images
UN
UN
ယခုနှစ်သင်္ကြန်ကာလ ရိဒ်ရေကန်သို့ လာရောက်လည်ပတ်သူများပြား
ချင်းတွင်းသား Wednesday, 20 April 2016
ချင်းပြည်နယ်၏ အထင်ကရနေရာ ဒေသတစ်ခုဖြစ်သည့် ရိဒ်ရေကန်သို့ ယခု မြန်မာနှစ်သစ်ကူး အတာသင်္ကြန်ကာလ အတွင်း ပြည်တွင်းပြည်ပမှ လာရောက် လည်ပတ်သူများပြားကြောင်း သိရသည်။
ရိဒ်ရေကန်သို့ လာရောက်လည်ပတ်သူ အများစုမှာ အပန်းဖြေနားနေရန် အစုအဖွဲ့ လိုက်ဖြင့်သော်လည်းကောင်း၊ အသင်းအဖွဲ့ ဖြင့်သော်လည်းကောင်း၊ ဘာသာရေး အသင်းအဖွဲ့ဖြင့်သော်လည်းကောင်း လာ ရောက်လည်ပတ်သူများဖြစ်ကြသည်။
ယခုနှစ် သင်္ကြန်ကာလအတွင်း လာ ရောက်လည်ပတ်သူဦးရေမှာ ယမန်နှစ် များကထက် ပိုမိုများပြားပြီး ညအိပ်လာ ရောက်လည်ပတ်သူများရှိသကဲ့သို့ နေ့ချင်း ပြန်ခရီးဖြင့်လည်း လာရောက်ကြရာ ရိဒ်ရေကန်အနီးအနားရှိ တည်းခိုခန်းများ မှာ ညအိပ်ဧည့်သည်များနှင့် ပြည့်နှက်နေ သည့်အပြင် ရိခေါဒါရ်မြို့တွင်းရှိ လူနေအိမ် များ၌ပါ တည်းခိုနေရကြောင်း သိရသည်။
''ကျွန်တော်ဆိုရင် ပွင့်လင်းရာသီ ကာလ အထူးသဖြင့် သင်္ကြန်ကာလ အတွင်း အပန်းဖြေရင်းခရီးသွားတာကြိုက် တယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အထင်ကရ ဒေသတော်တော်များများကို ရောက်ခဲ့ပါ တယ်။ ချင်းတောင်ဆိုတော့ လမ်းခရီး လည်းကြမ်းမယ်၊ လူလည်း ပင်ပန်းမယ်လို့ စိတ်ထဲမှာထင်ခဲ့တာ။ အခုတော့ ကိုယ်တိုင် ကြုံမှထင်တာနဲ့တခြားစီပါပဲ။ လမ်းလည်း ကောင်းတယ်။ လူလည်း မပင်ပန်းပါဘူး။ အစစအရာရာ အဆင်ပြေပါတယ်။ ရိဒ် ရေကန်ရောက်တော့လည်း စိတ်ရွှင်လန်း တယ်။ သာယာတယ်။ ပျော်စရာကောင်း တယ်။ နောက်တစ်ခါ အခွင့်ထပ်ကြုံရင် အရောက်လာဦးမယ်'' ဟု ရိဒ်ရေကန် သို့ လာရောက်လည်ပတ်သူ ခရီးသွား ဧည့်သည်တစ်ဦးက ပြောသည်။
ရိဒ်ရေကန်သို့ ပြည်မ မန္တလေးမှ ဟားခါး-ဖလမ်း-ရိခေါဒါရ် ကားလမ်း အတိုင်းသော်လည်းကောင်း၊ မန္တလေးမှ ကလေး-တီးတိန်-ရိခေါဒါရ် ကားလမ်း အတိုင်းသော်လည်းကောင်း သွားရောက် နိုင်ပြီး ယခုအခါ ချင်းတောင်သို့ပြေးဆွဲ သည့် ဂျစ်ကားများသာမက ဇိမ်ခံကား လေးများနှင့်ပါ သွားလာနိုင်သဖြင့် ရိဒ် ရေကန်အရောက်သွားရန် မခက်ခဲတော့ပါ။ ယင်းသို့ဖြင့် ပြည်တွင်းတိုင်းရင်းသားများ သာမက ပြည်ပမှလည်း လာရောက်လည် ပတ်သူများပြားလျက်ရှိရာ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ လာရောက်လည်ပတ် သူ များပြားလျက်ရှိသည်။
ရိဒ်ရေကန်မှာ ပင်လယ်ရေမျက်နှာပြင် အထက် ၂၉၆၆ ပေရှိ တောင်ကုန်းပေါ် တွင် ၂ ဒသမ ၅ မိုင်ပတ်လည်ခန့် အသည်းနှလုံးပုံသဏ္ဌာန်ဖြင့် ထူးခြားစွာ တွေ့မြင်နိုင်ကြောင်း သိရသည်။