images
UN
UN
ဆောင်းနှောင်း တပို့တွဲ မြန်မာ့ထမနဲပွဲ
ထိပ်တင်ဦး Monday, 22 February 2016
တပို့တွဲလသည်မြန်မာလများ၏ဆယ့် တစ်လမြောက်လဖြစ်သည်။ ဆောင်းနှောင်းလရာသီဖြစ်သောကြောင့် အအေး ဓာတ်လွန်ကဲ၍ ချမ်းအေးတတ်သည်။ ရှေးမြန်မာပညာရှိများက ထိုလကို 'နှာ ရည်ယိုရွဲတပို့တွဲ'၊ 'တပို့တွဲ ကျွဲချိုဖျား ဆတ်ဆတ်ခါသည်'ဟု အေးလွန်းသည့် ရာသီကို မှတ်တမ်းပြုကြသည်။ ညတာ အချိန်သည် နေ့တာထက် ပို၍ရှည်သည်။
တပို့တွဲလကို ပုဂံခေတ်က 'တပိုဝ်ထွယ်၊ တပိုထွဲ၊ တပိုင်ထွယ်'ဟူ၍ အမျိုး မျိုးရေးသားထားသည်။ ကျောက်စာအချို့ တွင် 'တပိုဝ်အထွယ်'ဟု ရေးသားသည်ကို လည်းတွေ့ရတတ်သည်။
တပို့တွဲလကို 'ထန်းပိုးဆွဲ၊ ထန်းပိုး တွဲ'ဟု အဓိပ္ပာယ်ရသည့်လဖြစ်သည်။ ထန်းဖူး၊ ထန်းခိုင်တံတို့အားအောက်သို့ ကိုင်းညွတ်ဆွဲဆိုင်းအောင်၊ တွဲအောင်ပြု သော လလည်းဖြစ်သည်။ ထို့ကြောင့် ထန်းရည်နင်းသောလဖြစ်သည်။
တပို့တွဲလသည် ထန်းဖိုဦးရာသီဖြစ် သည်။ ထန်းဖိုပင်ရှိထန်းနို့ခိုင်အတွက် နှောင့်ယှက်ကာကွယ်နေသော ထန်းလက်များအား တွဲကျအောင်နင်းချရှင်းလင်းသောကြောင့် ထန်းဖိုတွဲလ သို့မဟုတ် တပို့တွဲလဟုလည်း အဓိပ္ပာယ်ဖြစ်သည်ဟု ရှေးမြန်မာပညာရှိတို့က ဆိုသည်။
တပို့တွဲလသည် ရှေးခေတ်တောင်သူ လယ်သမားများ၏ လယ်ယာလုပ်ငန်း သိမ်းချိန်ဖြစ်သည်။ လယ်ကွင်းများတွင် ရိုးပြတ်ထိုးထိုးထောင်ထောင်များသာ ကျန်ရစ်သောကာလဖြစ်သည်။လယ်သမား များလုပ်ငန်းသိမ်းချိန်သည် ထန်းသမားများက လုပ်ငန်းစချိန်ဟု ဆိုကြသည်။
ဟေမန်ဆောင်းဥတုသည် မဖောက်မပြန်မှန်ကန်ပါက မြန်မာနိုင်ငံတွင် ဆောင်းရာသီသည် အအေးဆုံး အချိန်ဖြစ်သည်။ ၄င်းတွင်လည်း ဆောင်းရာသီတွင် အအေးဆုံးအချိန်ကာလ လေးချိန်ရှိ ပါသည်။ တစ်ချိန်လျှင် ရှစ်ရက်ရှိသည်။ ၄င်းတွင် တပို့တွဲလပြည့်ကျော် ၁၁ ရက်မှ တပေါင်းလဆန်း ၄ ရက်အထိ ရှစ်ရက်သည် အအေးဆုံး အချိန်ကာလတစ်ခုဖြစ်သည်။
ထိုကာလကို ဗုဒ္ဓဘာသာရဟန်းတော်များအတွက် မြတ်စွာဘုရားက တိစီဝရိတ်ခေါ် သင်္ကန်းသုံးထည်ဆောင် ယူခွင့် ပညတ်တော်ပြရခဲ့သောကာလလည်း ဖြစ်ပါသည်။
တပို့တွဲလတွင် ပေါက်လဲပန်း၊ လက်ပံပွင့်သော လရာသီဖြစ်သည်။ ထိုပန်းများသည် အနီရဲရောင် ဖြစ်ပြီးအပင်အရွက်တို့က အစိမ်းရောင်ရှိသည်။ အရွက်တို့၏ အစိမ်းရင့်နှင့် ရာသီပန်းတို့ကအနီရဲရောင် နှစ်ရောင်အားပြိုင်ပြီး လူ၏အမြင်အာရုံ ကိုဆွဲဆောင်နိုင်သည်။

သစ်ပင်များတွင် တမာပင်များသည် ရွက်ဟောင်းကြွေ၍ ရွက်သစ်ရွက်နုများဝေ၍ စိမ်းစိုနေချိန်လည်း ဖြစ်သည်။ထို့ပြင် ကျေးငှက်များဥသည့် ရာသီဖြစ်သည်။ ရှေးမြန်မာစာပေပညာရှင်တို့က 'တမာ လည်းနု၊ ကျေးလည်းဥ'ဟု ဆိုကြသည်။
ထို့နောက် ရှေးမြန်မာတို့သည် အလွန်ချမ်းအေးသော၊ အေးချမ်းမှုလွန်ကဲသော တပို့တွဲလတွင် ဘုရားများရှေ့၌ မီးဖို ရန်နှင့် သက်ကြီးရဟန်းသံဃာတော်များနှင့် သက်ကြီးရွယ်အိုများမီးလှုံရန်အတွက် နံ့သာထင်းမီးဖို ပေးလှူလေ့ရှိသည်။ ထိုသို့ ထင်းလှူခြင်းကို မီးဖုန်းပွဲ သို့မဟုတ် မီးပုံ ပွဲကျင်းပခြင်းဟု ဆိုသည်။ တစ်နည်းအား ဖြင့် မီးအလှူပွဲ သို့မဟုတ် မီးကုသိုလ်ပြု ပွဲဟုလည်း ခေါ်ကြပါသည်။
တပို့တွဲလတွင် ရှေးမြန်မာမင်းများက မီးဖုန်းပွဲကျင်းပခြင်းအတူ ထမနဲပွဲ များကိုတွဲ၍လည်း ကျင်းပလေ့ရှိသည်။ ကောက်သစ်ပေါ်ချိန်တွင် တောင်သူလယ်သမားများ ထမနဲထိုးပွဲပြုလုပ်ခြင်းလည်း ဖြစ်ပါသည်။ ထမနဲကို ရှေးက ယာဂုဟု လည်းခေါ်သည်။ ထမနဲကို အချို့သော ဒေသများက နှမ်းဆီနှင့် နှမ်းနိုင်နိုင်ထည့်၍ လုပ်ရသောကြောင့် 'နှမ်းမနဲ'ဟု လည်း ခေါ်ကြသည်။
ထမနဲထိုးခြင်းတွင် ကောက်ညှင်း၊ နှမ်း၊ နှမ်းဆီ၊ အုန်းသီး၊ မြေပဲ၊ ချင်း စသည့်တို့ကို ချိုဆိမ့်မွှေးရန် ဆောင်ရွက် ထားသော အစားအစာတစ်မျိုးဖြစ်သည်။ ဟေမန္တဆောင်းဥတုတွင် ဆေးဖက်ဝင် အစားအစာဖြစ်သည်။ ထမနဲသည် အပူလွန်ကဲသော အစာဖြစ်ပါသည်။ ထမနဲ ထိုးခြင်းသည် ကုသိုလ်လည်းရပြီး ကျန်း မာပျော်ရွှင်စေခြင်းကို ဦးတည်သည်ဟု ဆိုကြသည်။ တစ်ဦးနှင့်တစ်ဦး စည်းလုံး ညီညွတ်စေသည့် ပွဲတော်တစ်ခုလည်းဖြစ် ပါသည်။ အစာလည်း ဆေး၊ ဆေးလည်း အစာဆိုသော ထမနဲပွဲကို မြန်မာတို့နှစ်စဉ် ကျင်းပလေ့ရှိသည်။ ထမနဲသည် ဆီအိုင်သောအစာဖြစ်၍ ချမ်းအေးခြင်းကို ကာကွယ်သည်။ ခန္ဓာကိုယ်တွင် အဆီခန်း ခြောက်မှုကိုလည်း ကာကွယ်သောအစား အစာဖြစ်ပါသည်။ ထို့ကြောင့် တပို့တွဲလ၏ ထမနဲထိုးပွဲများကျင်းပခြင်းသည် ရှေး မြန်မာတို့က ရာသီဥတုသဘာဝကို ရာသီ စာဖြင့် ကုစားမှု တစ်ခုဖြစ်ပါသည်။