images
UN
UN
စိတ်ကိုဖတ်ခြင်းအနုပညာ
Sunday, 11 September 2016
စိတ်ကိုဖတ်ခြင်းအနုပညာ
မောင်မိုးဦး
'ကျွန်ုပ်တို့၏အပြုအမူတိုင်းတွင်
ဘာသာရေးအဆုံးအမများ
စိမ့်ဝင်နေသင့်သည်'
(မဟတ္တမဂန္ဓီ)
လူသည် လောက၏'ဧည့်သည်'သာ ဖြစ်သည်။ မွေးဖွားလာသည့်အချိန်မှ ကွယ်လွန်သွားသည့်အချိန်အထိ အသက် ရှင်နေထိုင်စဉ်ကာလအတွင်း 'ဧည့်သည် ကောင်း'အဖြစ် နေထိုင်ဖို့လိုသည်။ ဧည့် သည်ကောင်းအဖြစ် နေထိုင်ဖို့ဆိုသည်မှာ တစ်စုံတစ်ယောက်သည် တခြားသောလူ သားတွေအတွက် ဘာတွေပေးသွားသည် ဆိုသောအချက်ပေါ် မူတည်သည်။ လူ တစ်ယောက်၏စစ်မှန်သော ဂုဏ်သိက္ခာ သည် သူ၏ပိုင်ဆိုင်မှုအပေါ် မူမတည်ပေ။ ဘဝတူလူသားတွေအတွက် ဘာတွေ ဆောင်ရွက်နိုင်သည်ဆိုသောအချက်များ အပေါ်တွင်သာ မူတည်ပါသည်။
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင် မြန်မာ လူမျိုးတို့သည် ဒါနနှင့်မွေ့လျော်ကြ သည်။ ထို့ကြောင့် မိမိရှာဖွေသောဥစ္စာ ပစ္စည်းများကို မိမိနှင့်မိသားစုအတွက် သာ သုံးစွဲခြင်းမပြုဘဲ လှူဒါန်းပေးကမ်း ခြင်းသည် ဥစ္စာထဲမှ အနှစ်ထုတ်ယူခြင်း ပင်ဖြစ်၏။ ထို့ကြောင့် တချို့က ဒါန အကျိုးကို ပြည့်ပြည့်စုံစုံ သိလို့လှူသလို တချို့က အသေအချာမသိလည်း လှူ ကြသည်။ အထူးသဖြင့် ကလေးသူငယ် များအနေဖြင့် ဒါနအကျိုးကိုပြည့်စုံအောင် မသိကြပေ။ သို့သော် တချို့ကလေးများ က ပေးကမ်းမှုကို ဝါသနာထုံတတ် သည်။ မကြာခင်ကလည်း ကလေးတစ် ယောက်နှင့်ပတ်သက်ပြီး တွေးစရာလေး တစ်ခုရလိုက်လေသည်။
တစ်ရက် အိမ်မှာကျွန်တော်တစ် ယောက်တည်း စာဖတ်နေစဉ် အိမ်ရှေ့အိမ် မှ 'ကျော်သူလင်း'ဆိုသည့် ကောင်လေး ရောက်လာ၏။ သူက ယခုနှစ်မှ သူငယ် တန်းတက်နေသော ကလေးတစ်ယောက် ဖြစ်ပြီး ပန်းချီရေးခြင်းကို ဝါသနာပါ သည်။ ကျွန်တော့်အိမ်လာတိုင်းလည်း စာရွက်နှင့် ဘောလ်ပင်တောင်းပြီး သူ စိတ်ကူးရှိရာပုံလေးများကို ရေးဆွဲလေ့ ရှိ၏။ ထို့ကြောင့် ကျွန်တော်ကလည်း သူ့ကိုသံယောဇဉ်ဖြစ်နေမိ၏။ ထို့ပြင် သူ့မိဘများက ကိုယ်ပိုင်လုပ်ငန်းရှိသဖြင့် အဆင်ပြေကြသည်။
သို့သော် ထိုနေ့က ကျော်သူလင်း ရောက်လာပုံမှာ ပုံဆွဲချင်လို့ မဟုတ်ပေ။ မျက်ရည်များနှင့် အပြေးအလွှားရောက် လာခြင်းဖြစ်သည်။ မကြာခင် သူ့အဘွား တုတ်တစ်ချောင်းနှင့် ရောက်လာပြန် သည်။ ဒေါသဖြစ်နေပုံလည်း ရသည်။ ညနေစားဖို့ချန်ထားသည့် ဘဲဥကြော်ကို ကျော်သူလင်းက ခွေးလေးတစ်ကောင်ကို သနားလို့ ချကျွေးလိုက်သည့်ပြဿနာပင် ဖြစ်သည်။ ထို့ကြောင့် သူ့အဘွားက ဒေါသဖြစ်ပြီး လိုက်ရိုက်ရာမှ ကျော်သူ လင်းက ကျွန်တော့်ဆီပြေးလာခြင်းဖြစ် ၏။ ကျွန်တော်ကလည်း ကလေးကိုခေါ် ထားပြီး တောင်းပန်လိုက်သည်။ သူ့ အဘွားကတော့ သိပ်ကျေနပ်ပုံမရပေ။ မပြန်ခင် ''နင့်အမေလာမှ တိုင်ပြောဦး မယ်။ ဒါမှ နင့်ကိုရိုက်မှာ''ဟု စရန်သတ် သွားသေးသည်။
သည်လိုနှင့် ကျွန်တော်က ကျော်သူ လင်းကို ကော်ဖီမစ်တိုက်သည်။ ထို့ နောက် အေဖိုးနှစ်ရွက်၊ ဘောလ်ပင်အနီနှင့် အနက်ကို သူ့ရှေ့ချပေးလိုက်၏။ သူက လည်း ရေးချင်ရာရေးသည်။ ကလေး တစ်ယောက်အနေဖြင့် သူလုပ်ချင်ရာကို လုပ်ခွင့်ရသဖြင့် စောစောက အရိုက်ခံရ သည်ကို မေ့သွားသလို ကျွန်တော်က လည်း အပြစ်ကင်းသောကလေးတစ် ယောက်ရေးသည့် အရုပ်တွေကို စိတ်ဝင် တစားကြည့်နေမိသည်။ သို့သော် ကျွန်တော်တို့၏ ကြည်နူးခြင်းများက အလျားမရှည်ခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် ညနေ ၅ နာရီဝန်းကျင်လောက် တွင် သူ့အမေရောက်လာခဲ့လေသည်။
လက်ထဲမှာ တုတ်ကိုင်လာသလို နှုတ်ခမ်းပေါ်မှလည်း ပြင်းထန်သော စကားလုံးတချို့ ခုန်ထွက်လာခဲ့၏။ ''နင်က လူလည်လုပ်လို့ နင့်သဘောနဲ့ နင်လုပ်လို့မရဘူး'' စသည့်အသုံးအနှုန်း များဖြင့် ကလေးကို အတင်းဆွဲခေါ်ကာ ကျွန်တော့်ရှေ့မှာပင် ရိုက်တော့သည်။ ကျွန်တော့်အနေဖြင့် စိတ်မကောင်းရုံက လွဲပြီး ဘာမှလုပ်မပေးနိုင်တော့ပေ။ စားပွဲပေါ်မှာ ကျော်သူလင်းရေးဆွဲထား သည့်ပုံလေးတွေကို ကြည့်ရင်းရင်မှာ အနာတရဖြစ်ခဲ့ရလေသည်။
အထက်ပါဖြစ်စဉ်လေးကို ကျွန်တော် ရိုးရိုးလေးတွေးကြည့်သည်။ 'ပုညကြိ ယာ ၁ဝ ပါးတွင် ပါဝင်သောဒါန၌ 'စေ တနာဒါန'နှင့် 'ဝတ္ထုဒါန'နှစ်မျိုးရှိသည်။ အထက်ပါဖြစ်ရပ်တွင် ကျော်သူလင်းမှာ စေတနာဒါနပါသလို ဘဲဥကြော်ဆိုသည့် ဝတ္ထုဒါနလည်းပါသည်။ ကလေးဖြစ် သဖြင့် ဒါန၏အဓိပ္ပာယ်ဖွင့်ဆိုချက်များ ကို သူမသိသော်လည်း သူ့လုပ်ရပ်က 'ပြည့်စုံသောဒါန'ဖြစ်သည်။
ထို့ကြောင့် ကလေး၏ဆောင်ရွက်မှု က ဘာသာတရား၏အဆုံးအမနှင့် ကိုက် ညီသော်လည်း အသက် ၆ဝ ကျော် သူ့ အဘွားနှင့် အသက် ၃ဝ ဝန်းကျင် သူ့ အမေတို့၏လုပ်ရပ်က ဒါနကိုဆန့်ကျင် သော တပ်မက်မှုဆိုသည့်တဏှာကြောင့် 'အကုသိုလ်'ဖြစ်သွားသည်ကို သူ့အဘွား နှင့်သူ့အမေတို့ မစဉ်းစားမိသော်လည်း ကျွန်တော်ကတော့ အကုသိုလ်ကိုတွေးပြီး ကြောက်လန့်နေမိလေသည်။
တစ်ဆက်တည်းမှာပင် ကျွေးမွေး ပေးကမ်းခြင်းကြောင့် အရိုက်ခံလိုက်ရ သည့် ကလေးတစ်ယောက်၏နုနယ်သော အသိတရားလေး ဘာသာပြန်လွဲမသွားပါ စေနှင့်ဟုသာ ကျွန်တော်ဆုတောင်းနေမိ လေသည်။