images
UN
UN
လယ်ကြားရေမြောင်းကို ပိတ်ဆို့ခဲ့သူအား မြောင်းကော်မတီဥက္ကဋ္ဌကတိုင်ကြားအမှုဖွင့်
ကျော်ဇေယျ(မကွေး) Tuesday, 10 January 2017
တောင်တွင်းကြီးမြို့နယ် သရက်ခုံကျေးရွာနေအမျိုးသမီးတစ်ဦး ကို ကျေးရွာနေမြောင်းကော်မတီဥက္ကဋ္ဌက ရေမြောင်းပိတ်ဆို့ခဲ့မှုနှင့် ပတ်သက်၍ ယခုလ ၇ရက်တွင်တိုင်ကြားအမှုဖွင့်ခဲ့ကြောင်း ကုက္ကို ကုန်းနယ်မြေရဲစခန်းမှသိရသည်။
ဖြစ်စဉ်မှာ ၂ဝ၁၆ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ဒေါ်ခင်မဌေး (၅၂နှစ်) သရက်ခုံကျေးရွာ တောင်တွင်းကြီးမြို့နယ်နေသူသည် ကွင်းအမှတ်(၂၆၉၂)အတွင်း ကျောက်မိချောင်းဆည်ရေသောက် မြောင်းရှိ လယ်ကြားမြောင်း အရှည်ပေ ၁၂ဝခန့်ကို မြေဖို့ဖျက် ဆီး၍ ရေမြောင်းအားပိတ်ဆို့ခဲ့သဖြင့် တောင်သူငါးဦး၏ စပါး ၁ဝ ဧက ရေမရရှိဘဲပျက်စီးဆုံးရှုံးခဲ့၍ တန်ဖိုးငွေကျပ်သိန်း ၅ဝ ခန့်နစ်နာခဲ့ကြောင်း၊ ၄င်းအပြင် အဆိုပါလယ်ကြားမြောင်းကို ယခုလ ၇ရက်အထိ ပြန်လည်တူးဖော်ပေးခြင်းမရှိဘဲ ဆက်လက် ပိတ်ဆို့ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ လယ်ကြားမြောင်းပိတ်ဆို့သူ ဒေါ်ခင်မ ဌေးအား အရေးယူပေးရန် ယခုလ ၇ ရက်တွင် ရေပေးဝေရေး မြောင်းကော်မတီဥက္ကဋ္ဌ ဦးခင်ဝင်း သရက်ခုံကျေးရွာနေသူက တရားလိုပြုတိုင်ကြားခဲ့သဖြင့် တောင်တွင်းကြီးမြို့နယ် ကုက္ကို ကုန်းနယ်မြေရဲစခန်းက (ပ)၂/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၄၃ဝဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။