images
UN
UN
အားနည်းမှုများရှိကပြုပြင်နိုင်မည်ဟု တနင်္သာရီလွှတ်တော်ဒုဥက္ကဋ္ဌဆို
Dawei Watch Tuesday, 29 November 2016
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းလိုက်သော လေ့လာသုံးသပ်ရေးအဖွဲ့က တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်၏ အားနည်းချက်များကို ပြုပြင်နိုင်လိမ့်မည်ဟု တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌကပြောသည်။
တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်အတွင်းရှိကိစ္စရပ်များအား လေ့လာ၍ တွေ့ရှိချက်များကိုသုံးသပ်ရန်၊ တင်ပြနိုင်ရန် အဖွဲ့ခေါင်းဆောင်ဦးဥာဏ်ဝင်းနှင့် အဖွဲ့ဝင် နှစ်ဦးပါဝင်သည့် လေ့လာသုံးသပ်ရေးအဖွဲ့ကို ယခုလ ၂၅ ရက်က ကျင်းပသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးတွင် ဖွဲ့စည်း ခဲ့သည်။ လေ့လာသုံးသပ်ရေးအဖွဲ့ကို မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့ကို စစ်ဆေးရန်ဖွဲ့စည်းခြင်းဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင် က ပြောသည်။
''အခုလိုဖွဲ့တာက ကောင်းတာပေါ့။ လွှတ်တော်ရဲ့အားနည်းချက် အားသာချက် တွေကို ဝေဖန်အကြံပြုပြီး ပြင်ပေးနိုင်တာပေါ့။ အားနည်းတာတွေ့ရင် ပြင်ပေးမယ်။ အားသာတာရှိရင် ချီးကျူးမယ်။ အဲဒီအခွင့်အရေးရနိုင်တာပေါ့''ဟု တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌဦးကြည်စိုးကပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌအား မေးမြန်း နိုင်ရန်အတွက်Dawei Watch မှ ဖုန်းဖြင့်ဆက်သွယ်ရာ ဖုန်းမကိုင်သဖြင့် မေးမြန်းခွင့် မရရှိသေးပေ။ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့ကို ပြန်လည်စိစစ်ပေးရန် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ် ၁၉ ဦးက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌနှင့် ပါတီထိပ်ပိုင်းတာဝန်ရှိသူများကို ယခုလအတွင်းတောင်းဆိုထားသည်။