images
UN
UN
အပူဒဏ်နဲ့ ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို ဘယ်လိုကာကွယ်မလဲ
ရွှေလက် Friday, 06 May 2016
မြန်မာပြည်မှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေရဲ့ နောက်ဆက်တွဲဆိုးကျိုး အမျိုးမျိုးဟာ တစ်နှစ်ထက်တစ်နှစ်ပိုမို ပြင်းထန်လာနေပါတယ်။ ဒီလိုဖြစ်နေရတဲ့ အဓိကအခြေခံအကြောင်းတရားကတော့ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့အစိုးရ အဆက်ဆက်ရဲ့ စီမံခန့်ခွဲမှုအားနည်းမှု ကြောင့် သစ်တောတွေ အဆမတန် ပြုန်းတီးခဲ့ရလို့ပါပဲ။ သစ်တောပြုန်းတီးမှု ကြောင့် ရာသီဥတုဖောက်ပြန်မှုတွေဖြစ် ပေါ်ခဲ့ပြီး ရေကြီးရေလျှံမှု၊ ရေရှားပါးမှု၊ အပူချိန်မြင့်မားမှုတွေ စံချိန်တင်ဖြစ်ပေါ်ခဲ့ တယ်။ အခုလောလောဆယ်မှာပဲအယ်လ် နီညိုရာသီဥတုဖြစ်စဉ်ကြောင့် အပူချိန် လွန်ကဲနေပြီး ရေရှားပါးမှုတွေ ဖြစ်ပေါ် နေတယ်။ ခရမ်းလွန်ရောင်ခြည်တွေ လွန် လွန်ကဲကဲမြင့်တက်နေတယ်။ အဲဒီဖြစ်စဉ် တွေကြောင့် မြန်မာပြည်သူ၊ ပြည်သား အချို့ အသက်ဆုံးရှုံးခဲ့ရသလို ကျန်းမာ ရေး၊ စီးပွားရေးအခြေအနေတွေလည်း ထိခိုက်နစ်နာခဲ့ရတယ်။
အခုရက်ပိုင်းအတွင်း မန္တလေးနဲ့ နေပြည်တော်အပါအဝင် ဒေသအချို့မှာ မိုးရွာသွန်းမှုကြောင့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတွေ လျော့ကျသွားပေမယ့် ရန်ကုန်မြို့မှာတော့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း လွန်ကဲအဆင့်မှာ ရှိနေပါ တယ်။ တိုင်းတာမှုတွေအရ မန္တလေးနဲ့ နေပြည်တော်မှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းက ၇ ဒသမ ၄ ပဲ ရှိတော့ ပါတယ်။ ရန်ကုန်မှာတော့ ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း ၉ ဒသမ ၄ လောက်အထိ ဖြစ်နေတယ်။ ဒီအချက် အလက်တွေဟာ မိုးလေဝသဌာနက ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာ ခရမ်းလွန်ရောင်ခြည် တိုင်းတာရေးစက် တွေနဲ့ တိုင်းတာမှုတွေ ကိုယ်တိုင်ပြုလုပ် နိုင်လို့ သိရတာပါ။ ကျန်ပြည်နယ်နဲ့ တိုင်း တွေမှာတော့ တိုင်းတာမှု မပြုလုပ်နိုင် သေးပါဘူးလို့ သိရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မိုးလေဝသပညာ ရှင် ဒေါက်တာဦးထွန်းလွင်ရဲ့ပြောစကား အရ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း တွေ မြန်မာတစ်ပြည်လုံးမှာ မြင့်တက်နေ တယ်လို့ သိရပါတယ်။ မကြာမီမှာ မုတ်သုံဝင်ရောက်ရင် မိုးရွာသွန်းတော့ မယ်လို့ယူဆရတဲ့အတွက် အပူဒဏ်နဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်တွေ လျော့ပါး သက်သာလာနိုင်ပေမယ့် အခုလက်ရှိ အချိန်မှာတော့ အပူဒဏ်နဲ့ခရမ်းလွန် ရောင်ခြည်သင့်မှုဒဏ်ကို အထူးဂရုစိုက် ကာကွယ်သင့်ပါတယ်။ ခရမ်းလွန် ရောင်ခြည်ဟာ လူသားတွေကျန်းမာရေး အတွက် အန္တရာယ်ရှိနိုင်တာကြောင့် နေရာဒေသတစ်ခုမှာရောက်ရှိနေတဲ့ခရမ်း လွန်ရောင်ခြည်ပြင်းအားကို ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ သတင်းအဖြစ်ထုတ်ပြန်ပေး ပါတယ်။ မြန်မာပြည်မှာတော့ ပညာရှင် အချို့က သတင်းစာ၊ ဂျာနယ်တွေမှာ ပြောတာလောက်ပဲတွေ့ရပါတယ်။ ခရမ်း လွန်ရောင်ခြည်ရဲ့ပြင်းအားကို လူတွေ အပေါ် အန္တရာယ်ရှိမှုအတိုင်းအတာနဲ့ ဖော်ပြတဲ့နေရာမှာ အဆင့် (၁၁)ဆင့် သတ်မှတ်ထားပါတယ်။အဲဒီလိုသတ်မှတ် ထားတဲ့နေရာမှာ အဆင့်(၃)အထိကို ပြင်းအားနည်း၊ အဆင့်(၄)ကနေ (၇) အထိကို ပြင်းအားအသင့်အတင့်၊ အဆင့် (၈)ကနေ (၁၁)အထိကို ပြင်းအားမြင့်လို့ သတ်မှတ်ထားပါတယ်။ ဒါကြောင့် ခရမ်းလွန်ရောင်ခြည်ပြင်းအား အဆင့် (၈)နဲ့အထက်ကျော်ရင် ကျန်းမာရေးကို ထိခိုက်နိုင်တဲ့အတွက် သတိပေးချက်တွေ ထုတ်ပြန်ရပါတယ်။

ခရမ်းလွန်ရောင်ခြည်ပြင်းအားအဆင့် ဒါမှမဟုတ် အညွှန်းကိန်း (၈)အထက် ကျော်လွန်ပြီဆိုကတည်းက နေပူထဲသွား လာတာ သတိထားရပါတော့မယ်။ နေပူ ထဲ သွားလာတဲ့အခါ ဦးခေါင်း၊ မျက်နှာ၊ မျက်စိ၊ လည်ပင်း၊ ပခုံးအစရှိတဲ့ ခန္ဓာ ကိုယ်အစိတ်ပိုင်းတွေကို လုံခြုံစေမယ့် ခေါင်းဆောင်းမျိုးဆောင်းဖို့လိုသလို ခြေ၊ လက်၊ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို လုံခြုံစေမယ့် အဝတ်အစား၊ အကာ အကွယ်နဲ့လည်း သွားလာဖို့လိုပါတယ်။ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၁၁ နဲ့ အထက်ဆိုရင်တော့ အထူးသတိထားရ ပါမယ်။ အကောင်းဆုံးကတော့ နေရောင် ခြည်နဲ့ တိုက်ရိုက်မထိတွေ့အောင်နေဖို့ ပါပဲ။ အထူးသဖြင့် နံနက် ၁ဝ နာရီကနေ ညနေ ၄နာရီအတွင်းမှာ နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့အောင် နေထိုင်သင့် ပါတယ်။ မဖြစ်မနေအပြင်သွားရမယ် ဆိုရင်လည်း အထက်မှာပြောခဲ့တဲ့အတိုင်း အကာအကွယ်တွေနဲ့သွားဖို့ အကြံပြုချင် ပါတယ်။
ပြင်းအားမြင့်တဲ့ ခရမ်းလွန်ရောင် ခြည်သင့်တာကို အချိန်ကြာမြင့်စွာ မကြာ ခဏထိတွေ့ခံစားနေရရင် နေလောင်ခြင်း၊ အသားအရေရင့်ရော်ခြင်း၊ မျက်စိတိမ်ကျ ခြင်း၊ ခုခံအားကျဆင်းခြင်းနဲ့ အရေပြား ကင်ဆာတို့ကို ဖြစ်စေနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတိပေး ထားပါတယ်။ အဲဒါတွေအပြင် မျက်စိ ပေါ်ကျရင် အမြင်အာရုံထိခိုက်စေခြင်း၊ ခန္ဓာကိုယ်ပေါ်ကျရင် သားသမီးမရနိုင်တဲ့ အထိ ဖြစ်နိုင်ပါတယ်။ မြန်မာပြည်မှာ အပူချိန်တွေ မြင့်မားလာတာနဲ့အတူ ခရမ်းလွန်ရောင်ခြည်လွန်ကဲအဆင့်ကို လွန်ခဲ့တဲ့ သုံးနှစ်လောက်က စတင် ရောက်ရှိခဲ့တာပါ။ ဒါပေမဲ့လည်း မြန်မာ ပြည်မှာ ခရမ်းလွန်ရောင်ခြည်နဲ့ပတ်သက် ပြီး တိတိပပကြေညာချက် ထုတ်ပြန်တာ တွေ၊ လူထုအသိပညာပေးတာတွေမလုပ် တော့ ပြည်သူတွေလည်း သေသေချာချာ မသိကြပါဘူး။ ခရမ်းလွန်ရောင်ခြည် အကြောင်းကို မသိတော့ စိုးရိမ်ရကောင်း မှန်းလည်းမသိခဲ့ကြပါဘူး။ ခရမ်းလွန် ရောင်ခြည်တွေ ဘယ်လောက်မြင့်မားနေ တယ်၊ ဘယ်လောက်ထိအန္တရာယ်ရှိနိုင် တယ်ဆိုတာကို မသိတဲ့အတွက် နေပူထဲ မှာ ဘာအကာအကွယ်မှမပါဘဲ သွားလာ လှုပ်ရှားနေတာတွေ့ရပါတယ်။ အဆိုးဆုံး ကတော့ စကပ်တိုတို၊ ဘောင်းဘီတိုတို၊ အင်္ကျီလက်ပြတ်နဲ့ ခေါင်းဆောင်းမပါဘဲ သွားလာနေတဲ့ ကောင်မလေးတွေပါပဲ။ ခရမ်းလွန်ရောင်ခြည်ဟာ ပြင်းအားအဆင့် တွေမြင့်လာတာနဲ့အမျှ အန္တရာယ်က လည်း ကြီးမားလာတဲ့အတွက် အထူး ဂရုပြုဆင်ခြင်ဖို့လိုပါတယ်။
ခရမ်းလွန်ရောင်ခြည် လွန်ကဲအဆင့် ရောက်ရှိနေတဲ့ နေရောင်ခြည်အောက်မှာ အချိန်ကြာမြင့်စွာ အကာအကွယ်မဲ့နေထိုင် ခြင်းဟာ ကျန်းမာရေးအတွက်အန္တရာယ် ကြီးမားပါတယ်။ အဲဒီအချိန်မှာ နေရောင် ခြည်ထဲမှာ နေထိုင်သွားလာခြင်းမှ ရှောင် ကြဉ်ပါ။ ခရမ်းလွန်ရောင်ခြည်အညွှန်း ကိန်းများ ပြန်လည်ကျဆင်းသွားသည် အထိ သို့မဟုတ် နေကျသွားသည်အထိ စောင့်ဆိုင်းပါ။ခရမ်းလွန်ရောင်ခြည်အကာ အကွယ်ပေးတဲ့ အဝတ်အစားတွေ ဝတ် ဆင်ခြင်း၊ အနားကျယ်ပြန့်သော ဦးထုပ် များဆောင်းခြင်း၊ ရောင်ခြည်ကာမျက်မှန်SPF 30+ကို တပ်ဆင်ခြင်း၊ အရိပ် အာဝါသအောက်နေထိုင်ခြင်း စတာတွေ ကို ကာကွယ်မှုအဖြစ် ဆောင်ရွက်ပါလို့ ဒေါက်တာဦးထွန်းလွင်က သတိပေးပြော ကြားထားပါတယ်။

နောက်ပြီး မြန်မာပြည်ရဲ့အပူချိန်ဟာ မြို့တော်တော်များများမှာ ၄ဝ ဒီဂရီ စင်တီဂရိတ်နဲ့အထက် ဖြစ်ပေါ်နေတဲ့ အတွက် မြန်မာပြည်သူတွေ အထူးဂရုပြု ရမယ့်အချိန်အခါကို ရောက်နေတယ်လို့ ပြောချင်ပါတယ်။ ပြင်းထန်တဲ့ အပူချိန် ကြောင့် အပူလျှပ်ဖျားနာတာတွေဖြစ်ပြီး ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ဆိုရင် အပူကြီးရာမှ သတိလစ်အသက် ဆုံးရှုံးတဲ့အထိဖြစ်တတ်သလို အပူဒဏ် ကြောင့် မေ့လဲခြင်း၊ ခြေလက်ရောင်ရမ်း ခြင်း၊ြ<ွကက်တက်ခြင်း၊ အားအင်ကုန်ခန်း ချည့်နဲ့ခြင်း၊ ချွေးမထွက်ဘဲ သတိလစ် မေ့မြောခြင်းတွေ ဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့် မြန်မာပြည်ဒေသတော်တော် များများမှာ အပူဒဏ်ကာကွယ်ရေး သတိ ပေးနှိုးဆော်ချက်တွေ ဖြန့်ဝေတာ၊ အသိ ပညာပေးဟောပြောပွဲတွေ ပြုလုပ်တာ စသည်ဖြင့် သက်ဆိုင်ရာဌာနအသီးသီးက လုပ်ဆောင်ခဲ့ပေမယ့် အချို့ဒေသတွေမှာ အပူကြောင့် လူသေဆုံးတဲ့အထိ ဖြစ်ပေါ်ခဲ့ ရပါတယ်။ တကယ်တော့ အပူချိန်မြင့် တက်ပြင်းထန်နေတဲ့ အခုလိုအချိန်မှာ အခြေခံလူတန်စားတွေ၊ လက်လုပ်လက် စား နေ့စားအလုပ်သမားတွေ၊ နေပူထဲ မှာ ဥဒဟိုသွားလာနေရတဲ့ ကားသမားနဲ့ ဆိုက်ကားသမားတွေ၊ ကျန်းမာရေး မကောင်းသူတွေ၊ ကလေးသူငယ်တွေ၊
သက်ကြီးရွယ်အိုတွေအနေနဲ့ အထူးသတိ ထား နေထိုင်ကြရမှာ ဖြစ်ပါတယ်။
ဒီ့ပြင် မိုးရာသီမှာအဖြစ်များတဲ့ ဝမ်းပျက် ဝမ်းလျှောရောဂါဟာ အခုလို အပူပြင်းထန်တဲ့ကာလမှာလည်း ဖြစ်ပွား တတ်ပါတယ်။ အထူးသဖြင့် ကလေး ငယ်တွေမှာ အဖြစ်များပြီး အသက်ဆုံးရှုံး တဲ့အထိ ဖြစ်တတ်တဲ့အတွက် မိဘ အုပ်ထိန်းသူတွေအနေနဲ့ ကလေးတွေမှာ ဝမ်းပျက် ဝမ်းလျှောရောဂါ မဖြစ်အောင် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ နောက်ပြီး အပူကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ် အပူချိန်တက်ခြင်း၊ သတိလစ်ခြင်း၊ တက် ခြင်းတို့ ဖြစ်ပွားရင် ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ပြီး ကုသမှုခံယူသင့်ပါတယ်။ ဆေးရုံအရောက်နောက်ကျရင် အသက် ဆုံးရှုံးနိုင်တဲ့အတွက် အထူးဂရုပြုဖို့လိုပါ တယ်။
အခုအချိန်အခါမှာ အရေပြားနေ လောင်ခြင်း၊ အနီစက်များထွက်ခြင်း၊ ယားယံခြင်း၊ မိတ်ဖုများ ထွက်ခြင်းတို့ ဖြစ်ပေါ်ပြီး အဲဒီကတစ်ဆင့် ပြည်တည်နာ တွေ ဖြစ်တတ်ပါတယ်။ အပူဒဏ်ကြောင့် မလိုလားအပ်တဲ့ အကျိုးဆက်တွေ မဖြစ် ပွားအောင် နံနက် ၁ဝ နာရီကနေ ညနေ ၅ နာရီအတွင်း အရိပ်အာဝါသမရှိတဲ့ နေရာတွေကို ဖြတ်သန်းသွားလာပြီး ရေချိုးခြင်း၊ ခြေလက်ဆေးကြောခြင်း တွေကို ရှောင်ကြဉ်ရမယ်။ နေပူထဲကနေ အဲယားကွန်းအခန်းထဲဝင်တာပဲဖြစ်ဖြစ်၊ အဲယားကွန်းအခန်းထဲကနေ နေပူထဲကို ထွက်တာပဲဖြစ်ဖြစ်လုပ်မယ်ဆိုရင်အပူအအေး မျှအောင်အရင်နေပြီးမှ သွားလာသင့်ပါ တယ်။ အရက်သေစာ လွန်လွန်ကဲကဲ သောက်စားခြင်းကိုလည်း မပြုလုပ်သင့် ပါဘူး။ ချွေးထွက်များရင် ခန္ဓာကိုယ် အတွင်းမှာ ရေနဲ့ဓာတ်ဆားဓာတ် ဆုံးရှုံးမှု ကို ပြန်လည်ဖြည့်တင်းဖို့ ဓာတ်ဆားရည် သောက်သုံးပေးသင့်ပါတယ်။ မလိုအပ် ဘဲနဲ့တော့ ဓာတ်ဆားရည်ကို မသောက် သင့်ပါဘူး။ အလေးအနက်ဂရုစိုက်ရမှာ ကတော့ ကလေးငယ်နဲ့ သက်ကြီးရွယ်အို တွေ၊ ဆီးချို၊ နှလုံး၊ သွေးတိုးရောဂါသည် တွေနဲ့ အရက်သေစာ သောက်စားသူတွေ ပါပဲ။
အခုကာလဟာ အယ်လ်နီညိုရာသီ ဥတုဖြစ်စဉ်ကြောင့် အပူချိန်တွေ အလွန် ပြင်းထန်နေပြီး ခရမ်းလွန် ရောင်ခြည်က လည်း လွန်ကဲအဆင့်မှာ ရောက်နေတဲ့ အတွက် လူတွေအားလုံး အထူးသတိ ထားနေထိုင်ဖြတ်သန်းရမယ့်ကာလပါပဲ။ အသွားမတော်တစ်လှမ်း၊ အစားမတော် တစ်လုတ် ဆိုသလို သွားလာနေထိုင် စားသောက်တာ တစ်ချက်မှားလိုက်တာနဲ့ အသက်ပါ ပေးဆပ်လိုက်ရနိုင်ပါတယ်။ ဒါကြောင့် မြန်မာပြည်သူ ပြည်သားတွေ အနေနဲ့ ပြင်းထန်နေတဲ့အပူဒဏ်နဲ့ ခရမ်း လွန်ရောင်ခြည်အန္တရာယ်ကို အထူးသတိ ထားပြီး နေထိုင်သွားလာကြဖို့လိုပါ ကြောင်း ရေးသားလိုက်ရပါတယ်။