images
UN
UN
အခြေခံဥပဒေဖြင့် ထိန်းချုပ်မှု
မောင်သိန်းညွန့်(ကော့ကရိတ်) Tuesday, 20 December 2016
နိုင်ငံတကာသတင်းများအရ ၉-၁၂-၂ဝ၁၆ ရက်နေ့က တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေး(Park Geun Hye) ဟာ ရာထူးမှ ယာယီဖယ်ရှားခံ လိုက်ရပါပြီ။ သမ္မတကို အယုံအကြည်မရှိကြောင်း စွဲချက်နှင့်ပတ်သက်၍ လွှတ်တော်အမတ် ၃ဝဝ အနက် ၂၃၄ ဦးထောက်ခံမဲရပြီး ကန့်ကွက်မဲ ၂၆ မဲသာရတဲ့အတွက် သူတို့နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတတာဝန်ထမ်းဆောင်ခွင့် မရှိတော့ပါ။
အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံကြောင့် ပတ်ဂွမ်ဟေး (Park Geun Hye) ရဲ့ အာဏာရ ပါတီ ဆေနူရီပါတီက လွှတ်တော်ကိုယ်စားလှယ် တချို့ကပင် အတိုက်အခံပါတီနှင့် ပူးပေါင်း၍ အယုံအကြည်မရှိကြောင်းအဆိုကို ထောက်ခံခဲ့ သည့်အတွက် ပတ်ဂွမ်ဟေး (Park Geun Hye) ရဲ့ နိုင်ငံရေးစန်းထမှုဟာ အခြေအနေဆိုးခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် တောင်ကိုရီးယားပြည်သူထောင် ပေါင်းများစွာရဲ့ဆန္ဒကို လမ်းပေါ်တိုက်ပွဲများက အဆုံးအဖြတ်မပေးဘဲ အခြေခံဥပဒေအရ လွှတ် တော်က အဆုံးအဖြတ်ပေးခဲ့တာကိုတော့ မှတ်သား မိပါတယ်။ အခုဆိုရင် သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတ ပတ်ဂွမ်ဟေး (Park Geun Hye) ဟာ အခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့ရက်ပေါင်း ၁၈ဝ ကြာမြင့်မည့် လေ့လာသုံးသပ်မှုများ ပြုလုပ် နေစဉ် သမ္မတရာထူးမှာ ရှိနေဦးမှာဖြစ်ပါတယ်။ ခုံရုံးတရားသူကြီးကိုးဦးလက်ထဲသို့ ပတ်ဂွမ်ဟေး (Park Geun Hye) ရဲ့ ကံကြမ္မာရောက်နေချိန်မှာ လက်ရှိဝန်ကြီးချုပ် ဟွမ်ကျိုအန်းက အစိုးရအဖွဲ့ကို ယာယီဦးဆောင်သွားပါလိမ့်မည်။
တောင်ကိုရီးယား လက်ငင်းနိုင်ငံရေးဖြစ်ရပ် က ဘာကိုဖော်ပြနေသလဲဆိုရင် နိုင်ငံအကျပ် အတည်းကြုံတဲ့အချိန်မှာ ပါဝင်ပတ်သက်သော ဆန္ဒပြလူထု အတိုက်အခံ နိုင်ငံရေးပါတီတွေနဲ့ အာဏာရပါတီတို့အားလုံးဟာ အခြေခံဥပဒေရဲ့ ထိန်းကျောင်းမှုကို ခံယူခဲ့တယ်ဆိုတာပါပဲ။ အခြေခံဥပဒေထိန်းကျောင်းမှုဆိုတာ ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာသက်ရောက်တဲ့ နိုင်ငံတိုင်း မှာ တရားဥပဒေစိုးမိုးရေးအတွက် ကျင့်သုံးရမယ့် လုပ်ငန်းပါပဲ။
အခြေခံဥပဒေထိန်းကျောင်းမှုနှင့် ပတ်သက် ပြီး သတင်းစာဆရာ နိုင်ငံရေးသမား မောင်ဝံသ (ကွယ်လွန်သူ ဦးစိုးသိန်း) ပြုစုတဲ့ ခေတ်မီနိုင်ငံ ရေးဝေါဟာရ အဘိဓာန်A NODERN DICTIONARY OF POLITICAL TERMS စာအုပ် စာမျက်နှာ ၁၁၃ မှာ အောက်ပါအတိုင်း ရေးသားထားပါတယ်။
Constitutional Control (အခြေခံဥပဒေဖြင့် ထိန်းချုပ်မှု) အခြေခံဥပဒေကို ထိန်းသိမ်းစောင့် ရှောက်သူများက အာဏာကို ကိုင်တွယ်ထားသူ များအား အခြေခံဥပဒေနှင့်အညီ ကျင့်သုံးဆောင် ရွက်နိုင်ခြင်းကို ဆိုလိုသည်။ အခြေခံဥပဒေနှင့် အညီ မျက်နှာကြီးငယ်မရွေး ဆောင်ရွက်ခွင့်ရှိ သော နိုင်ငံရေးစနစ်ထွန်းကားမှသာ အခြေခံ ဥပဒေဖြင့် ထိန်းချုပ်ခွင့်တည်ရှိမည်ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတွင် ဝါးတားဂိတ် အရှုပ်တော်ပုံဖြစ်ပွားခဲ့ပြီး ၁၉၇၄ခုနစ် သြဂုတ်လ တွင် သမ္မတနစ်ဆင်ကိုတရားစွဲဆိုတော့မည့် အခြေ အနေဖြစ်ခဲ့ရာ ယင်းဖြစ်ရပ်ကို အခြေခံဥပဒေဖြင့် ထိန်းချုပ်မှုဟုခေါ်ဆိုသည်။နောက်ဆုံးတွင် သမ္မတ နစ်ဆင်ရာထူးမှနုတ်ထွက်သွားကာ အခြေခံဥပဒေ ဖြင့်ထိန်းချုပ်မှုကို အရှုံးပေးရှောင်လွှဲသွားခဲ့သည်။
အခြေခံဥပဒေနဲ့ အုပ်စိုးတဲ့ဘယ်နိုင်ငံမှာမဆို တိုင်းပြည်က ရင်ဆိုင်ရတဲ့ ပြဿနာများ၊ အခက် အခဲများကို အခြေခံဥပဒေနဲ့အညီ ဖြေရှင်းနိုင်ဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုရင် ဖွဲ့စည်းပုံ
အခြေခံဥပဒေဆိုတာ အစိုးရတစ်ဖွဲ့က တရားဝင် အုပ်ချုပ်နိုင်ရန် အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ ဥပဒေ ဖြစ်တယ်။ ဒါကြောင့် ဥပဒေပညာရှင် ဒေါက်တာ မောင်မောင်က တို့ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ လေးကြိမ် (ရန်ကုန် မြဝတီ ၁၉၉ဝ) ၁၄၅၌ ''ဖွဲ့စည်းပုံဥပဒေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအား အဓိပ္ပာယ် ဖွင့်ဆိုရာ၌ လေးနက်စွာ အဓိပ္ပာယ်ကောက်ယူရန် ဂရုစိုက်ရမည်ဖြစ်ပြီး ကျဉ်းမြောင်းစွာ လိုရာစွဲရန် အဓိပ္ပာယ်ကောက်ယူခြင်းမပြုရန်''ထောက်ပြခဲ့ ပါတယ်။
အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်း သိမ်းကာကွယ် စောင့်ရှောက်မယ်။ ထိန်းသိမ်း စောင့်သိလိုက်နာ ရိုသေမယ်လို့ ကတိသစ္စာပြု ထားတဲ့ နိုင်ငံတော်သမ္မတများ၊ အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များဟာ သတ်မှတ် ထားတဲ့ နည်းလမ်းအတိုင်း အခြေခံဥပဒေကို မပြင်သမျှ ပြဋ္ဌာန်းချက်များကို မထီမဲ့မြင်မပြု အပ်ဘူး။ မိမိကိုအပ်ထားတဲ့အာဏာကို လုပ်ပိုင် ခွင့်မရှိသူအား ကျင့်သုံးစေခြင်း သို့မဟုတ် မိမိကို အပ်နှင်းမထားတဲ့အာဏာကို တိုးချဲ့ရယူခြင်းတို့ ဟာ အခြေခံဥပဒေအရ တရားဝင်တည်ရှိမှုဆိုင်ရာ မေးခွန်းအထုတ်ခံရပါလိမ့်မယ်။
ဒါကြောင့် အခြေခံဥပဒေထိန်းကျောင်းမှု လိုအပ်ပါတယ်။ အခြေခံဥပဒေပြဋ္ဌာန်းချက် အတိုင်းဆောင်ရွက်ဖို့ ပြောဆိုနေခြင်းဟာ အစိုးရ ဆိုတာ နိုင်ငံတော်၏စီမံခန့်ခွဲမှုအာဏာ အပ်နှင်း ခြင်းခံရတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် အခြေခံ ဥပဒေပြဋ္ဌာန်းချက်များကိုနေ့စဉ်လုပ်ငန်းရဲ့ လမ်း ညွှန်သဖွယ်အသုံးပြုနိုင်ဖို့လိုပါတယ်။ အခြေခံ ဥပဒေအရ ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ် တော်နဲ့အခြေခံဥပဒေအရဖွဲ့စည်းထားတဲ့ အစိုးရ အဖွဲ့တို့ဟာ မိမိတို့အားရွေးကောက်တင်မြှောက်တဲ့ ပြည်သူလူထုရဲ့ အခွင့်အရေးများကို ဥပဒေနှင့် အညီ အကာကွယ်ပေးရာတွင် အခြေခံဥပဒေ ဘောင်အတွင်းမှ ဆောင်ရွက်ရန်လိုအပ်တယ်။
ချုပ်၍တင်ပြလျှင် အခြေခံဥပဒေအရ ထိန်း ချုပ်ခြင်းဆိုတာ ကူဒီတာ (Coup d'Etat) ဆိုတဲ့ စစ်တပ်ကအာဏာသိမ်းခြင်းနဲ့ လုံးဝခြားနားပါ တယ်။ ခေတ်မီနိုင်ငံရေးဝေါဟာရ အဘိဓာန်မှာ ရေးသားထားသလို ကူဒီတာ (Coup d'Etat) အာဏာသိမ်းခြင်းဆိုကာ အစိုးရတစ်ရပ်ကို စစ် တပ်ကသော်လည်းကောင်း၊ စစ်တပ်အကူအညီ ဖြင့်သော်လည်းကောင်း အာဏာသိမ်းခြင်းပါပဲ။ ဗိုလ်မှူးချစ်ကောင်းပြုစုတဲ့ နိုင်ငံရေးအဘိဓာန် စာအုပ်မှာ ဗမာလိုနန်းတွင်းလုပ်ကြံမှုဟုဆိုထား ပါတယ်။ အခြေခံဥပဒေအရ ထိန်းကျောင်းမှုဆို တာ စစ်တပ်ကအာဏာသိမ်းခြင်းမဟုတ်ဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်ကို လေးစား ခြင်းဖြစ်ကြောင်း ရှင်းပြပါရစေဗျာ။