images
UN
UN
သင်္ကြန်ရုံးပိတ်ရက်ရှည်ကြောင့်ဘုရားဖူး ကားလုပ်ငန်းများ တွက်ခြေကိုက်
ရွှေညာသား Thursday, 31 March 2016
သင်္ကြန်ရုံးပိတ်ရက်များ နီးလာသဖြင့် ဘုရားဖူးဝန်ဆောင်မှု လုပ်ငန်းများ၊ ကားပိုင်ရှင်များ အငှားသွက်နေကြောင်း အဆိုပါ လုပ်ငန်းနှင့် ကားပိုင်ရှင်များထံမှ သိရသည်။
ယခုရက်တွင်အလောင်းတော် ကဿပ၊ အင်းလေး၊ ညောင်ရွှေ၊ ပြင်ဦးလွင်၊ မန္တလေး၊ နေပြည်တော် ခရီးစဉ်များအငှားပိုသွက်ပြီး နေပြည်တော်၊ ကျိုက်ထီးရိုး၊ ရန်ကုန် ဘုရားစုံနှင့် ချောင်းသာကမ်းခြေ များသို့ ငှားရမ်းမှုများရှိနေကြောင်း ယာဉ်ပိုင်ရှင်များထံမှ သိရသည်။ ကားဈေးကွက်တွင် အနည်းဆုံး ကျပ်သိန်း၈ဝ ဝန်းကျင် လိုက်ထရပ် ကားများနှင့် ဒိုင်နာကားများအပြင် စူပါကာစတန်အမျိုးအစားများ အငှားလိုက်နေကြောင်း သိရသည်။
ယမန်နှစ်ဘုရားဖူးရာသီတွင် ယခုလိုရက်များ၌ လိုက်ထရပ် ကား၊ ဒိုင်နာကားများမှာ တစ်နေ့လျှင် ငှားရမ်းခ ကျပ် ၃၅ဝဝဝ ရယူကြပြီး စက်သုံးဆီ လမ်းတံတား၊ စားစရိတ်များကို ကားအော်ဒါ ငှားသူက ကျခံရသည်ဟုဆိုသည်။ ယခုနှစ်တွင် လိုက်ထရပ်ကား များမှာ ကျပ် ၄၅ဝဝဝ မှ ကျပ် ၅ဝဝဝဝ အတွင်း အငှားရှိနေ ကြောင်း၊ စူပါကာစတန်နှင့် အန်စာတုံး အိပ်စပရက် မှန်လုံယာဉ် များမှာ တစ်နေ့ ကျပ် ၈ဝဝဝဝ ဝန်းကျင်မှ နှစ်သိန်းအထိရှိကြောင်း သိရသည်။
''နယ်မှာက အခြားရာသီထက် ယခုအချိန်က ကားဝယ်ပြီး ဝင်ငွေရှာသူအတွက် အဆင်ပြေတာပေါ့။ ဘယ်လိုအဆင်ပြေသလဲ ဆိုတော့ လိုက်ထရပ်ဆိုရင် တစ်နေ့ကျပ် ၃၅ဝဝဝ ကနေ ကျပ် ၄၅ဝဝဝ အထိ ရနေတဲ့အတွက် ရက်ငါးဆယ်လောက် ငှားရရင် ကျပ် သိန်းနှစ်ဆယ် ပြန်ဝင်တာ။ သင်္ကြန်ပြီးရင်တော့ ပါးတယ် ဆိုပေမယ့် ရန်ကုန်-မန္တလေး-နေပြည်တော် အော်ဒါရတဲ့အတွက် ဝင်ငွေတစ်လသုံးသိန်းမဖြစ်မနေ ကျန်တယ်။ ဝင်ငွေရတာပေါ့'' ဟု ကားပွဲစားတစ်ဦးကပြောသည်။ ယခုနှစ်တွင် ယခင်နှစ်များထက် ဘုရားဖူးကားများ ပိုမို၍ အလုပ်ဖြစ်ခဲ့ပြီး တွက်ခြေကိုက်နေကြောင်း သိရသည်။