို့ သိရပါ တယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဆရာ့ရဲ့အမြင်လေးကို သိချင်ပါတယ်။
ဖြေ။ လက်ရှိအယ်လ်နီညို အခြေ အနေကတော့ ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၁၁ရက်နေ့က သမုဒ္ဒရာပင်လယ်ရေမျက် နှာပြင်အပူချိန် ၅ဒသမ၄ဒီဂရီဖာရင်ဟိုက် တက်ခဲ့ပြီး ၁၉၉၇ခုနှစ်က အဲဒီ့အချိန်မှာ ၅ ဒီဂရီဖာရင်ဟိုက်သာ ကျော်လွန်ခဲ့တယ် လို့ အယ်လ်နီညိုဟာပိုနွေးကြောင်း နာဆာ မှ ရာသီဥတုပညာရှင် Mr.Bill Patzert က ပြောကြားခဲ့ပါတယ်။

မေး။ ဒီဖြစ်စဉ်ရဲ့အကျိုးသက်ရောက် မှုတွေနဲ့ သတိပြုလိုက်နာသင့်တဲ့ အချက် အလက်တွေကိုလည်း ပြောပြပေးပါ။
ဖြေ။ အဲဒီ့အယ်လ်နီညိုရဲ့သက်ရောက် မှုအနေနဲ့ အရှေ့တောင် အာရှနိုင်ငံတွေမှာ ပုံမှန်ထက်ပူပြင်းခြောက်သွေ့မယ်လို့ ခန့် မှန်းထားပါတယ်။ လက်ရှိအနေနဲ့ကတော့ မတ်လဆန်းလောက်အထိ ကောင်းစွာ သက်ရောက်နိုင်မှုမရှိသေးပါဘူး။ ဒါပေမဲ့ အင်အားကောင်းတဲ့ အယ်လ်နီညိုနှစ်တွေ ဖြစ်တဲ့ ၁၉၈၂-၈၃ နဲ့ ၁၉၉၇-၉၈ ခုနှစ် တွေမှာ ပူပြင်းခြောက်သွေ့သလို အခုလာ မယ့်နွေရာသီမှာလည်း ပူပြင်းခြောက်သွေ့ မယ်လို့ နိုင်ငံတကာမိုးလေဝသအေဂျင်စီ များက ခန့်မှန်းထားပါတယ်။

မေး။ စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ရေရှားပါးမှုစတဲ့ အခန်းကဏ္ဍတွေမှာ အပြင်းထန်ဆုံး ထိခိုက်လာနိုင်တယ်လို့ လည်းသိရပါတယ်။ ဘယ်လိုကြိုတင် ကာကွယ်ထားသင့်ပါသလဲဆရာ။
ဖြေ။ ပူပြင်းခြောက်သွေ့ပြီဆိုရင် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ စိုက်ပျိုး ရေရှားပါးမှု၊ စိုက်ပျိုးသီးနှံများ ပျက်စီး နိုင်တဲ့အတွက် ရာသီဥတုဒဏ်ခံနိုင်တဲ့ မျိုးစေ့များကို ရွေးချယ်စိုက်ပျိုးဖို့ လယ် ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန က လမ်းညွှန်ချက်တွေကို လိုက်နာဆောင် ရွက်ဖို့လိုပါတယ်။ နွေရာသီဆိုရင် အညာ ဒေသမှာ နှစ်စဉ်ကြုံတွေ့နေရတဲ့ သောက် သုံးရေရှားပါးတဲ့ကိစ္စတွေလည်း ပိုမိုဖြစ် ပွားလာနိုင်တဲ့အတွက် ကြိုတင်ပြင်ဆင် ထားဖို့လိုပါတယ်။ ကျန်းမာရေးအနေနဲ့ အပူကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါ လက္ခဏာများကို ကျန်းမာရေးဝန်ကြီးဌာန က အကြံပြုထားတဲ့အတိုင်း ပြုမူနေထိုင်ဖို့ လိုပါတယ်။

မေး။ အယ်လ်နီညိုရဲ့ သက်တမ်းနဲ့ အပြင်းထန်ဆုံးဖြစ်လာနိုင်တဲ့လကိုလည်း သိချင်ပါတယ်။
ဖြေ။ အယ်လ်နီညိုရဲ့သက်တမ်းက တော့ ကိုးလကနေ အများဆုံး ၂၁ လ အထိကြာမြင့်တတ်ပါတယ်။ ၁၉၈၂-၈၃ မှာတော့ ၁၅ လကြာခဲ့ပြီးတော့ ၁၉၉၇-၉၈ မှာတော့ ၁၄ လကြာခဲ့ပါတယ်။ အခု ၂ဝ၁၅-၁၆ အယ်လ်နီညိုဖြစ်တာကတော့ ၂ဝ၁၅ မတ်လကနေ စတင်ခဲ့တာဖြစ်ပါ တယ်။ အယ်လ်နီညိုအမြင့်ဆုံးနဲ့ အပြင်း ဆုံးအချိန်တွေကတော့ နိုဝင်ဘာ၊ ဒီဇင် ဘာ၊ ဇန်နဝါရီလတွေ ဖြစ်ပါတယ်။

မေး။ လာမယ့်မိုးရာသီရဲ့ မုတ်သုံ လေဝင်ရောက်မှုနဲ့ မိုးကြို၊ မိုးဦး မုန်တိုင်း အခြေအနေတွေကရော ဘယ်လိုမျိုးဖြစ် လာနိုင်ပါသလဲဆရာ။
ဖြေ။ လာမယ့်မုတ်သုံဝင်ရောက်မှု အနေနဲ့ကတော့ အယ်လ်နီညိုဖြစ်ပေါ် တဲ့ကာလ၊ အခြေအနေပေါ်မှာ မူတည် ပါတယ်။ မိုးကြိုကာလတွေဖြစ်တဲ့ ဧပြီလ၊ မေလတွေမှာ ဖြစ်ပေါ်နိုင်တဲ့ မုန်တိုင်း တွေရဲ့သက်ရောက်မှုကလည်း မုတ်သုံ အဝင်အထွက်စောခြင်း၊ နောက်ကျခြင်း တို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အယ်လ်နီ ညိုဖြစ်တဲ့နှစ်တွေမှာ မုတ်သုံအဝင်မုန် တိုင်းဖြစ်ပေါ်မှုကို လေ့လာကြည့်တဲ့အခါ Strong EI Nino, Morderate EI Nino နှစ်တွေမှာ အများအားဖြင့် မုန်တိုင်းဖြစ် ပေါ်ပြီး မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ ပြောင်းလဲလာတဲ့ ရာသီဥတုအခြေအနေအရ မုန်တိုင်းဖြစ် ပေါ်မှုအခြေအနေတွေကလည်း ပြောင်းလဲ နိုင်ပါတယ်။

မေး။ ဆရာ့အနေနဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အခြားဖြည့်စွက်ပြောချင် တာများ ရှိပါသေးလား။
ဖြေ။ အယ်လ်နီညိုနှစ်တွေမှာ အပူ ချိန်မြင့်တက်ခြင်း၊ မိုးခေါင်ခြင်း၊ မုန်တိုင်း များဖြစ်ပေါ်ခြင်းစတဲ့ ပုံမှန်မဟုတ်တဲ့ ရာသီဥတုဖြစ်စဉ်တွေကို ကြုံတွေ့နိုင်တဲ့ အတွက်မိမိတို့လုပ်ငန်းခွင်တွေမှာ ကြိုတင် ပြင်ဆင်ထားဖို့လိုပါတယ်။ ပျက်စီးဆုံး ရှုံးမှုသက်သာနိုင်မှာ ဖြစ်ပါတယ်။ လာ မယ့်နွေကာလ ပုံမှန်ထက်ပိုမိုပူပြင်းမှာ ဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားဖို့ တိုက်တွန်းပြောကြားလိုပါတယ်။