images
UN
UN
ဆောင်းသီးနှံစိုက်ပျိုးမှုအတွက် ဘဏ်ချေးငွေကြောင့် တောင်သူများအဆင်ပြေ
မင်းရာဇာ Sunday, 30 October 2016

မြစ်ကြီးနား အောက်တိုဘာ ၃ဝ
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မှ သက်သာသောအတိုးနှုန်းဖြင့် ဆောင်းသီးနှံ စိုက်ပျိုးမှုအတွက် ဘဏ်ချေးငွေထုတ်ပေးမှုကြောင့် တောင်သူလယ်သမားများ အဆင် ပြေလျက်ရှိကြောင်း သိရသည်။
တာလောကြီးမြို့နယ် ခေါင်ဖူး ရွာသစ်တောင်သူ ဦးလမဆားက ''ရာသီပေါ်သီးနှံ ငါးဧကလောက် စိုက်ပါတယ်။ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းဖို့အတွက်မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကနေ သက်သာ တဲ့အတိုးနှုန်းနဲ့ ချေးငွေထုတ်ပေး တဲ့အတွက်ကြောင့်အဆင်ပြေတယ်။ ချေးငွေရရှိမှုနဲ့ စိုက်ပျိုးမှုလည်း လုံလောက်တယ်''လို့ပြောသည်။
ပြည်နယ်တစ်ခုလုံးအတိုင်း အတာအနေဖြင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ၂ဝ၁၅ခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးမှုအတွက် မြို့နယ်ကိုးခု၊ကျေးရွာအုပ်စု ၉၁ စု၊ တောင်သူ ၁၁၇၃၂ ဦးအတွက် ကျပ် ၁၈၄၇၅ ဒသမ ၆ သိန်းကို ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။
ပြည်နယ်မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်မှ တာဝန်ရှိသူတစ်ဦးက ''၂ဝ၁၆မှာပြည်နယ်တစ်ခုလုံးအနေ နဲ့ ကျပ်၁၉၅၆၈ဒသမ၈သိန်းထုတ် ချေးပေးဖို့လျာထားပါတယ်။ ဒီလ ၂၆ ရက်အထိတော့ မြို့နယ်ခုနစ်ခု၊ ကျေးရွာအုပ်စု ၄၅ စု၊ လူဦးရေ ၅၆၇၈ ဦးအတွက် မြေပဲ ၂၄၂၆၆ ဧက၊ နှမ်း ၁၃၄၆ ဧက၊ ဆီမုန် ညှင်း ၁၆၄၅၂ ဧက၊ ပဲပုပ် ဧက ၂ဝ၆ဝ နဲ့ နွေစပါးဧက ၁၁ဝ အတွက် ရာသီပေါ်သီးနှံ တစ်ဧက လျှင် ကျပ် ၂ဝဝဝဝနဲ့ နွေစပါး တစ်ဧကလျှင်ကျပ် ၁၅ဝဝဝဝ နှုန်း နဲ့ထုတ်ချေးပေးထားပြီးဖြစ်တယ်'' ဟုပြောသည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်သို့ တောင်သူများအနေဖြင့် ချေးထားသည့်ငွေများပြန်လည် ပေးဆပ်ရာတွင် တစ်နှစ်ပတ်လုံး အတိုင်းအတာအနေဖြင့် ကျပ် ၁ဝဝ လျှင် အတိုးနှုန်း ၈ ကျပ်သာ ပေးသွင်းရမည်ဖြစ်ပြီး ပေးသွင်း သည့်အချိန်ကာလအပေါ်မူတည်၍ အတိုးနှုန်းလည်း လျှော့ချပေးသွား မည်ဖြစ်ကြောင်း သိရသည်။