images
UN
UN
တရားဥပဒေစိုးမိုးရေးနှင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ဒိန်းမတ်က ငါးနှစ်အတွင်းဒေါ်လာသန်း ၇ဝ ကူညီထောက်ပံ့မည်
ချားလ်ကိုး Friday, 02 December 2016
မြန်မာနိုင်ငံအတွင်းတရားဥပဒေစိုးမိုးရေးတွင် လူ့အခွင့်အရေးဆိုင်ရာ စွမ်းဆောင်မှုများ မြှင့်တင်ပေးခြင်း၊ စွမ်းရည်မြင့်အခြေခံပညာရေးစနစ် ကို ကလေးများရရှိမှုမြင့်မားစေခြင်း၊ ရေသယံဇာတကို ပြည်သူများပူးတွဲ စီမံခန့်ခွဲခွင့်စတင်အသုံးပြုနိုင်ရေး၊ အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းတိုးတက်ပြီး အလုပ်အကိုင်ပိုမိုရရှိလာစေရေးတို့အတွက် ဒိန်းမတ် နိုင်ငံမှ မြန်မာနိုင်ငံကို ဒေါ်လာသန်း ၇ဝ ကူညီမည်ဖြစ်ကြောင်း ဒိန်းမတ် သံရုံးက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။
နိုင်ငံတော်စီမံကိန်းအဖြစ် ဒိန်းမတ်နိုင်ငံက မြန်မာနိုင်ငံကို ငါးနှစ် အတွင်းကူညီခြင်းဖြစ်ပြီး အဆိုပါကူညီမှုတွင် မြန်မာနိုင်ငံအစိုးရစနစ်ကို ဘဏ္ဍာရေး တိုက်ရိုက်ကူညီမှုအစီအစဉ်အပါအဝင် စုစုပေါင်းအစီအစဉ် ခုနစ်ခုရှိကြောင်း ဒိန်းမတ်သံရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒိန်းမတ်-မြန်မာနိုင်ငံတော်စီမံကိန်းကို ၂ဝ၁၆-၂ဝ၂ဝ အထိ ငါးနှစ် သတ်မှတ်ထားပြီး ယင်းအစီအစဉ်ကို မြန်မာနိုင်ငံအတွင်း လူထုနှင့် ကျယ်ပြန့်စွာဆွေးနွေးပြီး ရေးဆွဲခြင်းဖြစ်ကြောင်း ဒိန်းမတ်သံရုံးကပြော ကြားသည်။ ထိုစီမံကိန်းတွင် ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် တရား ဥပဒေစိုးမိုးမှုမြှင့်တင်ရေး၊ အရည်အသွေးပြည့်ဝသည့် ပညာရေးစနစ် ရရှိရေးနှင့် တိုင်းရင်းသားဒေသများတွင် စားဝတ်နေရေးတည်တံ့ခိုင်မြဲပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့ဖြစ်သည်။ အဆိုပါသဘောတူညီချက် အတွက်ဒိန်းမတ်သံအမတ်နှင့် မြန်မာနိုင်ငံစီမံကိန်းနှင့်ဘဏ္ဍာရေး ဒုတိယ ဝန်ကြီးတို့သည် နေပြည်တော်တွင်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။