images
UN
UN
အမေရိကန်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား အစိုးရအချင်းချင်းသာမဟုတ်ဘဲ ပညာရေးနှင့်နှီးနှောဖလှယ်ရေးအစီအစဉ်များမှတစ်ဆင့် ဆက်ဆံရေးတိုးမြှင့်ရေးဆွေးနွေး
ချားလ်ကိုး Tuesday, 15 November 2016
အမေရိကန်နိုင်ငံနှင့် မြန်မာ နိုင်ငံအကြားအစိုးရအချင်းချင်းသာ မဟုတ်ဘဲ ပညာရေးနှင့်နှီးနှော ဖလှယ်ရေးအစီအစဉ်များမှတစ်ဆင့် နှစ်နိုင်ငံ ပြည်သူများအကြား ဆက်ဆံရေးတိုးမြှင့်မှုအတွက် ဦးစား ပေး ဆွေးနွေးခဲ့ကြောင်း အမေ ရိကန်-မြန်မာမိတ်ဖက်ဆက်ဆံရေး ကဏ္ဍသစ်နှင့်စပ်လျဉ်းသည့် အစည်း အဝေးမှ သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မာစီရယ်လ်သည် ဝါရှင်တန်ဒီစီမှ လာရောက်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ မြန်မာ အစိုးရအကြီးတန်းတာဝန်ရှိပုဂ္ဂိုလ် များနှင့် နေပြည်တော်တွင် ယမန်နေ့ တွေ့ဆုံခဲ့ပြီး စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး၊ ကူးသန်း ရောင်းဝယ်မှု ပူးပေါင်းဆောင်ရွက် ရေး၊ ပြည်သူမှ-ပြည်သူသို့ နှီးနှော ဖလှယ်ရေးကဏ္ဍနှင့် အမေရိကန်-မြန်မာနှစ်နိုင်ငံဆက်ဆံရေးကဏ္ဍ တိုးချဲ့ရာတွင် အကောင်းဆုံးရှေ့ဆက် ဆောင်ရွက်နိုင်မည့်နည်းလမ်းများ နှင့် ပတ်သက်သောကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် အမေရိကန်နိုင်ငံအနေ ဖြင့် လာမည့်နှစ်အတွင်း မြန်မာနိုင်ငံ တွင် လူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှု မြှင့်တင်ရေး၊ တရားရေးစနစ်စွမ်းရည်မြှင့်တင်ရေး၊ အင်္ဂလိပ်ဘာသာစကား ပိုမိုသင်ယူ လေ့လာနိုင်ရေး ကိစ္စများတွင် အမေရိကန်အစိုးရက မြန်မာအစိုးရ နှင့် ပူးပေါင်းဆောင်ရွက်သွားရန် လျာထားကြောင်း သိရသည်။
နှစ်နိုင်ငံစလုံး အကျိုးရှိမည့် ကိစ္စရပ်များတွင် အမေရိကန်ပြည် ထောင်စုနှင့် မြန်မာနိုင်ငံတို့ အတူ တကွ ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများ ရှာဖွေဖော်ထုတ်၍ မြန်မာပြည်သူများကို ဆက်လက် ကူညီအားပေးသွားမည့် အမေရိကန် ပြည်ထောင်စု၏ ကတိကဝတ်ကို လည်း သံအမတ်ကြီးမာစီရယ်လ် နှင့်ဝါရှင်တန်မှ ထိပ်တန်းတာဝန်ရှိ ပုဂ္ဂိုလ်များက ထပ်လောင်းပြော ကြားသည်။