images
UN
UN
ဘာသာစကား အလေးထား
ချစ်နိုင်(စိတ်ပညာ) Tuesday, 29 November 2016
ပြုပြင်ပြောင်းလဲမည့် ပညာရေးစနစ်တွင် ကမ္ဘာသုံးဘာသာစကားဖြစ်သော အင်္ဂလိပ်စာကို လည်း အဆင့်မြှင့်ဖို့လိုပါသည်။ မိခင်ဘာသာ စကားဖြစ်သောမြန်မာစာကိုလည်း အဆင့်မြှင့် ဖို့လိုပါသည်။ အင်္ဂလိပ်ဘာသာစကားကို ကိုလိုနီ အမွေဆိုးအဖြစ် သဘောထားသည့် အဆိုးမြင် အယူအဆများလည်း ပျောက်သင့်ပါပြီ။
ပါမောက္ခဒေါက်တာဦးခင်အေး
(မြန်မာစာအဖွဲ့၊ အဖွဲ့ဝင်)
Myanmar Post Global ၂ဝ၁၄ မေ
အရည်အသွေး
ဝန်ထမ်းများ၊ တက္ကသိုလ်ကျောင်းသူ ကျောင်းသားများ၊ အထက်တန်းကျောင်းသူ ကျောင်းသားများပါဝင်သည့်စာပေဟောပြောပွဲ များဆိုလျှင် စာရေးသူသည် အင်္ဂလိပ်စာ၊ အရေး၊ အဖတ်၊ အပြော၊ နားထောင်ခြင်းအရည်အသွေး ကို ပိုမိုတိုးတက်အောင် နေ့စဉ်အချိန်ပေး၍ လေ့ကျင့်မြှင့်တင်ပေးသင့်ကြောင်း တိုက်တွန်း ဟောပြောလေ့ရှိပါ၏။ လက်ရှိအခြေအနေတွင် အဆင့်မြင့်ပညာ၊ အခြေခံပညာ၊ ဆရာဆရာမများ ကိုယ်တိုင်လည်း အင်္ဂလိပ်စာအထိအတွေ့နှင့် ကျွမ်းကျင်မှုအားနည်းကြသည်။ ဝန်ထမ်းလောက တွင်လည်း အင်္ဂလိပ်လိုရေးရမည်၊ ပြောရမည်ဆို လျှင် တွန့်သည့်သူ၊ ရွံ့သည့်လူကများနေသည်။ အသက် ၃ဝ၊ ၄ဝအရွယ် ဌာနဆိုင်ရာဝန်ထမ်းများ နိုင်ငံခြားတိုင်းပြည်များသို့ အစည်းအဝေးတို့၊ ဆွေးနွေးပွဲတို့၊Workshop အလုပ်ရုံ ဆွေးနွေးပွဲ၊ စာတမ်းဖတ်ပွဲတို့သွားကြရပြီဆိုလျှင် မပျော်ရွှင် နိုင်ကြသည့်အပြင်ဆရာစာမေးမှာကို ကြောက် သဖြင့် ခေါင်းငုံ့နေရသောကျောင်းသားလေးများ သဖွယ်မျက်နှာပျက်နေတတ်ပါ၏။ နိုင်ငံတကာ ဆွေးနွေးပွဲများတွင်မိမိနိုင်ငံကဘာသာရပ်ကို နိုင် နင်းကျွမ်းကျင်ပါသော်လည်း အင်္ဂလိပ်စာအပြော အဆို၊ အမေးအဖြေမရေလည်သဖြင့် မျှော်မှန်း သလောက်ခရီးမပေါက်။ (လွှတ်တော်အမတ်တွေ မည်မျှခရီးရောက်နေပြီလဲတော့မသိပါ) အစိုးရ ဝန်ထမ်းများသည် အာဆီယံနိုင်ငံများမှ လုပ်ငန်း ဆောင်တာများ ညှိနှိုင်းဆွေးနွေးကြရာတွင်လည်း အားရပါးရအောင်အောင်မြင်မြင် ရှိသင့်သလောက် မရှိ၊ မီဒီယံဖြစ်သောအင်္ဂလိပ်ဘာသာစကားကို ထိတွေ့ကျွမ်းကျင်မှု၊မိမိကိုယ်ကိုယုံကြည်စိတ်ချရမှု များတွင် စင်ကာပူ၊မလေးရှား၊ဘရူနိုင်း၊ဖိလစ်ပိုင် စသည့် နိုင်ငံမှလူတွေနှင့်ကွာခြားနေသည်။ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှား၊ ဗီယက်နမ် တို့မှာမူ ပိန်မသာလိန်မသာရှိနေကြပါသေး။တစ်ခါ တစ်ရံထိုနိုင်ငံမှ အမေရိကန်ပြန်၊ အင်္ဂလန်ပြန် အသက် ၂ဝ၊ ၃ဝ အရွယ်ကိုယ်စားလှယ်တွေက မိမိတို့မြန်မာအသက် ၄ဝ၊ ၅ဝ များထက်ပင် နှုတ် သွက်လျှာသွက်ပို၍ ရှိနေပါသေး။
ပြည်တွင်း ပြည်ပဆွေးနွေးပွဲ၊ တွေ့ဆုံပွဲ၊ ဟောပြောပွဲအတွေ့အကြုံပေါင်းများစွာကို လွန်ခဲ့ သောအနှစ် ၂ဝမှစတင်ဖြတ်သန်းတွေ့မြင်ခဲ့ပြီးပြီ။
မြှင့်တင်ပေးဖို့လိုနေ
ဆန္ဒစွဲဖြင့် တင်ပြနေခြင်းမဟုတ်။ မြန်မာ လူငယ်လူရွယ်များ အင်္ဂလိပ်စာ အရေး၊ အပြော၊ အဖတ်၊ နားထောင်စွမ်းရည်ကို ယခုအခြေအနေ ထက် မြှင့်တင်ဖို့လိုအပ်နေပြီ။ ပကတိအရှိတရား၏ တောင်းဆိုချက်များကို လိုရင်းတိုရှင်း ဖော်ပြ ခြင်းမျှသာဖြစ်ပါသည်။ ကိုယ်တိုင်က ကြိုးစား အားထုတ်ရမည်။
မည်သူမည်ဝါ၏ အပြစ်ချွတ်ယွင်းချက် ဘာ ဘာညာညာ အကျိုးမရှိသော ပြစ်တင်ဝေဖန်ခြင်း မျိုးမပြုပါ။
မြန်မာနိုင်ငံ၏ ဘယ်ခေတ်ဘယ်အခါက ပညာရေးစနစ်ကြောင့် လက်ရှိပညာရေးက နိမ့်ကျ နေရသည်။ ဘာဘာညာညာ ပုတ်ခတ်ထိုးနှက် ခြင်းမျိုးမပြောပါ။ အချည်းနှီး နောက်ကြောင်းပြန် လှည့်ပြီး အရည်မရ၊ အဖတ်မရ အတိတ်ကိုဒေါမန ဿသဟဂုတ်၊ ဥာဏဝိပ္ပယုတ်ဖြင့် တူးဆွအော် ဟစ် ရေးသားနေကြသူများကိုလည်း ဂျာနယ် စာမျက်နှာများတွင်ဖတ်ရပါ၏။ တွေ့ရ၏။ အကြံ ကောင်း၊ ဥာဏ်ကောင်း၊နည်းလမ်းကောင်းများကို ဂဃနဏ သုံးသပ်ဆွေးနွေး ဖော်ပြပေးနိုင်သူက တော့နည်းသေး၏။ ပစ္စုပ္ပန်မှာ ဖန်တီးကြရမည်။
စာရေးဆရာတစ်ယောက်အနေဖြင့်အစိုးရဌာန ရုံးအချို့ကလည်း စာပေဟောပြောပွဲဖိတ်သဖြင့် သွားရောက်ဟောပြောဖူးပါ၏။ တက္ကသိုလ်အချို့ တွင်လည်း စာပေဟောပြောပွဲ(အချို့တက္ကသိုလ် ဆိုလျှင် သုံးကြိမ်လေးကြိမ်)ဟောပြောဖူးပါ၏။ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ တောင်ငူ တက္ကသိုလ်၊ စစ်ကိုင်းသမဝါယမတက္ကသိုလ်၊ စစ်ကိုင်းတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်၊ ပြင်ဦးလွင်စစ်တက္ကသိုလ်၊ ကလော စစ်ဦးစီးတက္ကသိုလ်၊ မင်္ဂလာဒုံတပ်မတော်ဆေး တက္ကသိုလ်၊ တပ်မတော်သူနာပြုနှင့် ဆေးပညာ တက္ကသိုလ်၊ ရန်ကုန်ဆေးတက္ကသိုလ်(၂)၊ သွား ဘက်ဆိုင်ရာဆေးတက္ကသိုလ်၊ မန္တလေးနှင့်ရန်ကုန် အနုပညာတက္ကသိုလ်များ၊
ထားဝယ်ပညာရေး ကောလိပ်၊ ပြည်ပညာရေးကောလိပ်၊ ပုသိမ်ကြီး သမဝါယမကောလိပ်၊ စစ်ကိုင်းပညာရေးကော လိပ်။ (တက္ကသိုလ်ကောလိပ်ပေါင်း ၂ဝဝကျော် တွင် မိမိက နှစ် ၂ဝ လောက် သွားရောက်ဟော ပြောခဲ့ဖူးပါ၏။) ဖိတ်ကြားလာသမျှ မငြင်းခဲ့ပါ။
မပြောမဖြစ် ပြောမိသောအချက်တစ်ရပ်မှာ 'အင်္ဂလိပ်စာ အရေး၊ အပြော၊ အဖတ်၊ နားထောင် စွမ်းရည် (င်္Four Skill) ကို ကိုယ်တိုင်ကြိုးကြိုး စားစား အားထုတ်မြှင့်တင်ကြပါ'ဆိုသော မေတ္တာ ရပ်ခံချက်ဖြစ်ပါ၏။ နားဝင်အောင် ပျော်ရွှင်အောင် ဖြစ်ရပ်သာဓက ဟာသများလည်း ဥပမာဖော် ဆောင်ပြီး တင်ဆက်ပါ၏။ ရယ်မောရလျှင် ပေါ့ ပါးသွားပြီး စိတ်မတင်းကျပ်စေရအောင် ဖြစ်ပါ ၏။ ပရိသတ်ပျော်ပါစေ။
စာပေဟောပြောပွဲ၏ သဘောသဘာဝက စာဟောဆရာလို ဟောရခြင်းမဟုတ်။ ကွက်စိပ် ဆရာလိုပြောရခြင်းနှင့်လည်းမတူ။ ဘုန်းကြီး တရားဟောပုံနှင့်လည်း ကွဲပြား၏။ နိုင်ငံရေး တရားဟောခြင်းနှင့်လည်းခြားနား၏။ စာကြောင်း ပေကြောင်း စာပေအကြောင်းကို မူလဝင်ရိုးပြုရ၏။ စာပေပရိသတ်စိတ်ဝင်စားအောင်ဆွဲဆောင်၍ အနု ပညာရသပါအောင်လည်းဟောပြောရ၏။ ပရိသတ် ၏မျှော်လင့်ချက်၊လိုလားချက်၊တောင့်တချက်နှင့် လတ်တလောထက်သန်နေသော ဆန္ဒအစရှိသည် တို့ကိုတတ်နိုင်သမျှ ပြည့်ဝအောင်ဖြည့်ဆည်းရ၏။ အကြိုက်လည်းကျစေရမည်။ အကျိုးလည်းရှိစေ ရမည်။ စာပေတန်ဖိုးဖြင့်ကောင်းကျိုးပြုနိုင်ရန် အဓိကထားရ၏။ (နိုင်ငံရေးအတွက် အချို့က အသုံးချခဲ့တာလည်းရှိ၏။)
ဘာသာစကား
စာပေ Literature အကြောင်းပြောရလျှင် ဘာ သာစကားLanguage အကြောင်းကိုလည်း ဆက် နွှယ်ပြီးထည့်သွင်းဟောပြောလေ့ရှိကြပါသည်။ သံနေသံထား၊ စကားအဖြတ်အတောက်၊ အတင်အချမဆီလျော်သဖြင့် ရယ်စရာဖြစ်တတ်ပုံများကို လည်း အချို့စာရေးဆရာ၊ စာရေးဆရာမများက ပွဲကျအောင်ပြောတတ်ကြပါသည်။ (ဟာသပြော တာချင်းအတူတူ လူရွှင်တော်ပျက်လုံးရယ်ရပုံနှင့် စာရေးဆရာပြောသဖြင့် ရယ်မောရပုံချင်းအရသာ မတူပါ။ အတိမ်အနက်အထူအပါးကွာခြားတတ် ပါ၏။)
စကားလုံး၊ သတ်ပုံ၊ ဝါကျသဒ္ဒါ၊ အသံထွက် မှားတတ်ပုံလေးများကိုလည်း ဟောပြောပွဲများ တွင်ကြားရတတ်ပါ၏။ မြန်မာစာမြန်မာစကား မှာပင် သတိထားစရာများစွာရှိပါ၏။ ကျောင်း ဆရာမလုပ်ခဲ့ဖူးသော စာရေးဆရာမတစ်ယောက် ၏ ဝတ္ထုအမည်တွင်အရှေ့တံခါးပေါက်အဝင်ဟု ရေးသားသည်ကိုတွေ့ရဖူး၏။ အရှေ့အနောက်ဟူ သောအရပ်ကိုသူကဆိုလိုခြင်းမဟုတ်ဘဲအဆောက် အအုံ၏ရှေ့တံခါး၊ နောက်တံခါး(Front Door and Back Door) ကိုသာဆိုလိုခြင်းဖြစ်ကြောင်း ဝတ္ထု ဖတ်ကြည့်မှသိရ၏။ အရှေ့အနောက် (East and West) နှင့်ရှေ့မျက်နှာစာ၊ နောက်ဖေးပေါက် ဟူသော ရှေ့နှင့်နောက်ကိုပင် သဲသဲကွဲကွဲမသိခြင်း အတွက်စိတ်မကောင်းပါ။ မိမိတို့စာရေးဆရာများ၊ အယ်ဒီတာများကတော့ အမှားနည်းပါးအောင် ပိုပြီးဂရုစိုက်သင့်ကြပေသည်။
အင်္ဂလိပ်စာကြိုးစားကြပါဟု စာပေဟော ပြောပွဲအချို့တွင်ထည့်သွင်းဟောပြောလာခဲ့သည် မှာ နှစ်ကာလကြာလှပါပြီ။ သို့ရာတွင် သက်ကယ် ချောင်းနှင့်ခေါင်းလောင်းထိုးသကဲ့သို့ အသံတိုး ညှင်းနေသေးပုံရပါ၏။ စာရေးဆရာ၊ သတင်းစာ ဆရာ၊ စာနယ်ဇင်းအယ်ဒီတာများ၊ မြန်မာစာ၊ အင်္ဂ လိပ်စာအရည်အချင်းမြင့်လာအောင်(မိမိအပါအဝင်) ကြိုးစားဖို့လိုနေပါသည်။
အလေးထား
မူလတန်း၊ အလယ်တန်း၊ အထက်တန်းမှ ကျောင်းဆရာ၊ ဆရာမများ အင်္ဂလိပ်စာသင်ကြား ရာတွင် ယခုထက်ပိုမိုထိရောက်ကျွမ်းကျင်စွာ သင်ပြတတ်ကြစေရန် သက်ဆိုင်ရာမှဖြည့်ဆည်း ကူညီပေးစေလိုပါသည်။ ဆရာဆရာမများကိုယ် တိုင်ကလည်းသသင်္ခရိက(စိတ်ပါလက်ပါ) ဆည်း ပူး ဖြည့်တင်းကြပါရန် မေတ္တာရပ်ခံလိုပါသည်။
အဆင့်မြင့်ပညာအပိုင်း၊ တက္ကသိုလ်နှင့် ကော လိပ်များမှ ပါမောက္ခ၊ ကထိက၊ နည်းပြ၊ သရုပ် ပြဆရာဆရာမများ၏ အင်္ဂလိပ်စာစွမ်းရည် မြှင့် တင်ရေးကိုလည်းသက်ဆိုင်ရာတာဝန် ရှိသူများက ကြပ်ကြပ်မတ်မတ်အားပေးအားမြှောက်ပြုစေလို ပါသည်။ ဆရာကြီးဆရာမကြီးတို့ကလည်း နည်း မှန်လမ်းမှန် အဆင့်အတန်းရှိသော အင်္ဂလိပ်စာ တော်သည့်တပည့်တပန်းများထွက်ပေါ်လာအောင် စေတနာထားကာ ကြိုးပမ်းကြစေချင်ပါသည်။ တံတားထိုးခြင်းမဟုတ်ပါလား။
ဘာသာစကားတက်မြောက်ကျွမ်းကျင်မှုရှိ ခြင်းမရှိခြင်းသည် နိုင်ငံနှင့်လူမျိုးပါချီပြီး မြင့်မား တိုးတက်စေခြင်း၊ ဆုတ်ယုတ်ကျဆင်းစေခြင်း အထိ အရေးကြီးလှပါသည်။
သူတစ်ပါးနိုင်ငံမှာ ရွေ့လျားစက်လှေကားများ၊ ဓာတ်လှေကားများ အသုံးပြု (လျင်မြန်)နေချိန်မှာ မိမိတို့မြန်မာများ ကားရင်းထောင်၊ရင်းဆွဲ၊ဝါးလှေကားလေး ခနော်နီ ခနော်နဲ့နှင့် တစ်ထစ်ပြီးတစ်ထစ် (နှေးကွေးစွာ) တက်နေကြခြင်းကို နှိုင်းယှဉ်ရှုမြင်ကြည့်ကြပါ။ ပြောင်းလဲချိန်တန်ပြီ။
ဖြစ်ရပ်သာဓက
ကြားဖူးသောဖြစ်ရပ်တစ်ခုကို တင်ပြပါရစေ။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားပြီးနောက် ဂျပန်များ က မြန်မာပြည်သို့ထိုးစစ်ဆင်ဝင်ရောက်လာကာ ဗြိတိသျှနယ်ချဲ့အစိုးရကို ခွေးပြေး၊ ဝက်ပြေး ပြေးသွားအောင် ချေမှုန်းတိုက်ခိုက်အောင်မြင်ပြီး ချိန်ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းခေါင်း ဆောင်သော ရဲဘော်သုံးကျိပ်လည်း ဂျပန်တပ် မတော်ကြီးနှင့်ပါလာသဖြင့် မြန်မာပြည်ထောင်စု သားများက သပြေပန်းများကမ်းလင့်ကာ ကြိုဆို ခဲ့ကြ၏။ (ကျောမချသေးခင်ဓားပြမှန်းမသိ)
ဂျပန်စစ်အစိုးရက အင်္ဂလိပ်တို့ရုံးထိုင်ခဲ့သော အစိုးရရုံးများမှာနေရာယူပြီး မြန်မာပြည်ကိုဂျပန် ခေတ်စစ်အုပ်ချုပ်ရေးပုံစံတကျသွင်းရန် စိုင်းပြင်း နေပေပြီ။ ၁၉၄၂ ခု ဇူလိုင်လအတွင်း ဂျပန်စစ် အုပ်ချုပ်ရေးထိပ်ပိုင်းတာဝန်ရှိသူများသည် ပညာ ရေးနှင့် ယဉ်ကျေးမှုရေးရာများကို ဆွေးနွေးညှိ နှိုင်းလျက်အစည်းအဝေးတစ်ခု ရန်ကုန်မြို့မှာပြု လုပ်ပါသည်။
ကြီးကြပ်ဆောင်ရွက်နေရသူ တာဝန်ခံမှာ တာဆူအိုတကာမီ (Tat Suo Tagmi) ဆိုသူဖြစ်၏ မစ္စတာ တကာမီသည်တိုကျိုဘုရင့်တက္ကသိုလ်မှ ဘွဲ့ရခဲ့သူဖြစ်သည်။ ဂျပန်တပ်မတော်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးအီဒါး (General Iida) ၏လက် အောက်တွင် အမှုထမ်းနေသည်။ထိုအချိန်တွင် မြန်မာနိုင်ငံ၌ ကျောင်းပေါင်း ၇ဝဝဝ ခန့်ရှိသည့်အနက် အင်္ဂလိပ်ဘာသာဖြင့် သင်သောကျောင်းနှင့် အင်္ဂလိပ်-မြန်မာနှစ် ဘာသာဖြင့်သင်ကျောင်းပေါင်း ၂၆ဝ ရှိသည်။ ထိုကျောင်းများမှာ အင်္ဂလိပ်စာသည်သင်ကြားရေး မဏ္ဍိုင်အဖြစ် အသုံးပြုနေဆဲဖြစ်ကြသည်။ ဂျပန် စစ်အုပ်ချုပ်ရေးအာဏာပိုင်အများစုက အင်္ဂလိပ်စာ သင်ကြားနေသော ထိုကျောင်း ၂၆ဝ တွင် (အခြား ကျောင်း ၆၇ဝဝ နည်းတူ) အင်္ဂလိပ်စာကို မသင် တော့ဘဲ ရပ်ဆိုင်းလိုက်ရန် ဆန္ဒရှိကြလေ၏။ အင်္ဂလိပ်စာလုံးဝမသင်ရ။ (ရန်သူ အင်္ဂလိပ်၏ စာနှင့် စကားကိုချေမှုန်းရန်အခွင့်အရေးရခြင်းပဲ)
တကာမီအမြင်
ထိုအယူအဆကို ရဲရဲဝံ့ဝံ့ဆန့်ကျင်ပယ်ချ ခဲ့သူမှာ မစ္စတာတကာမီဖြစ်၏။ အင်္ဂလိပ်စာသည် အသိပညာဖလှယ်သည့်ဘာသာစကားဖြစ်သည့် အတွက် အင်္ဂလိပ်စာ၊ အင်္ဂလိပ်ဘာသာဖြင့် သင် ကြားရေးကို မပယ်ဖျက်ပါနှင့်။ မူလအတိုင်း ဆက်လက်သင်ကြားကြပါစေ။
အကယ်၍ ဂျပန်ဘာသာစကားကို အဆင့် မြှင့်ချင်လျှင် ဂျပန်စာပါသင်သောကျောင်းများ သီးခြားဖွင့်သင့်သည်ဟု သူက အဆိုပြုလေသည်။
အင်္ဂလိပ်ဘာသာစကားကို မြန်မာပြည်ရှိ ကျောင်းများတွင် သင်သင့် မသင်သင့် အငြင်း ပွားသော ဤကိစ္စသည် အထက်သို့ အဆင့်ဆင့် ရောက်သွားရာ နောက်ဆုံး၌ ဗိုလ်ချုပ်ကြီးအီဒါး က(တကာမီတင်ပြသော)အင်္ဂလိပ်စာသင်ကျောင်း ၂၆ဝ ဆက်သင်ကြပါစေ။ ဂျပန်စာသင်ကျောင်း ကိုးကျောင်းလည်း စဖွင့်ပါ။ ထို့ကြောင့် မြန်မာ ပြည်ပညာရေးသည် ဂျပန်ခေတ်စစ်အုပ်ချုပ်ရေး လက်အောက် ငါးနှစ်တာကာလမှာပင်အင်္ဂလိပ်စာ အဆက်မပြတ်ခဲ့ရပေ။
ကြည့်ပါ။ ထိုအချိန်က အသက် ၃၈ နှစ်မျှ သာရှိသေးသော ဂျပန်စစ်ဗိုလ်တက်ဆုအိုတကာ မီ၏ အမြော်အမြင်ကြီးမားခြင်း၊ စိတ်ကောင်း စေတနာပြည့်ဝခြင်း၊ ဓမ္မဓိဋ္ဌာန်ကျစွာဆုံးဖြတ် တတ်ခြင်း၏ကျေးဇူးကို အသိအမှတ်ပြုစရာ (အငြိမ်းစားသံအမတ်ကြီးဦးသက်ထွန်း၏ ကိုယ် တိုင်ရေးအတ္ထုပ္ပတ္တိစာအုပ်မှ)ကောက်နုတ်၍ အနှစ် ချုပ်ဖော်ပြရပါ၏။
ထိုအချိန်က ဂျပန်နှင့်အင်္ဂလိပ် ထိပ်တိုက်စစ် ဖြစ်နေချိန်ဖြစ်၏။ ထို့ကြောင့်ရန်သူဖြစ်သောအင်္ဂလိပ် ၏ အင်္ဂလိပ်စာကိုမသင်ရန် စစ်အုပ်ချုပ်ရေး သမားတွေက ပြောဆိုကြသည်။ မစ္စတာ တကာမီ ကမူ ဂျပန်နှင့်အင်္ဂလိပ်စစ်တိုက်နေကြသည်က တစ်ကဏ္ဍ၊ ကမ္ဘာပေါ်မှာ အင်္ဂလိပ်စာ၏အရေး ပါမှုက တစ်ကဏ္ဍ ခွဲခြားရှုမြင်နိုင်ခဲ့၏။ ရန်သူ ၏ စာစကားစု တစ်ဖက်သတ်မမြင်။ ရန်သူ၏ စာပင်ဖြစ်သော်လည်း ကမ္ဘာနှင့်ချီပြီး ဆက်သွယ် ရာ၌အသုံးဝင်သည့်အင်္ဂလိပ်စာကို ဆက်အားပေး ဖို့ အခိုင်အမာထောက်ခံရပ်တည်ခဲ့သည်။ အင်္ဂလိပ် စာရော၊ ဂျပန်စာပါ အဆင့်မြင့်ဖို့လိုအပ်သည်ဟု သူက ခံယူထားလေသည်။ ဘာသာစကား အလေးထားသင့်သည်မဟုတ်လား။
ချစ်စွာသောစာဖတ်သူများစဉ်းစားကြပါ။
နိဂုံး
ကမ္ဘာပေါ်မှာ လူဦးရေသန်းပေါင်း ၇၅ဝဝ ရှိနေပါသည်။ ပကတိအရှိတရားအရ ကမ္ဘာပေါ် ရှိ လူသားပေါင်းသန်း ၁၅ဝဝ က အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကားအား အသုံးပြုရေးသားပြောဆိုနေ ကြပါ၏။ လူအားလုံး၏ ငါးပုံတစ်ပုံဆိုပါစို့။ အကယ်၍ သင်သည် အင်္ဂလိပ်စာကိုသာ ရေး တတ်၊ ပြောတတ်၊ ဖတ်တတ်၊ နားထောင်၍ ကောင်းစွာနားလည်တတ်ပြီဆိုလျှင် လူဖြူ၊ လူမည်း၊ လူဝါ စုစုပေါင်းသန်း ၁၅ဝဝ(တစ် ထောင့်ငါးရာ)နှင့် အလွယ်တကူဆက်ဆံဆက် သွယ်နိုင်သော ကြားခံMedium ဘာသာကို ပိုင်ဆိုင်သွားပါပြီ။ ဤမျှအဖိုးတန်သော အခွင့် အလမ်းမျိုးကို ဘာလို့မကြိုးစားရမှာလဲ။
ကြီးပွားလိုလျှင် ဘာသာစကား အလေး ထားကြပါကုန်။