images
UN
UN
နှစ်သစ်မှာကြိုးစားမည့် အနုပညာလှုပ်ရှားမှု အစီအစဉ်များပြောပြခဲ့သည့်အဆိုတော်ဝိုင်းလေး
စုလေးဟန် Saturday, 23 April 2016
''ရာသီဥတုကလည်း အရမ်းပူပြင်း တယ်။ အဓိကပြည်သူ ပြည်သားတွေ အကုန်လုံး ကျန်းမာရေးကောင်းဖို့လည်း လိုအပ်တယ်။ လူမှုရေး၊ စီးပွားရေး အစစအရာရာအဆင်ပြေပါစေ။မနှစ်က ထက် ပိုပြီးကောင်းမွန်ပါစေလို့ ဆု တောင်းပေးပါတယ်''ဟု Miss World Myanmar 2014 ဆုရှင် အဆိုတော် ဝိုင်းလေးက နှစ်သစ်ဆုတောင်းစကား ပြောကြားခဲ့သည်။
သူမက ကျန်ခဲ့တဲ့တစ်နှစ်တာတွင် Selfie တစ်ကိုယ်တော်အခွေ ထွက် ရှိထားသလို အခွေအတိုင်းအတာတစ်ခု အထိ ရောင်းရတာကြောင့် အနုပညာ လှုပ်ရှားမှုကို ကျေနပ်မှုရှိကြောင်းနှင့် နှစ်သစ်မှာလုပ်ဆောင်မည့် အနုပညာ အစီအစဉ်များကိုလည်း ပြောပြခဲ့သည်။
''ဒီနှစ်ထဲမှာ အတွဲခွေတွေ ထွက် ဖို့ရှိတယ်။ နောက်မကြာခင် ညီမရဲ့ Selfie တစ်ကိုယ်တော် အခွေ MTV ထွက်ဖို့ရှိပါတယ်။ Audio CD ထဲမှာ tittle သီချင်းမပါတဲ့အတွက် တစ်ပုဒ် တည်းဒီလကုန်မှာထွက် ဖို့ ရှိပါတယ်။ ဒုတိယ အခွေလည်းလုပ်နေတယ်။ ဒုတိယအခွေအတွက် သီချင်းအတွက်ကုန်ကြမ်း တွေရှာပေါ့။ နေ့စဉ် စာအုပ် ဖတ်တယ်။လေ့လာတယ်။ သီချင်း တွေအများကြီး နားထောင်ဖြစ်တယ်။ နောက်ပြီးတော့ အခြား ညီမ ဝါသနာ ပါတာလေးတွေ လုပ်နေတယ်'' ဟု ဝိုင်းလေးကပြောသည်။
ဆက်လက်၍ 'အိပ်မက်ဆုံရာ' သီချင်းဆိုပြိုင်ပွဲ၊ Miss World 2014 ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု သွား ရောက်ယှဉ်ပြိုင်ဖူးသည့် ဝိုင်းလေးက ပြိုင်ပွဲတွင် အနိုင်၊ အရှုံးများအကြောင်း ကို မျှဝေခဲ့သည်။
''ပြိုင်ပွဲက နှစ်မျိုးပဲရှိတယ်။ အနိုင်၊ အရှုံးပေါ့။ ဒါကတော့ ပြိုင်ပွဲဝင်ပြိုင် မယ့် မောင်လေး ညီမလေး ဘယ်သူ မဆို အကုန်လုံးက လက်ခံနိုင်ရမှာပေါ့။ အနိုင်ဆိုရင်လည်း ကိုယ်နိုင်တဲ့အပေါ်မှာ ကြိုးစားရမယ်။ကြိုးစားမှလည်းနိုင်မယ်။ တစ်ခါတလေ ကံတရား အကြောင်း ကြောင်းကြောင့် မနိုင်ခဲ့သည်ရှိသော် အဲဒီဟာကို လက်ခံနိုင်ရမယ်။ ကြိုးစား ဖို့က အဓိကပါပဲ။ ပြိုင်ပွဲတစ်ခုပြိုင် ပြီးလို့ ဆုရသွားပေမယ့်လည်း အောင် မြင်ချင်မှ အောင်မြင်မယ်။ တချို့ကျ တော့ ပြိုင်ပွဲက ထွက်သွားရတယ်။ ဒါပေမဲ့ နိုင်ငံကျော်ဖြစ်ချင်လည်းဖြစ်နေ မယ်။ အဓိက ကိုယ်ရဲ့ကြိုးစားမှုနဲ့ ကံ တရားပဲ။ ကံတရားဆိုတာ ရတနာသုံး ပါးကို ဦးထိပ်ထားဖို့လည်းလိုပါတယ်'' ဟု သူမရဲ့အတွေ့အကြုံများကို ထပ်မံ ပြောကြားခဲ့သည်။