images
UN
UN
ပုပ္ပားတောင်ကို ထိန်းသိမ်းကာကွယ်ပါ
Monday, 26 September 2016
ပုပ္ပားဆိုတာ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းရပ်ဝန်းထဲက စိမ်းလန်းအေးမြတဲ့ အိုအေစစ်ကလေးတစ်ခု။ အလယ်ပိုင်း ဒေသတစ်ခုလုံးရဲ့ ရာသီဥတုကိုထိန်းချုပ် ပေးတဲ့ယန္တရားတစ်ခု။ ဘယ်နေရာကို ကြည့်လိုက်ကြည့်လိုက် သစ်ပင်၊ စိမ့်စမ်း၊ ကျေးငှက်သာရကာတွေနဲ့ နွေရာသီအပူ ဒဏ်ကိုရှောင်ပုန်းလိုသူတွေအတွက်ငြိမ်းချမ်း အေးမြရာ ရင်ခွင်လေးတစ်ခု။ ပုဂံခေတ် ကသမိုင်းတွေနဲ့ ပုပ္ပားဒေသခံတွေသာ မက မြန်မာတို့ရဲ့ အလေးအမြတ် တန်ဖိုး ထားရာ မြင့်မြတ်တဲ့နတ်တောင်ဆိုပြီး ယုံကြည်မှုအထင်အရှားရှိခဲ့တဲ့နေရာတစ်ခု။
ပုပ္ပားဟာ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ကျောက်ပန်းတောင်းမြို့နယ် မှာတည်ရှိပြီး ကျောက်ပန်းတောင်းမြို့ရဲ့ အရှေ့မြောက်ဘက် ၁ဝ မိုင်အကွာမှာ ရှိပါတယ်။ နောက်ပြီး ရန်ကုန်မြို့နဲ့ မိုင် ၄၁ဝ၊ မန္တလေးမြို့နဲ့ မိုင်၁၆ဝ၊ ညောင်ဦး မြို့နဲ့ မိုင် ၃ဝလောက်ပဲဝေးတဲ့အတွက် အချက်အချာကျတဲ့နေရာလေးတစ်ခုလို့ ဆိုနိုင်ပါတယ်။ ပုပ္ပားတောင်လို့ပြော လိုက်တာနဲ့ လူအများစုက ပုပ္ပားတောင် ကလပ်ကိုပဲပြေးမြင်ပြီးတောင်ကလပ်ကိုပဲ သိတာများပါတယ်။ တကယ်တော့ ပုပ္ပား တောင်ကလပ်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅ဝဝဝ ခန့်က မီးတောင်ပေါက်ကွဲပြီး ပုပ္ပားတောင်မကြီးကနေ ပဲ့ထွက်သွားတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒါကြောင့် ပုပ္ပား တောင်လို့ပြောလိုက်ရင် ပုပ္ပားတောင်မ ကြီးနဲ့ တောင်ကလပ်နှစ်ခုလုံးကိုဆိုလိုတဲ့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ ပုပ္ပား တောင်မကြီးက ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်း ၄၉၈၁ ပေမြင့်ပြီး တောင်ကြောတွေနဲ့ လျှိုမြောင်၊ ချိုင့်ဝှမ်း ပေါပါတယ်။ ပုပ္ပားတောင်ကလပ်က တော့ အမြင့်ပေ ၁၄၁၇ ပေခန့်မြင့်ပြီး စေတီပုထိုးတွေရှိတဲ့အတွက် ဘုရားဖူး တွေနဲ့စည်ကားလှပါတယ်။
ပုပ္ပားတောင်ဒေသမှာ အမြဲစိမ်းတော၊ အထက်ရွက်ပြတ်ရောနှောတော၊ အောက် ရွက်ပြတ်ရောနှောတော၊ တောင်ပေါ် တော၊ အင်တိုင်းတော၊ တောခြောက်စတဲ့ တောအမျိုးအစားတွေ ပေါက်ရောက်ပြီး သစ်အမျိုးပေါင်း ၂၁၅မျိုးခန့်၊ ဝါးမျိုး ၁၃မျိုး၊ အဖိုးတန်ပရဆေးပင် ၃၆၂မျိုး ခန့်နဲ့ သစ်ခွအမျိုးအစား ၈၄ မျိုးလည်း ပေါက်ရောက်ပါတယ်။ ဒါ့အပြင် သမင်၊ ချေ၊ မျောက်မွဲ၊ မျက်ကွင်းဖြူ၊ မျောက်ညို၊ မျောက်စပ်၊ တောဝက်၊ တောခွေး၊ တောကြောင်အမျိုးမျိုး၊ ယုန်၊ ရှဥ့်စတဲ့ နို့တိုက်သတ္တဝါ ၁ဝမျိုးကျော်၊ ငှက်မျိုး စိတ် ၁၃၅ မျိုး၊ လိပ်ပြာမျိုးစိတ် ၁ဝဝခန့် ကိုလည်း လေ့လာတွေ့ရှိထားသလို သဘာဝရေထွက်စမ်း ၁ဝ၃ ခုရှိတဲ့အနက် ၃၆ ခုက တစ်နှစ်ပတ်လုံးရေထွက်ပြီး အကြီးဆုံးရေထွက်တွေက ဝေစမ်းရေ ထွက်၊ နှမတော်ရေထွက်နဲ့ရေဆူရေထွက် တွေပဲဖြစ်ပါတယ်။ အဲဒီရေထွက်တွေ ကနေ ကျောက်ပန်းတောင်းမြို့နဲ့ ပတ် ဝန်းကျင်ကျေးရွာတွေအတွက် သောက် သုံးရေပေးဝေနေတာပါ။
အဲဒီလိုသဘာဝတရားတွေကြောင့် ပုပ္ပားတောင်ဒေသကိုရောက်ရှိလာသူတွေ ဟာမြန်မာပြည်အလယ်ပိုင်းပူပြင်းခြောက် သွေ့တဲ့ဒေသမှာအမြဲတမ်းစိမ်းလန်းစိုပြည် နေတဲ့ အပူပိုင်းအိုအေစစ်တစ်ခုရဲ့အေးချမ်း သာယာမှုကိုခံစားခွင့်ရခဲ့ကြတယ်။ ပုပ္ပား တောင်ကလပ်နဲ့ မြန်မာလူမျိုးတွေရဲ့ ရိုးရာဓလေ့၊ နတ်ကွန်း၊ နတ်နန်းတွေကို ကြည့်ရှုလေ့လာနိုင်ခဲ့ကြတယ်။ နောက် ပြီး ပုပ္ပားတောင်မကြီးနဲ့ ပုပ္ပားတောင် ဥယျာဉ်မှာရှိတဲ့ ပရဆေးတွေ၊ သဘာဝ အလှ ရေထွက်စိမ့်စမ်းတွေ၊ ဇီဝမျိုးစုံမျိုး ကွဲတွေကို ကြည့်ရှုလေ့လာနိုင်တဲ့အပြင် သုတေသနတွေလည်း ပြုလုပ်နိုင်ခဲ့ကြပါ တယ်။ ပုပ္ပားတောင်ဒေသဟာ တော တောင်စိမ့်စမ်း၊ ကျေးငှက်သာရကာတွေ ကြောင့် နွေအခါဆိုရင်ပိုပြီးနေလို့ကောင်း ခဲ့ပါတယ်။ ဒါကြောင့်လည်း နွေရောက် ရင် မြန်မာပြည်အရပ်ရပ်က လူတွေဟာ ပုပ္ပားမှာ နွေခိုဖို့အတွက်သွားရောက်တတ် ကြပါတယ်။ အခုတော့..။
ပုပ္ပားတောင်ဒေသဟာ အရာရာ ပြောင်းလဲခဲ့ပါပြီ။ အပူပိုင်းရပ်ဝန်းထဲက အေးမြစိမ်းလန်းတဲ့အိုအေစစ်လေးပုပ္ပား ဟာ အပူရောင်သက်ပြင်းတွေကိုမှုတ် ထုတ်ပြီး ပူလောင်စပြုနေခဲ့ပါပြီ။ သစ် တောသစ်ပင်တွေ ပျောက်ဆုံးကုန်လို့ ရာသီဥတုတွေ ပြောင်းလဲဖောက်ပြန်လာ ပြီး ရေထွက်စိမ့်စမ်းတွေခန်းခြောက်လာ ခဲ့တယ်။ မိုးရေရရှိမှုနည်းသွားတဲ့အတွက် ပုပ္ပား၊ ကျောက်ပန်းတောင်းနဲ့ ပတ်ဝန်း ကျင်ကျေးရွာတွေမှာ သောက်သုံးရေ ပြတ်လပ်မှုက တစ်နှစ်ထက်တစ်နှစ်ပိုဆိုး ရွားလာခဲ့တယ်။ ပုပ္ပားရဲ့နွေဟာပူလောင် မှုတွေနဲ့ အရင်လိုနေစရာမကောင်းတော့ ဘူး။ မိုးရာသီမှာ ရရှိတဲ့မိုးရေချိန်လက်မ လျော့နည်းလာတဲ့အတွက် မိုးရေကို အဓိကအားထားနေရတဲ့ ဒေသတွေမှာ အခက်အခဲဒုက္ခတွေနဲ့ရင်ဆိုင်လာခဲ့ရတယ်။ ဆောင်းဟာလည်း အရင်နှစ်တွေတုန်း ကလို အေးမြတဲ့အရသာကိုပြည့်ပြည့်ဝဝ ပေးစွမ်းနိုင်စွမ်းမရှိတော့။ တောင်ပေါ် ကနေ တိုက်ခတ်လာတဲ့ လေကအစ ပူလောင်ပြင်းရှလို့..။ ပုပ္ပားဟာ အရာရာ ပြောင်းလဲခဲ့ပါပြီ။ ဘယ်လိုမှ ငြင်းပယ်လို့ မရအောင်ပြောင်းလဲခဲ့ပါပြီ။ ဘာကြောင့် ဒီလိုပြောင်းလဲခဲ့ရတာလဲ..။
အဖြေကတော့ရှင်းပါတယ်။ ပုပ္ပား တောင်ဒေသမှာ သစ်တောသစ်ပင်တွေကို ခုတ်ထွင်ရှင်းလင်းပြီး မြေတွေကို စက် ယန္တရားတွေနဲ့တူးဖော်လို့ရလာတဲ့ မီး တောင်ချော်ရည်မှုန့်တွေကို ဘိလပ်မြေ အစားထိုး ပိုဇိုလန်အမှုန့်ထုတ်လုပ်လာ ကြပါတယ်။ ပိုဇိုလန်အမှုန့်ဟာ သဘာဝ ကရတဲ့အတွက် ဘိလပ်မြေအမှုန့်ထုတ် လုပ်တဲ့နေရာမှာ ကုန်ကျစရိတ်သက်သာ သလို အဲဒီအမှုန့်ကိုရေထဲမှာ အသုံးပြုရင် ပိုခိုင်မာတဲ့အတွက် ဆည်မြောင်း၊ တမံ တွေ ဆောက်လုပ်တဲ့နေရာမှာ တွင်တွင် ကျယ်ကျယ်အသုံးပြုကြပါတယ်။ ဒါ ကြောင့်လည်း ပုပ္ပားတောင်ဒေသ ပိုဇိုလန် ထုတ်လုပ်တဲ့နေရာတွေမှာ သစ်တော တွေပြုန်းတီးကုန်ပြီး ချိုင့်ဝှမ်းကြီးတွေနဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်ကျန်ခဲ့ပါတယ်။ နောက်ပြီး ပိုဇိုလန်စီမံကိန်းကြောင့် ပတ် ဝန်းကျင်ကျေးရွာတွေရဲ့ စိုက်ပျိုးမြေတွေ သိမ်းဆည်းခံရလို့ လူမှုဘဝ၊ စားဝတ်နေ ရေးအခြေအနေတွေ ယိုင်နဲ့ခဲ့ရတဲ့အပြင် ကျန်းမာရေးတွေကိုလည်း အများကြီး ထိခိုက်စေခဲ့ပါတယ်။
ဒါ့အပြင် သစ်တောတွေကိုခုတ်ထွင် ရှင်းလင်းပြီး လက်ဖက်စိုက်ပျိုးနေတာ ကြောင့်လည်း ပုပ္ပားတောင်က သစ်ပင် တွေ ပျက်စီးဆုံးရှုံးနေရပါတယ်။ အောင် လည်းမအောင်မြင်ပါဘူး။ ဒါပေမဲ့ အဲဒီ လက်ဖက်စိုက်ခင်းတွေကြောင့် ပုပ္ပား တောင်က သစ်တောဧကတွေ ရာနဲ့ချီပြီး ပေးဆပ်ခဲ့ရပါတယ်။ နောက်တစ်ခုက သစ်တောတွေကို ခုတ်ထွင်ရှင်းလင်းပြီး နဂါးမောက်စိုက်ခင်းတွေ စိုက်နေကြတာ ပါပဲ။ အဲလိုသစ်တောပြုန်းတီးမှုတွေ ကြောင့် ပုပ္ပားတောင်ဒေသမှာရှိခဲ့တဲ့ ရေ ထွက်တွေထဲကသုံးခုလောက်ပဲရေကောင်း ကောင်းထွက်တော့ပါတယ်။ အခုဆိုရင် ပုပ္ပားဟာ ဆောင်းတွင်းမှာတောင် အပူ ရောင်တွေနဲ့ အဝါရောင်သမ်းလို့နေခဲ့ပါ ပြီ။ ပုပ္ပားတောင်ဒေသမှာ စီးပွားဖြစ် သစ်ခုတ်တာမျိုးတွေ၊ သစ်ခိုးထုတ်တာ မျိုးတွေမရှိပေမယ့် ကျေးလက်ဒေသတွေ မှာ ထင်းသုံးတာရယ်၊ အိမ်ဆောက်တာ နဲ့ လယ်ယာလုပ်ငန်းခွင်မှာ သုံးတာရယ် ကြောင့် သစ်တောသစ်ပင်တွေ ပြုန်းတီး တာတွေရှိသလို ငှက်ပျောစိုက်ခင်းတွေ ကြောင့်လည်း ပြုန်းတီးရပါတယ်။ အဲဒီ အပိုင်းတွေမှာ သစ်တော မပြုန်းတီးစေ ချင်ရင် ပုပ္ပားတောင်ဒေသတစ်ခုလုံး လျှပ်စစ်မီးရရှိဖို့လိုသလို ဒေသဖွံ့ဖြိုးရေး လည်း ဆောင်ရွက်ပေးဖို့လိုပါတယ်။
သစ်တောသစ်ပင်တွေဟာ ပုပ္ပား တောင်ဒေသအပါအဝင် မြန်မာတစ်နိုင်ငံ လုံးမှာ အမြန်နှုန်းနဲ့ ပြုန်းတီးနေရတယ်။ အဲဒီပြုန်းတီးမှုတွေကြောင့် အပူချိန်မြင့်မား မှုတွေနဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု တွေနဲ့ရင်ဆိုင်နေရပါတယ်။ အဆိုးဆုံးက တော့ တောပြုန်းလို့ မိုးခေါင်ရေရှားနေရ တာပါပဲ။ တကယ်တော့ မြန်မာနိုင်ငံ အလယ်ပိုင်းရဲ့အရေးကြီးတဲ့ အိုအေစစ် ဟာ ပုပ္ပားပါပဲ။ ပုပ္ပားဒေသဟာ သူ့ရဲ့ စိမ်းလန်းခြင်းတွေ၊ အေးမြခြင်းတွေနဲ့ အလယ်ပိုင်းဒေသရဲ့ ရာသီဥတုကိုစွမ်း သလောက်ထိန်းပေးခဲ့တယ်။ ပုပ္ပား တောင်မရှိတော့ရင် ပထမဆုံး ကျောက် ပန်းတောင်းမြို့နယ်ပတ်ဝန်းကျင်ကျေးရွာ ၁ဝဝကျော်နိဂုံးချုပ်သွားမှာ အသေအချာ ပါပဲ။ နောက်ပြီး မြန်မာနိုင်ငံအလယ်ပိုင်း ဒေသကိုထိခိုက်သွားပါလိမ့်မယ်။
ဘာပဲဖြစ်ဖြစ် ပုပ္ပားဟာ မြန်မာနိုင်ငံ အလယ်ပိုင်းက စိမ်းလန်းအေးမြတဲ့ အို အေစစ်ပဲ။ အလယ်ပိုင်းဒေသတစ်ခုလုံးရဲ့ ရာသီဥတုကိုထိန်းချုပ်ပေးတဲ့ ယန္တရားပဲ။ မြင်မြင်ရာမှာ သစ်ပင်၊ စိမ့်စမ်း၊ ကျေး ငှက်သာရကာတွေနဲ့ ငြိမ်းချမ်းအေးမြပြီး နွေရာသီရဲ့အပူဒဏ်ကို ရှောင်ပုန်းသူတွေ ရဲ့ရင်ခွင်ပဲ။ ပထဝီသဘောအရရော သမိုင်းတန်ဖိုးအရပါ အရေးပါတဲ့ဒေသ ပဲ။ အခုတော့ အဲဒီပုပ္ပားဟာ ပျက်စီးယို ယွင်းခြင်းလမ်းကြောင်းပေါ်ကို ရောက်ရှိ နေခဲ့ပါပြီ။ ဒါကို ပတ်ဝန်းကျင်ထိန်းသိမ်း ရေးပညာရှင်တွေ၊ အဖွဲ့အစည်းတွေ၊ ဒေသခံတွေစုပေါင်းပြီး ထိန်းသိမ်းကာ ကွယ်ဖို့ ဆောင်ရွက်နေကြပါပြီ။ နိုင်ငံ တော်အစိုးရပိုင်းကလည်း ပုပ္ပားဒေသကို မြန်မာတို့ရဲ့ အလေးအမြတ်ထားမှုနေရာ တစ်ခု၊ အပူပိုင်းဒေသရဲ့အမြဲစိမ်းအိုအေ စစ်လေးတစ်ခုအဖြစ် ဆက်လက်တည်ရှိ နေစေရေးအတွက် ထိန်းသိမ်းကာကွယ် ရေးလုပ်ငန်းတွေကို အလျင်အမြန်ဆောင် ရွက်ပေးပါလို့ တိုက်တွန်းရေးသားလိုက် ရပါတယ်။