images
UN
UN
သတင်းထောက်များ အသက်အန္တရာယ်ပြုခံရခြင်းအတွက် မြန်မာဂျာနယ်လစ်ကွန်ရက်သဘောထားထုတ်ပြန်
ယူဒီနေ Tuesday, 13 December 2016
မုံရွာအခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်းသည် ယမန် နေ့ ညသန်းခေါင်ယံတွင် သတ်ဖြတ်ခံရခြင်းအတွက် မိသားစုနှင့် အတူ မြန်မာဂျာနယ်လစ်ကွန်ရက်ကလည်း ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ချက်တစ်စောင်ကို ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။
အဆိုပါကြေညာချက်တွင် သတင်းစာဆရာများသည် သတင်းမှန်များကိုဖော်ထုတ်ကာ ပြည်သူများသို့ သတင်းတင်ပြ နေသူများဖြစ်ကြသောကြောင့် မသမာသူများနှင့် မကောင်းမှု လုပ်သူများ၏ အငြိုးအတေးပစ်မှတ်ထားကာ အသက်အန္တရာယ် ကျရောက်သည်အထိ နှောင့်ယှက်ခံကြရသည်မှာ ကမ္ဘာနှင့် အဝန်းပင်ဖြစ်ကြောင်း၊ ၁၉၉၂ မှ ၂ဝ၁၆ အထိ ကမ္ဘာပေါ်တွင် သတင်းစာဆရာ ၁၂၂၂ ဦး အသတ်ခံရပြီးဖြစ်သည်ဟု Committee to Protect Journalist - CPJ ၏ စာရင်းများတွင် ဖော်ပြထားသည်ဟူ၍ ပါရှိသည်။
ပြီးခဲ့သည့် နှစ်လကလည်း သပိတ်ကျင်းမြို့ အခြေစိုက် သတင်းစာဆရာ ကိုတင်ဇော်ဦးကို သစ်မှောင်ခိုထုတ်လုပ်သူများ က ခြိမ်းခြောက်သောကြောင့် အခြားမြို့များသို့ မိသားစုလိုက် ရှောင်တိမ်းနေရကြောင်း၊ ထို့ကြောင့် သတင်းစာဆရာများ၏ လုံခြုံရေးကို သတင်းစာတိုက်တာဝန်ရှိသူများအနေဖြင့်လည်း အလေးအနက်ထားဆောင်ရွက်ဖို့လိုအပ်ပြီဟု ယခုဖြစ်စဉ်များက မီးမောင်းထိုးပြနေခြင်းပင်ဖြစ်ပါကြောင်း၊ သတင်းစာဆရာ တစ်ဦးချင်းစီကလည်း မိမိတို့၏လုံခြုံရေးကို အထူးဂရုပြုကြ ပါရန် မြန်မာဂျာနယ်လစ်ကွန်ရက်က နှိုးဆော်ကြောင်း၊ အစိုးရ တာဝန်ရှိသူများအနေဖြင့်လည်း ပြည်သူများလုံခြုံရေးအတွက် ယခုထက် ပိုမိုအားသွန်ဆောင်ရွက်ပါရန်နှင့် ကိုစိုးမိုးထွန်းဖြစ်စဉ် အတွက် အမှုမှန်ပေါ်ပေါက်ရေး အမြန်ဆုံးအားထုတ်ကြိုးပမ်း ပေးပါရန် မြန်မာဂျာနယ်လစ်ကွန်ရက်မှ အလေးအနက်တိုက်တွန်း ကြောင်း ဖော်ပြထားသည်။
မုံရွာအခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း သေဆုံးခြင်း နှင့်ပတ်သက်၍ မုံရွာမြို့ မြို့မရဲစခန်းက(ပ)အမှတ်-၁၅၆၄/၂ဝ၁၆ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၂ အရ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။