images
UN
UN
မြောက်ဦးနန်းတော်ကုန်း ပထမအဆင့်ရှိ ခေတ်သစ်အဆောက်အအုံများကိုဖယ်ရှား၍ နေရာအသစ်ချထားသင့်ကြောင်းအဆိုကို ရခိုင်လွှတ်တော်တွင်ဆက်လက်ဆွေးနွေးမည်
Rakhine News Agency Tuesday, 20 December 2016
ရခိုင်ပြည်နယ်၏ ရှေးဟောင်း ယဉ်ကျေးမှုမြို့တော် မြောက်ဦး မြို့ရှိ ရခိုင်ဘုရင့်နန်းတော်တည် ရှိခဲ့ရာ နန်းတော်ကုန်းပထမအဆင့် ရှိ ခေတ်သစ်အဆောက်အအုံများ ကိုဖယ်ရှား၍ နေရာသစ်များချ ထားသင့်ကြောင်းအဆိုကို ရခိုင် ပြည်နယ်လွှတ်တော်တွင် တင်သွင်း ခဲ့ကြောင်း သိရသည်။
ယင်းအဆိုကို ယမန်နေ့က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် တတိယ ပုံမှန်အစည်းအဝေး တတိယနေ့ တွင် မြောက်ဦးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ထောက်ခံ သူများသဖြင့် လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန်ဆုံးဖြတ်ခဲ့ သည်။
''နန်းရာကုန်းမှာ ဘုရင်တွေ၊ မင်းညီမင်းသားတွေ၊ စစ်သူကြီး တွေနဲ့ဆိုင်တဲ့နေရာတွေအများကြီး ရှိပါတယ်။ အားလုံးကိုဖော်ထုတ် လိုက်ရင် လူနေအိမ်တွေပါသွား မယ်။ ဒါကြောင့် လူနေအိမ်တွေ မထိခိုက်ရအောင် ပထမအဆင့်ပဲ ဖော်ထုတ်လိုက်မယ်။ အဲ့ဒီလိုဖော် ထုတ်လိုက်ရင်လေ့လာသူတွေများ လာမယ်။ မြောက်ဦးမြို့လည်း ဝင် ငွေကောင်းလာမယ်။ ရှေးဟောင်း ယဉ်ကျေးမှုတွေကို ထိန်းသိမ်း လိုက်ခြင်းကြောင့် တန်ဖိုးရှိလာ တာကို သိလာပါလိမ့်မယ်'' ဟု ၄င်းက ပြောသည်။
ထို့အပြင် ရခိုင်လူမျိုးတို့၏ အသည်းနှလုံးနန်းတော်ကုန်းပထမ အဆင့်ကို ရခိုင်ယဉ်ကျေးမှုအမွေ အနှစ်အဖြစ် ထိန်းသိမ်းစောင့် ရှောက်သင့်ကြောင်း ၄င်းက ဆက် ပြောသည်။
မြောက်ဦးမြို့နန်းတော်ကုန်း အတွင်းရှိ ခေတ်သစ်အဆောက် အအုံများနှင့်ပတ်သက်၍ ယခုနှစ် စက်တင်ဘာလအတွင်းက ပြည်သူ့ လွှတ်တော်၌လည်း မေးခွန်းမေး မြန်းခဲ့ဖူးပြီး နန်းတော်ကုန်းမြင် ကွင်းကိုကွယ်နေသည့် မြောက်ဦး ဆေးရုံဟောင်းအဆောက်အအုံကို လာမည့်ဘဏ္ဍာနှစ်တွင် နောက် ဆုံးထား၍ ဖျက်သိမ်းသွားမည် ဖြစ်ကြောင်း ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ သည်။
မြောက်ဦးမြို့ နန်းတော်ကုန်း အတွင်း အစိုးရရုံးများ၊ ဆေးရုံ၊ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီး ကျောင်းစသည့် အဆောက်အအုံ များရှိနေပြီး မြောက်ဦးမြို့အား ယူ နက်စကိုအဖွဲ့ကြီး၏ ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်စေရေးအတွက် နန်းတော်ကုန်းအတွင်းရှိ အဆောက် အအုံများအား ဖျက်သိမ်းရန်ဆောင် ရွက်လျက်ရှိသည်။