images
UN
UN
ယနေ့ လူငယ်နှင့် စီးကရက်အန္တရာယ်
ဝင်းဇော်(သုံးဆယ်) Thursday, 21 April 2016
နံနက်စောစော ၅ နာရီထိုးသည်နှင့် အိပ်ရာမှထကာ ကျွန်တော် လမ်းလျှောက်ထွက်လေ့ရှိသည်။ လမ်း လျှောက်ကပြန်လာတော့ ကျောင်းဖွင့် ရာသီတွင် ကျောင်းတက်ရန် သွားလာနေ ကြသည့်ကလေးများကို လမ်းပေါ်တွင် တွေ့ရသည်။ တစ်ဦးချင်းစီကတစ်မျိုး၊ နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ စကားပြောရင်း ရယ်ကာမောကာကျောင်း သွားနေကြသည့်သူတို့ကလေးတွေကို တွေ့ရတော့စိတ်ချမ်းမြေ့ရသည်။ သို့သော် သူတို့၏နောက်ဆက်တွဲအပြုအမူလေးတွေ က စိုးရိမ်စိတ်ကိုလွန်ကဲသွားစေပါသည်။မကြာခဏဆိုသလို စိတ်ပူမိသည်။
အခြားမဟုတ်ပါ။ကျောင်းသားအတော် များများ၏လက်ကြားထဲတွင် မီးခိုးငွေ့ သန်းနေသည့်စီးကရက်များကိုတွေ့လိုက် ရသောကြောင့်ဖြစ်သည်။ သူတို့အသက် က ၁၃ နှစ်၊ ၁၄ နှစ်သာရှိပေဦးမည်။အရွယ်နှင့်မလိုက် မအပ်စပ်သဖြင့် စိတ် ပျက်သွားမိသည်။ သူတို့က ဘာမှမထူး ခြားသလို ပြောင်ပြောင်တင်းတင်းပင် သောက်နေကြသည်။

ညနေလက်ဖက်ရည်ဆိုင်ထိုင်မိတော့ ကျောင်းကဆင်းလာပြီး အိမ်မပြန်သေးဘဲ လက်ဖက်ရည်ဆိုင်ထိုင်နေကြသောအသက် ၁၃နှစ်၊ ၁၄နှစ်အရွယ်ကျောင်းသားများ ကို တွေ့ရပြန်သည်။ စီးကရက်ကို ဟန် ပါပါနှင့်သောက်နေကြသည်။စိတ်ထဲတွင် ဝမ်းနည်းယူကျုံးမရဖြစ်သွားမိသည်။ တစ်ဆက်တစ်စပ်တည်း တွေးလိုက်မိ သည်က သည်ကလေးများ သည်လိုပဲ စီးကရက်ကိုဆက်သောက်သွားကြမည် ဆိုလျှင် ထိုကလေးများထဲမှ ရာခိုင်နှုန်း ၃ဝ သည် အသက် ၄၅နှစ်အရွယ်ခန့်တွင် စီးကရက်ကြောင့် ရရှိသောရောဂါဖြင့် သေဆုံးရတော့မည်ကို သိနေမိသည်။ သက်တမ်းစေ့နေရမည် မဟုတ်သည်က တော့ သေချာသည်။
စီးကရက်၏ဆိုးကျိုးကို လူငယ်တွေ သိအောင်လူကြီးများကပြောပြပညာပေး သင့်လှသည်။ စီးကရက်၏ဆိုးကျိုးကို ပြောပြတားဆီး၍မှ သူတို့လက်မခံလျှင် သူထိုက်နှင့်သူကံပေါ့။ ဘယ်တတ်နိုင်ပါ့ မလဲ။

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများကို လူငယ် များသုံးစွဲမှုကြောင့် စိတ်ရောဂါဖြစ်ပွားမှု နှုန်းများပြားလာသည်ဟု ဆရာဝန်များ ရေးသားသော ဆေးပညာပေးဆောင်းပါး များအရသိရသည်။ရာဇဝတ်မှုများ များ ပြားလာသည်ကိုလည်း နေ့စဉ်ထုတ် ပုဂ္ဂလိကသတင်းစာနှင့်ဂျာနယ်များတွင် ဖတ်ရှုနေရသည်။
စီးကရက်သောက်ခြင်းသည် ကျန်း မာရေးကိုဆိုးရွားစွာထိခိုက်နိုင်သည်ဟု ပညာပေးနှိုးဆော်ထားသည်။ ကျန်းမာရေး အတွက် အကြီးမားဆုံးအန္တရာယ်ဖြစ် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ် ပြန်ကြေညာထားသည်။ ကမ္ဘာတစ်ဝန်းရှိ လူသားများအပေါ်တွင် ယင်းအန္တရာယ် ဆိုးကြီးသည်ကျရောက်နေသည်။ စီး ကရက်သောက်သုံးမှုကြောင့် တစ်နှစ်လျှင် ကမ္ဘာပေါ်၌ လူသုံးသန်းကျော်သေဆုံးနေ ရသည်ဟု ဆေးမှတ်တမ်းများအရ သိရ သည်။ သည်သို့ပဲ စီးကရက်၊ ဆေးလိပ် တို့ကို ဆက်လက်သောက်သုံးနေကြဦး မည်ဆိုလျှင် ၂ဝ၂ဝ-၂ဝ၃ဝ ခုနှစ်တွင် တစ်နှစ်လျှင် လူ ၁ဝသန်းခန့် သေဆုံး မည်ဟု ဆေးပညာရှင်တို့က တွက်ချက် ခန့်မှန်းထားသည်။ ထိုသေဆုံးသူများထဲမှ ၇ဝ ရာခိုင်နှုန်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဟု သိရသည်။ သည်အထဲမှာ စီးကရက် ကို လက်ကြားညှပ်ပြီး သောက်နေကြ သည့် မြန်မာလူငယ်များ ဘယ်လောက် ပါမည်လဲ မသိနိုင်ပါ။
စီးကရက်သောက်မှုကို လေ့လာကြည့် သောအခါ တစ်နေ့တခြား များပြားလာ သည်ကိုတွေ့ရသည်။ အသက်ကြီးသူများ တွင် ဆေးလိပ်ဖြတ်သူ အနည်းအကျဉ်း ရှိသော်လည်း လူငယ်နှင့်အမျိုးသမီးများက စီးကရက်ကို အဆမတန်သောက်လာကြ သည်။ ဆေးလိပ်မသောက်ရေးအတွက် ကာကွယ်ရေးကိုလုပ်ဆောင်နေသော်လည်း မအောင်မြင်သေးပါ။
ဘာကြောင့် မအောင်မြင်ရသလဲဟု ဆန်းစစ်ကြည့်သောအခါ စီးကရက် ကုမ္ပဏီကြီးများဟု တွေ့လာရသည်။ စီးကရက်ကုမ္ပဏီကြီးများက ငွေကိုအလျှံ ပယ်သုံးနိုင်သည်။ လာဘ်မြင်သည်။ စီး ကရက်ကို အရသာအမျိုးမျိုးခံစားမိလာ အောင် ပုံစံအမျိုးမျိုးဖြင့်ထုတ်လုပ်သည်။ အသက် ၁၃ နှစ်၊ ၁၄ နှစ်အရွယ် လူငယ် လေးများကို သောက်ချင်စိတ်ရှိလာအောင် ဆွဲဆောင်သည်။