images
UN
UN
(၄၂) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို စစ်တွေမြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပမည်
Rakhine News Agency Tuesday, 13 December 2016
ဒီဇင်ဘာ ၁၅ရက်တွင် ကျရောက်မည့် (၄၂)ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်း အမှတ်အခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့ ရုံးစိုက်ရာ စစ်တွေမြို့တွင် စည်ကားသိုက် မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း ရခိုင် ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။
ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်း အနားများကို ယခင်နှစ်များနည်းတူစည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ်ထားပြီး (၄၂) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်း အမှတ်အဖြစ် ဂေါက်သီးရိုက်ပြိုင်ပွဲအပါ အဝင် ရိုးရာအားကစားပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း ရခိုင် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင် မောင်ဆွေကပြောသည်။
''ဒီနှစ် ရခိုင်ပြည်နယ်နေ့မှာ အစိုးရအဖွဲ့ အနေနဲ့ ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ဦးဥတ္တမခန်းမမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ပျော်ပွဲရွှင်ပွဲတွေ အားကစားပြိုင်ပွဲကိုတော့ စစ်တွေမြို့မှာရှိတဲ့အားကစားကွင်းအသီးသီးမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက်လည်း ပြင်ဆင်နေကြပါပြီ''ဟု ၄င်းကပြောသည်။
ပြည်နယ်အစိုးရအဖွဲ့မှ ဦးဥတ္တမခန်းမ၌ ကျင်းပမည့်ရခိုင်ပြည်နယ်နေ့အခမ်းအနားတွင် (၄၂)ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ် လွှာကိုဖတ်ကြားသွားမည်ဖြစ်ပြီး ဝင်္ကပါ အားကစားကွင်းတွင်လည်း ရခိုင်ရိုးရာ ကျင်ကိုင်ပွဲအပါအဝင် အခြားဖျော်ဖြေရေးအစီ အစဉ်များကိုလည်း ကျင်းပသွားရန်စီစဉ်လျက် ရှိသည်။
ထို့အပြင် ယမန်နှစ်မှ စတင်ထည့်သွင်း ကျင်းပခဲ့သည့်ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ယခုနှစ်တွင်လည်း ထည့်သွင်းကျင်းပခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း ရှိ မြို့နယ်အသီးသီးမှ ဂေါက်သီးရိုက်အား ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိသည်။
၁၉၇၄ ခုနှစ်တွင် ရခိုင်ပြည်နယ်အဖြစ် သတ်မှတ်ခဲ့ပြီးနောက်ပိုင်း ၁၉၇၅ ခုနှစ်မှ စတင်၍ ဒီဇင်ဘာ ၁၅ ရက်ရောက်တိုင်း ရခိုင်ပြည်နယ်နေ့အဖြစ် နှစ်စဉ်သတ်မှတ် ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင် (၄၂)နှစ် ပြည့်မြောက်မည်ဖြစ်သည်။