images
UN
UN
သတ်သေမှုကို အဖြေရှာရာတွင်
Tuesday, 22 November 2016
ယခုတလော သတင်းမီဒီယာတွေမှာ မိမိကိုယ်ကို အဆုံးစီရင်သွားတဲ့ သတင်း တွေ ဖတ်ရပါတယ်။ အရက်ကြောင်၍ ဖြစ်စေ၊ မူးယစ်ဆေးဝါးကြောင့်ဖြစ်စေ၊ ဒေါသလွန်ကဲ၍ အခြားသူကိုသတ်ဖြတ် ရင်း မိမိကိုယ်ကိုပါ သတ်သေသွားတဲ့ ဖြစ်ရပ်တွေ ပုံစံအမျိုးမျိုးနဲ့ပေါ်ပေါက်နေ ပါတယ်။ မိမိကိုယ်ကိုသတ်သေမှုဟာ ရာဇသတ်ကြီးဥပဒေအရ ပြစ်ဒဏ်မြောက် သော်လည်း အောင်မြင်သွားရင်တော့ အရေးယူလို့ရတဲ့ ပြစ်မှုမျိုးမဟုတ်ပါ။
ဘာပဲဖြစ်ဖြစ် မိမိကိုယ်ကို မိမိသတ် သေရန် ဆုံးဖြတ်ခဲ့ခြင်းကတော့ သာမန် ပြဿနာမဟုတ်ပါ။ လူမှုရေး၊ စီးပွားရေး ရှုထောင့်တွေမှ လေ့လာသုံးသပ်ရမယ့် အပူတပြင်းပြဿနာဖြစ်နေပါပြီ။ အဲဒီ လူမှုရေးနာကြည်းမှုသတင်းများဟာ ဘာ ကြောင့်ဖြစ်နေပါသလဲ။ ၁၄.၁၁.၂ဝ၁၆ နေ့ထုတ် ပုဂ္ဂလိကသတင်းစာတစ်စောင် မှာ'ဇနီးကို အသုံးစရိတ်မပေးနိုင်သည့် အနှေးယာဉ်လုပ်သား ကြိုးဆွဲချသေဆုံး' သတင်းဖတ်ရပါတယ်။
ခန်းမဆောင်က ပြစ်မှုတွေကြားမှာ အသက်မွေးဝမ်းကျောင်းကြောင့်ဖြစ်တည် လာတဲ့ဖြစ်ရပ်များကိုတော့ အားလုံးက သတိပြုဖို့လိုပါတယ်။ ဒဂုံဆိပ်ကမ်း မြို့နယ်(၆၈)ရပ်ကွက်မှာ ယခုလ ၁၂ရက် မွန်းလွဲပိုင်းက ဇနီးဖြစ်သူကို နေ့တွက် စရိတ်မပေးနိုင်တာကြောင့် အသက် (၃၄နှစ်)အရွယ် အနှေးယာဉ်လုပ်သား တစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ပါပြီ။ မိသားစု စားစရိတ် တစ်နေ့ငွေကျပ် ၂၅ဝဝ(နှစ် ထောင့်ငါးရာကျပ်)နှုန်းထောက်ပံ့နေရာမှ ဖြစ်လာတဲ့ရင်နင့်ဖွယ်ရာပါ။
ရဲအရာရှိက''သေဆုံးသူအမျိုးသား မှာ ကလေးငါးယောက်နဲ့ဆိုက်ကားနင်း ပြီး ရုန်းကန်နေရတာ၊ အဲဒီနေ့က စရိတ် မပေးနိုင်လို့ မိန်းမနဲ့စကားများကြတယ်။ နေ့လယ်ပိုင်းမိန်းမဖြစ်သူမရှိချိန် နေအိမ် ထဲမှာ ကလေးပုခက်ကြိုးနဲ့ အဆုံးစီရင် ခဲ့တာပါ''ဟု ဆိုပါတယ်။
ငွေကျပ် ၂၅ဝဝ ဟာ ချမ်းသာသူ တွေအတွက်ကတော့ သာမန်ပါ။ ဆင်းရဲ ချမ်းသာကွာခြားမှုမြင့်မားနေတဲ့ကျွန်တော် တို့နိုင်ငံမှာတော့အလေးထားရမယ့် ဝင်ငွေ ပြဿနာပါ။ ပညာရှင်တို့၊ ကမ္ဘာ့ဘဏ်တို့ သုတေသနပြုချက်၊ သုံးသပ်ချက်တွေ အသာထားပါဦး။ လက်တွေ့ဘဝမှာ ကလေးငါးဦးအပါအဝင် လူခုနစ်ဦးရှိတဲ့ အိမ်မှာ မလွဲမသွေသုံးစွဲရမယ့် ဆန်စားသုံး မှုအတွက် ဘယ်မျှကုန်ကျသလဲ။ ဝင်ငွေ နည်းပါးတဲ့မိသားစု အဓိကစားသုံးတဲ့ ဆန်ကြမ်းတစ်ပြည်ဟာ ယနေ့အနည်းဆုံး ကျပ် ၁ဝဝဝ ရှိနေပါပြီ။
ဖွဲစော်နံနေတဲ့ဆန်အပြင် ငရုတ်သီး၊ ကြက်သွန်၊ ဆီ၊ တို့စရာစရိတ်ကိုပေါင်း စပ်ကြည့်လျှင် မိသားစုဝင်ငွေတော်တော် များများဟာ အစားအစာစားသုံးမှုအတွက်
အသုံးပြုနေရပါပြီ။ ဒါကြောင့် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ် စိုက်ပျိုးစီးပွား ပညာဌာနမှ တွဲဖက်ပါမောက္ခဒေါက်တာ သိင်္ဂီမြင့်က''ဆင်းရဲမွဲတေမှုပြယုဂ်အဖြစ် မိသားစုဝင်ငွေ၏ ၅၁ ရာခိုင်နှုန်းကျော်ကို အစားအစာအတွက် အသုံးပြုနေရ ကြောင်း'' ထောက်ပြချက်ကို ကျွန်တော် မှတ်မိနေပါတယ်။
အစိုးရဟောင်းလက်ထက်မှာရော ယခုအစိုးရသစ်လက်ထက်မှာပါ အခြေခံ စားသောက်ကုန်ဈေးနှုန်းများဟာ တစ်နေ့ ထက်တစ်နေ့ မြင့်တက်လာပါတယ်။ မြန်မာငွေခိုင်မာမှုကျဆင်းပြီး ဒေါ်လာဈေး ကျပ်တစ်ထောင့်သုံးရာကျော်လာပေမဲ့ ဆင်းရဲသားလူထုလက်ထဲမှာတော့ ငွေ ကြေးဖောင်းပွမှုပင်လယ်ပြင်မှာ ငွေကြေး ကျပ်တည်းမှုရေငတ်နေပါပြီ။ အနိမ့်ဆုံး ကျပ် ၃၄ဝဝ သတ်မှတ်ထားတဲ့နိုင်ငံမှာ မိသားစုခုနစ်ဦးရှိပြီး နေ့စဉ်ကျပ် ၂၅ဝဝ ရှာဖွေရတဲ့ သူတို့ရဲ့ လူနေမှုအဆင့်အတန်း ကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာ မျှဝေ ခံစားကြဖို့ လိုအပ်ပါတယ်။
ဘဝတူအနှေးယာဉ်လုပ်သားတစ်ဦး ရဲ့ ဇနီးကတော့ ကျွန်တော့်ကို ယခုလို ပြောပြပါတယ်။ ''ဆိုက်ကားငှားခအုံနာ ကြေးက ကျပ် ၁ဝဝဝပေးရပြီး အသေး စားပြင်ဆင်မှုကုန်ကျငွေကို နင်းသား ကိုယ်တိုင်ကျခံရကြောင်း၊ ကြီးမားသည့် ပြင်ဆင်မှုဆိုလျှင် ပိုင်ရှင်(အုံနာ)နှင့် နင်းသားတစ်ယောက် တစ်ဝက်ကျခံရ ကြောင်း၊ တစ်နေကုန် ဆိုက်ကားပေါ် ငုတ်တုတ်ထိုင်ရင်း ခရီးသယ်တင်ဆောင် နင်းပို့နိုင်မှ နေ့စဉ်ဝင်ငွေကျပ် ၄ဝဝဝ၊ ၅ဝဝဝအများဆုံးရကြောင်း၊ ဝင်ငွေပုံမှန် မရှိသလို တစ်ခါတစ်ရံ အုံနာကြေးပင် မပေးနိုင်ကြောင်း''ဖွင့်ဟပြောဆိုပါတယ်။
အဲ့ဒီလိုဘဝမျိုးမှာ ကျူးကျော်ရပ် ကွက်မှာနေပြီး လျှပ်စစ်မီးမရတာ၊ ရေဝဝ မချိုးနိုင်တာ၊ ရေလောင်းအိမ်သာမရှိတာ၊ အဝတ်အစားချို့တဲ့တာ ခံနိုင်ရည်ရှိသော် လည်း နေ့စဉ်စားသောက်ရဖို့ကတော့ သူတို့အတွက် ရုန်းကန်ရအခက်အခဲဆုံးပါ ပဲ။ ဆန်က မရှိမဖြစ်လိုအပ်ပြီ၊ အရန် အဖြစ် ဈေးပေါတဲ့ ပင်လယ်ငါး၊ ငါးပိ တို့စရာနဲ့ စခန်းသွားနိုင်ဖို့ လွန်စွာကြိုး စားနေရပါပြီ။
ဆင်းရဲသူများရဲ့ဘဝကို ကိုယ်ချင်း စာရေးသည် ဘာသာရေးအရ၊ လူ့ကျင့် ဝတ်အရလိုအပ်သလို ဆင်းရဲနွမ်းပါးမှု လျှော့ချရေးဟာလည်း နိုင်ငံတည် ဆောက်ရေးအတွက် လွန်စွာအရေးကြီးပါ တယ်။ ကျွန်တော်တို့နိုင်ငံမှာ ဆင်းရဲ နွမ်းပါးမှုလေ့လာရေးဆိုင်ရာ သုတေသန အဖွဲ့များ ဘယ်ရွေ့ဘယ်မျှရှိပါသလဲ။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာအဖွဲ့ အစည်းများလည်း ဘယ်လိုဖွဲ့စည်းထား ပါသလဲ။ ဆင်းရဲချမ်းသာကွာဟမှု ဘယ်မျှ ခြားနားနေပါသလဲ။ ကြုံရာကျပန်း အလုပ်လုပ်ကိုင်ရတဲ့ဦးရေ ဘယ်လောက် ဘယ်မျှရှိပါသလဲ။ အလုပ်အကိုင်မလုံခြုံ တဲ့ အလုပ်သမားများ ဘယ်ရွေ့ဘယ်မျှ ရှိနေပါသလဲ။ စားဝတ်နေရေးနဲ့ဆက်စပ် တဲ့ စိတ်ကျန်းမာရေးစစ်တမ်းတွေ ဘယ် လိုကောက်ယူနေပါသလဲ။ အဲဒီအတွက် အဖြေများမရမချင်း ဒဂုံဆိပ်ကမ်းမြို့နယ် က အနှေးယာဉ်လုပ်သားကြိုးဆွဲချသေ ဆုံးတဲ့ သတင်းတွေကို ဆက်လက်ဖတ် ရှုနေရမှာပါပဲ။
ချုပ်၍တင်ပြရလျှင် မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဟာ အလုပ် အကိုင်လုံခြုံမှုမရှိသူ၊ ဆင်းရဲနွမ်းပါးသူ များအတွက် မူဝါဒပြဿနာမဟုတ်တော့ ပါ။ ဆင်းရဲသားမိသားစုများ အသက်ရှင် သန်ရေးအတွက် အပူတပြင်းဆောင်ရွက် ရမယ့် အလုပ်စခန်းရောက်နေပါပြီ။ သတ်သေမှုများကို အဖြေရှာရာတွင် ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်းကို သိရှိဖို့လိုကြောင်း ပြောပါရစေဗျား။ ။