images
UN
UN
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် အုတ်တံတိုင်းကာရံပေးရေးအဆို ပြည်နယ်လွှတ်တော်တွင် မှတ်တမ်းအဖြစ်သာထားရှိရန်ဆုံးဖြတ်
Rakhine News Agency Tuesday, 27 December 2016
နိုင်ငံတော်၏အချုပ်အခြာအာဏာ ရေရှည် တည်တံ့စေရေးနှင့် နယ်စပ်ဒေသလုံခြုံရေးအား အထောက်အကူပြုစေရန်အတွက်မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်တစ်လျှောက် အုတ်တံတိုင်းကာရံပေး ရေးအဆိုကို ရခိုင်ပြည်နယ်လွှတ်တော်တွင် မှတ် တမ်းအဖြစ်သာထားရှိရန် ဆုံးဖြတ်ခဲ့သည်။
ယင်းအဆိုကိုဘူးသီးတောင်မြို့နယ်အမှတ်(၁) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က ယခုလ ၂၄ရက်တွင် ပြုလုပ်ခဲ့ သည့် ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေး တွင်တင်သွင်းခဲ့ခြင်းဖြစ်ပြီး ယမန်နေ့တွင် ကျင်းပ သည့် လွှတ်တော်အစည်းအဝေး၌ အထက်ပါ အတိုင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
''အနောက်ဘက်တံခါးပြဿနာဟာ ရေရှည် ခံစားနေရတဲ့ ကင်ဆာရောဂါဆိုးကြီးလို ဖြစ်နေ တဲ့အတွက် ကောက်ရိုးမီးကဲ့သို့ ဆေးမြီးတိုဖြင့် ကုသ၍ရတော့မှာမဟုတ်ဘဲ အမြစ်ပြတ် ကုသရ မယ့်အချိန်ရောက်နေပါပြီ''ဟု အဆိုရှင် ဦးဇော် ဇော်မြင့်က လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။
ယင်းအဆိုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက နယ်စပ်တစ်လျှောက် အုတ်တံတိုင်းကာရံပေးရန် တိုက်တွန်းသည့်အဆို နှင့်ပတ်သက်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် တွင်နယ်စပ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းကိုအဆင့် လိုက်ဆောင်ရွက်လျက်ရှိသည့်အတွက် အဆိုကို လွှတ်တော်တွင် မှတ်တမ်းတင်ထားသင့်ကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး အဆိုရှင်က သဘောတူခဲ့ သဖြင့် ယင်းအဆိုကို မှတ်တမ်းတင်ကြောင်း ပြည်နယ်လွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်သည် ကီလိုမီတာ ၃၂ဝ ကျော်ရှည်လျားပြီး လက်ရှိအချိန် တွင် နယ်စပ်ခြံစည်းရိုးကို သံဆူးကြိုးများဖြင့် ကာရံထားခြင်းဖြစ်သည်။