images
UN
UN
ချိုးလင်းပြာငှက်နှင့်ဘွတ်ချွဲငှက်များအား နိုင်ငံတကာငှက်ထိန်းသိမ်းရေးအဖွဲ့ မြန်မာ့ဒေသမျိုးရင်းငှက်များအဖြစ် အတည်ပြု
စိုးစိုးစံ Tuesday, 13 December 2016
မြန်မာနိုင်ငံတွင် နေထိုင်ကျက် စားသည့် ချိုးလင်းပြာငှက်နှင့် ဘွတ်ချွဲငှက်များကို နိုင်ငံတကာ ငှက်ထိန်းသိမ်းရေးအဖွဲ့အစည်းမှ မြန်မာ့ဒေသမျိုးရင်းငှက်အဖြစ် အတည်ပြုပေးခဲ့ကြောင်း သားငှက် ထိန်းသိမ်းရေးအဖွဲ့ (WCS) မြန်မာ အစီအစဉ်မှ ငှက်ထိန်းသိမ်းရေး ပညာရှင်ဦးသက်ဇော်နိုင်က ပြော သည်။
နိုင်ငံတကာ ငှက်ထိန်းသိမ်း ရေးအဖွဲ့အစည်းက ချိုးလင်း ပြာငှက်ကို ၂ဝ၁၅ အောက်တိုဘာ တွင်မြန်မာ့ဒေသမျိုးရင်းငှက်အဖြစ် သတ်မှတ်ပေးပြီး၊ ဘွတ်ချွဲငှက်ကို ယခုနှစ်နိုဝင်ဘာလအတွင်းအတည် ပြုပေးခဲ့ခြင်းဖြစ်သည်ဟု ဦးသက် ဇော်နိုင်ကပြောသည်။
''မျိုးစိတ်အသစ်ဆိုပြီးတော့ ဗြုန်းဆိုတိုးလာတာတော့မဟုတ်ဘူး၊ နဂိုရှိပြီးသား ငှက်ပဲ၊ အဲဒါကို လေ့လာပြီး အခြားနိုင်ငံတွေနဲ့တော့ မတူဘူး၊ မြန်မာဒေသမျိုးရင်းငှက် ဆိုပြီး သတ်မှတ်လိုက်တာ''ဟု ဦးသက်ဇော်နိုင်က ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ဒေသမျိုးရင်း ငှက်အဖြစ်စွေ့၊ ငှက်မင်းသားဝမ်း ဖြူ၊ မြန်မာဘီလုံး၊ နာဖားကြူး၊ မျက်ခုံးဖြူငှက်ပြာခြောက်၊ မြန်မာ တစ် စသည့် ငှက်ခြောက်မျိုးသာ ရှိရာမှ ချိုးလင်းပြာငှက်နှင့် ဘွတ်ချွဲ ငှက်နှစ်မျိုးတိုးလာသောကြောင့် ဒေသမျိုးရင်းငှက်ရှစ်မျိုးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။
ချိုးလင်းပြာငှက်သည် မြန်မာ နိုင်ငံအလယ်ပိုင်းတွင် ပေါများစွာ တွေ့ရှိနိုင်ပြီး၊ဘွတ်ချွဲငှက်မှာတောင် အမြင့်ပိုင်းဒေသမှလွဲ၍ မြန်မာနိုင်ငံ အနှံ့အပြား၌ တွေ့ရှိနိုင်ကြောင်း ဦးသက်ဇော်နိုင်က ပြောသည်။
ဒေသရင်းငှက်မျိုးစိတ်များသည် မြန်မာနိုင်ငံတွင်သာတွေ့ရပြီး အခြားနိုင်ငံများတွင် ကျက်စားမှု မရှိသဖြင့်နိုင်ငံ၏ သဘာဝပတ်ဝန်း ကျင်နှင့် ဂေဟစနစ်ကောင်းမွန်မှုကို ရည်ညွှန်းပြီး၊ သုတေသနလုပ်ငန်း များ ကျယ်ပြန့်စွာပြုလုပ်နိုင်ပါက မြန်မာနိုင်ငံအတွက် ပိုမိုအကျိုးရှိနိုင် သည်ဟု မြန်မာငှက်နှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာသိန်းအောင်က ပြောသည်။
''ခရီးသွားလုပ်ငန်းတွေလည်း တိုးတက်နိုင်တယ်။ အရင်က ခြောက်မျိုးကနေ အခုရှစ်မျိုးဖြစ် လာတယ်၊ ပုဂံမှာလည်း အရင် ခြောက်မျိုးကြည့်တာကနေ ရှစ်မျိုး ကြည့်လို့ရမယ်၊ ဒေသရင်းငှက်မျိုး တွေ များလာတိုင်းလူတွေပိုစိတ် ဝင်စားလာမယ်''ဟု ဒေါက်တာ သိန်းအောင်က ပြောသည်။
မြန်မာနိုင်ငံတွင် လာရောက် ကျက်စားသည့် ငှက်မျိုးစိတ်အရေ အတွက် စုစုပေါင်း ၁၁၁၆ မျိုးရှိ ပြီးကမ္ဘာပေါ်ရှိ ငှက်မျိုးစိတ်များ၏ ဆယ်ပုံတစ်ပုံသည် မြန်မာနိုင်ငံ၌ လာရောက်ကျက်စားကြကြောင်း သိရသည်။