images
UN
UN
ဝတ္ထုကို ရုပ်ရှင်ရိုက်ကြရာဝယ်
ခင်ပန်နှင်း Thursday, 29 December 2016
ဒီနေ့တော့ ဝတ္ထုကိုရုပ်ရှင်ပြန်ရိုက်ကြတာ ရေး မလားလို့...။ စိတ်ကို အကယ်ဒမီတာဝန်ထဲနှစ် ထားလိုက်တော့ တခြားသီချင်းတို့၊ သတင်းတို့၊ စာအုပ်တို့ဆီတောင် စိတ်ကိုဖြတ်ထားလိုက်သည်။ ရုပ်ရှင်ထဲပဲ စိတ်သွင်းထားသည်။
မနေ့ကတော့ ဆရာလင်းယုန်နီဝတ္ထုကို ရိုက် သော နှင်းဆီပန်သူဇာတ်ကားအထူးပွဲကြည့်သည်။ ဒီနေ့ ဆရာမင်းသိင်္ခဝတ္ထုကိုရိုက်သော ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေဇာတ် ကား ရုံပွဲကြည့်သည်။ စာရေးဆရာကြီးတွေရဲ့ ဝတ္ထု ကို ရိုက်တာတွေဆိုတော့ ဇာတ်လမ်းအချိတ်အဆက် ဇာတ်အတက်အကျ အကျိုးအကြောင်းမှန်ကန်သည်။ ဇာတ်လမ်းအကျိုးအကြောင်း၊ ဇာတ်အိမ်အကျိုး အကြောင်း၊ ဇာတ်ဆောင်အကျိုးအကြောင်းဆိုတာ ကို စာရေးဆရာသာ နားလည်ပါသည်။ ဒါအမှန်ပါ။
ဆရာရွှေဒုံးဘီအောင်တို့၊ ဘဘဦးသုခတို့၊ ဆရာ မောင်ဝဏ္ဏတို့ဝတ္ထုဇာတ်လမ်းနှင့် ဒါရိုက်တာတို့ ဘာတို့လုပ်တာ သူတို့သည် စာရေးဆရာများ ဖြစ် သောကြောင့်ဖြစ်သည်။ စာရေးဆရာမဟုတ်သူတို့က ဇာတ်လမ်းဇာတ်ညွှန်းစသည်လုပ်ပါမူ အံမဝင်သော ဇာတ်၊ ကျိုးကြောင်းမညီသောဇာတ်၊ မလုံသော ဇာတ်တို့သာ ထွက်လာပါလိမ့်မည်။ ဥပမာပေးရမှာ အားနာစရာကောင်းသဖြင့် ဥပမာမပေးတော့ပါ။ ဆရာမောင်တင်ဦးသည် ဒါရိုက်တာကောင်းသာ ဖြစ်ပြီး စာရေးဆရာမဟုတ်သဖြင့် ဇာတ်လမ်းနှင့် ဒါရိုက်တာ မောင်တင်ဦးဟူသော ဇာတ်ကားတစ် ကားမှမရှိခဲ့။ သူ့အလုပ်မဟုတ်တာကို သူမလုပ်ခဲ့။
ဝတ္ထုကိုရုပ်ရှင်အဖြစ်ပြောင်းတဲ့နေရာမှာ ကျွန်မ တို့ငယ်ငယ်က ဒါရိုက်တာချစ်ခင်ပေါ့၊ တင့်တယ်၏ ဖြေလျော့ခွေ၊ ခင်နှင်းယု၏မွှေး၊ သခွတ်ပန်း၊ သရဖူ၊ ပန်း ပန်လျက်ပါ၊...အောင်လင်း၏ အရိုင်းစပါယ်၊ ရင်ပွင့်လေသောအခါ၊... စသည်တို့ ဒါရိုက်တာ ချစ်ခင်သည် ဝတ္ထုကိုပြန်အကိုင်ကောင်းလှပါ၏။ ထို ခေတ်က ဝတ္ထုကို တစ်နိုင်ငံလုံးအတိုင်းအတာ လောက်ကကြိုက်ပြီး ဖတ်ရှုကြပြီးမှ ရုပ်ရှင်အဖြစ် ပြောင်းရသဖြင့် ဒါရိုက်တာမှာတာဝန်ကြီးလှပါ၏။ ဝတ္ထုကို လူတိုင်းနီးပါးဖတ်ဖူးပြီး ကြိုက်ပြီးဖြစ် နေသောဇာတ်ကို ကိုင်ရတာဖြစ်သည်။
ခုကာလမှာလည်း မင်းသိင်္ခတို့၊ ဆွေလှိုင်ဦးတို့ ဆိုရင်တော့ ဖတ်ဖူးပြီးဖြစ်နေကြသည်။
ငြိမ်းကျော်တစ်ခေတ်မှာ ဒါရိုက်တာ အောင်မြင့် မြတ်တစ်ခေတ်လည်းဖြစ်သည်။ ငြိမ်းကျော်ဝတ္ထုတို့ အောင်မြင့်မြတ်လက်နှင့် လိုက်သည်ဟုပင်ပြောခဲ့ ကြသည်။ ငြိမ်းကျော်ဝတ္ထုမှသည် စိုးမြတ်သူဇာ မင်းသမီးဖြစ်ခဲ့သည်။ မောင်စိန်ဝင်း(ပုတီးကုန်း) ဝတ္ထုတွေကိုလည်း ဆရာအောင်မြင့်မြတ်လက်နှင့်သာ အများဆုံးတွေ့ခဲ့သည်။
ဂျူးဝတ္ထုတို့ ရုပ်ရှင်ဖြစ်ခဲ့သည်။ မြစ်တို့၏မာယာ၊ လျှို့ဝှက်သောနှင်း၊ တစ်ခါကဧရာဝတီညများ၊ မရှိ မဖြစ်မိုး၊ ကြေမွသွားသောတိမ်တိုက်များအကြောင်း စသည်...။
စင်ရော်မောင်မောင်ကတော့ ဆရာတက္ကသိုလ် ဘုန်းနိုင်ဝတ္ထုတွေ အရိုက်ကောင်း၏။ တပြည်သူမရွှေ ထားဆိုရင် ဇာတ်ကားကောင်းတစ်ကားပါပဲ။
လွန်းထားထားဝတ္ထုကိုရုပ်ရှင်ရိုက်ရင် ပိုက်ဆံ ရသည်...ဟူ၍ အလုအယက် ရိုက်ခဲ့ကြသေး၏။ အလုအယက်မှ စာအုပ်မထွက်သေးဘဲ နှုတ်က ဇာတ်လမ်းပြောရုံဖြင့် စရန်သတ်သူတို့ပါရှိလာသည်။ မှတ်မှတ်ရရ မိန်းကလေးဒါရိုက်တာတို့ ပိုလက်တွေ့ ခဲ့ကြ၏။ ကြည်ဖြူသျှင်၊ အိအိခိုင်စသည်။ စင်ရော် မောင်မောင်လည်း လွန်းထားထားတော်တော်များများ ကိုရိုက်ခဲ့၏။ ပန်းချီစိုးမိုးလည်းရိုက်ခဲ့၏။ ဗီဒီယို များပါ ပါဝင်သည်။ မေသန်းနုအတွက် ထပ်ဆင့် အကယ်ဒမီပင်ယူပေးခဲ့၏။
ခုကာလမှာတော့ ပြောပြစရာမလိုအောင်ပင် ပုညခင်ဝတ္ထုတွေ ရုပ်ရှင်အဖြစ် များနေသည်။ တစ် ချိန်တည်းမှာ ဆွေလှိုင်ဦးနှင့် ဆရာမင်းသိင်္ခတို့၏ ဝတ္ထုများကိုလည်း ရိုက်နေကြသည်။ ထူးထူးဆန်း ဆန်း ဆရာသော်တာဆွေဝတ္ထုကိုလည်း ရုပ်ရှင်ရိုက် ကြ၏။ အားရှိစရာဖြစ်သည်။ ဆရာကြီးမောင်ထင် ၏ ငဘကိုလည်း ရုပ်ရှင်ရိုက်၏။
ပေါ်ပင်စာရေးဆရာမငယ်များဝတ္ထုကို ရုပ်ရှင် ရိုက်တော့လည်း လူကြိုက်များပြီး ခေတ်မီသည်ပေါ့၊ သို့သော် ဆရာကြီး၊ ဆရာမကြီး၊ ဆရာလတ်၊ ဆရာမ လတ်တို့၏ဝတ္ထုများကိုလည်း ရုပ်ရှင်ရိုက်စေချင်ပါ သည်။
ရိုက်ကြရာမှာလည်း တစ်ခေတ်က ရိုက်ဖူးပြီး သားကို ပြန်ရိုက်တာထက် မရိုက်ရသေးသောအသစ် တို့ကို ရိုက်စေချင်သည်။ ခင်နှင်းယု၏ပန်းပန်လျက် ပါကိုပဲ ပြန်ရိုက်တာထက် ခင်နှင်းယု၏ အခြားဝတ္ထု ကို ရိုက်စေချင်ပါသည်။ ဆွေလှိုင်ဦး၏ မအေးပွင့် ကိုပဲ ပြန်ရိုက်တာထက် ဆွေလှိုင်ဦး၏ အခြားမရိုက်ရ သေးတာကို ရိုက်စေချင်သည်။
မနေ့ကအထူးပွဲပြသွားသော နှင်းဆီပန်သူ ဇာတ် ကားသည် မမစိမ်းကို ပြန်ရိုက်ထားခြင်းဖြစ်သည်။ ဆရာလင်းယုန်နီဝတ္ထု...။ သင်္ကြန်မိုးထဲက သီချင်း တွေနှင့် သင်္ကြန်ခန်းတွေလည်း ဖြည့်ထားသည်။ အကြံပြုချင်တာ အသစ်မလုပ်နိုင်ကြတော့ဘူးလား ဆိုတာပါပဲ။ ပြန်ရိုက်နေကြတာတွေ များနေပြီ။ အသစ်ကောင်းကောင်းလေးကြည့်ချင်သည်။ ဥပမာ အုတ်ကြားမြက်ပေါက်လို...။
ပြန်ရိုက်ကြတာမှာလည်း အလေးအပေါ့ ဒီဂရီ ကို ချိန်ဆသင့်ပါသည်။ မမစိမ်းဆိုတာ မမလှလှ တစ်ယောက်ဖြစ်သည်။ မမလှလှမှသာ မမစိမ်း ဖြစ်ရမည်။ ခင်သန်းနုအပြင် ဘယ်သူမှနောက်ထပ် မပေါ်ပေါက်သေးတာကို ခုလိုပြန်ရိုက်တော့... လုပ်ရကိုင်ရခက်ကုန်တော့သည်။ လွယ်လွယ်လေး သဘောထားရိုက်ဖို့ မသင့်သောဇာတ်ဖြစ်သည်။ ကိုအောင်သွင်နေရာမှာ မမစိမ်းတုန်းက နေအောင် ဖြစ်သည်။ ခု ရဲအောင်ကိုသုံးထားသည်။ လူမင်း လောက်မှ ဒီဂရီကိုက်လိမ့်မည်။ ခုတော့ ဒီဂရီနည်း နည်းလျော့နေသည်။ မမဇာတ် နောက်ထပ်တစ်ခု ဖန်တီးရိုက်ကူးလည်းဖြစ်တာကို တကယ့်ငါးကြင်း ခေါင်းမှ ရွေးတော့သည်။ ဒါပေမဲ့ နောင်နောင် အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့သည်။ အကယ်ဒမီ နောင်နောင်ပီသလှပါသည်။ နောင်နောင် အကယ်ဒမီ ရခဲ့တာ ထိုက်တန်လို့ဆိုတာသက်သေပြနိုင်ခဲ့သည်။
အသစ်တွေ ကြည့်ချင်တာ...၊ မရိုက်ရသေးတဲ့ ဝတ္ထုကောင်းတွေ ရုပ်ရှင်ကားကြီးဖြစ်စေချင်တာ ကြောင့်ဖြစ်ပါသည်။