images
UN
UN
အမှန်ကြိုက်လို့ ပြန်ရိုက်တဲ့ ဇာတ်ကားတွေ...
ခင်ပန်နှင်း Wednesday, 11 January 2017
အောင်မြင်လူကြိုက်များပြီးသော ရုပ်ရှင်ကားတစ်ကားကို ပြန်ရိုက်ကြတာ မဆန်းလှပါ။
ဒါပေမဲ့ မြန်မာနိုင်ငံမှာ များနေ ပါသည်ဟုလည်းမပြောချင်ပါ။ နိုင်ငံ တကာမှာ ဒေါက်တာဇီဗားဂိုး ပြန်ရိုက် သည်။ ဆိုက်ကို ပြန်ရိုက်သည်။ စစ် နှင့်ငြိမ်းချမ်းရေး အနှစ်ချုပ်ပြန်ရိုက်သည်။ ကျွန်မကိုယ်တိုင်ကြည့်ဖြစ်သော နိုင်ငံ တကာပြန်ရိုက်တွေဖြစ်သည်။ ကိုယ် မကြည့်ဖြစ်တာကို သတင်းအကြားဖြင့် ထည့်မပြောချင်သဖြင့် ဖြစ်သည်။
ကျွန်မတို့ဆီမှာ ပြန်ရိုက်ကြတာ၊ လိုအပ်သဖြင့် ပြန်ရိုက်တာလည်းပါ မည်ဖြစ်သည်။ ပိုက်ဆံရနိုင်သဖြင့် ပြန် ရိုက်တာတွေလည်း ပါသည်။ ထို့ပြင် အသစ်မရှာတတ်၊ အသစ်မလုပ်ရဲသဖြင့် ပြန်ရိုက်ကြတာလည်းရှိ၏။
အများမီမီကမ်းကမ်းပြောရရင် လမင်း မိုမို၏ မောင်...ဗီဒီယိုအဖြစ် အောင်မြင် ပြီးမှ ရုပ်ရှင်ကားကြီးပြန်ရိုက်ခဲ့သည်။ ပရိသတ်က ဗီဒီယိုလောက်မကြိုက်ခဲ့ ကြ။
ဆရာမရယ်...ပြောစရာရှားသလား၊ အခြားကြီးကြီးမားမားတွေ ပြောပါတော့ လား...မေးချင်ကြပါမည်။ ယခင်ခေတ် ကားကြီး၊ ခေတ်လယ် ဗီဒီယို၊ ထို့နောက် ကားကြီးအဖြစ်ပေါ်ထွက်ခဲ့ပါသော စာရေး ဆရာမကြီး ဒေါ်ခင်နှင်းယု၏ ပန်းပန် လျက်ပါ...ဆိုလျှင်...ပထမကားကြီး ပန်းပန်လျက်ပါက ဒေါ်ကြည်ကြည်ဌေး၊ ကောလိပ်ဂျင်နေဝင်း၊ မြတ်လေးတို့ကို ဘယ်သူကမှမမီတာ ပြောစရာမလိုအပ် အောင်ပါပဲ။ ပြန်ရိုက်သောဗီဒီယိုမှာ မဗေဒါအဖြစ် ချစ်ချစ်ဇော် အကောင်းဆုံး သရုပ်ဆောင်ခဲ့သည်။ ပြန်ရိုက်ကားကြီး မှာ မို့မို့မြင့်အောင် မဗေဒါအဖြစ် သရုပ် ဆောင်သည်။ အံဝင်လှတယ်တော့ မဟုတ်။ ပြန်ရိုက်ထားတာမှာ ရိုက်သော ခေတ်ကို နောက်ခံထားသဖြင့် ယနေ့ ခေတ်သည် တက္ကသိုလ်မှာ အငြိမ့်သွင်း လေ့ရှိသော ခေတ်မဟုတ်သည်က စ၏။ မင်္ဂလာဆောင်မှာအငြိမ့်ပါသော ခေတ် လည်းမဟုတ်ပြန်။ ဇာတ်လမ်းနှင့်ခေတ် နှင့်လွဲနေသည်။ ဤတွင် နိုင်ငံခြားကား ဆိုက်ကို ကိုအတုယူအပ်သည်။ ဆိုက်ကို ကိုပြန်ရိုက်တာ လူလဲပြီးကော်ပီဆွဲလိုက် ခြင်းဖြစ်သည်။ ထိုအဖြစ် ဖြစ်သောခေတ် အတိုင်းပဲဖြစ်နေသည်။ လူလဲတယ်ဆိုတာ ဇာတ်ကောင်တွေ လဲ လိုက်တာကိုဆိုသည်။ ခက်တာက ကျွန်မတို့ဆီမှာက ပန်းပန် လျက်ပါ...ဖြစ်ပေါ်သောခေတ် ဆက် တင်ဖိုးမတတ်နိုင်သည်က စရပေမည်။
ဤတွင် ဆရာတက္ကသိုလ်ဘုန်းနိုင်၏ မိုးညအိပ်မက်မြူကို ပြန်ရိုက်သည်။ ဝတ္ထု ပေါ်သောခေတ်က ရိုက်ပြီးသားဖြစ်သည်။ ညွန့်ဝင်း၊ ဖျာပုံမယ် တင်တင်အေး၊ ဆိုဗီယက်ပြန် နွဲ့နွဲ့စမ်းတို့နှင့် ဖြစ်သည်။ ကြားမှာ ဗီဒီယိုပေါ်ထွက်သေး၏။မန္တလေး သိန်းဇော်၊ မေဆွိ၊ မေသန်းနုတို့ဖြင့် ဖြစ် သည်။ နှစ်အနည်းငယ်ကပဲ ရုပ်ရှင်ကား ကြီး ပြန်လည်ရိုက်ကူး ဖြစ်ပေါ်လာရာ ထိုဝတ္ထုဖြစ်ပျက်ခဲ့သော ခေတ်ကာလ အတိုင်း ဆင်ပြင်ရိုက်ကူးထားရာ သင့် မြတ် လှသည်ဟုဆိုရပေမည်။
ဒါပေမဲ့ ပန်းပန်လျက်ပါရော မိုးည အိပ်မက်မြူပါ ပြောစရာကဝတ္ထုပါ။ဇာတ် ကောင်ကို သဘောမပေါက်တာဖြစ်နေ သည်။ ပန်းပန်လျက်ပါမှာ ဘယ်လို သဘောမပေါက်လဲဆိုရင်၊ ဘေဘီနွဲ့ သရုပ်ဆောင်သော ခင်မမ နေရာသည် ကိုစောထွန်းနှင့် လက်ထပ်ရသောအရာရှိ ကြီးသမီးဖြစ်သည်။ အနောက်တိုင်းဆန် သူပေါ့။ ဘေဘီနွဲ့ဘယ်လိုသရုပ်ဆောင် သွားလဲ၊ အနောက်တိုင်းဆန်ပြီး ပါတီ တက်သော်လည်း ထမီနှင့်ရင်ဖုံး အင်္ကျီနှင့် ပဝါဖြင့်ဖြစ်သည်။ စကားပြောပုံရယ်သံ ကအစ လွှမ်းမိုးနိုင်သည်။ ကိုစောထွန်း ကို ခင်မမလွမ်းမိုးတာ သဘာဝကျသည်။ ပြန်ရိုက်မှာက စန္ဒရား ခင်နုနု ခင်မမ ဖြစ်နေပေရာ၊တိုင်းမင်းကြီးသမီးနှင့်လည်း မတူ၊ ကိုစောထွန်းကို လွှမ်းမိုးနိုင်သော ရုပ်လည်းမဟုတ်သည့်ပြင် ဘိုဆန်သည် ဆိုကာ ထင်သလို လျှောက်ဝတ်စားထား တာ ဘိုဆန်တာနှင့်မတူဘဲ သရုပ်ပျက်နှင့် တူနေ၏။
မိုးညအိပ်မက်မြူမှာက နေတိုး ပွဲဦး ထွက်အကယ်ဒမီရသဖြင့် ဝမ်းသာရပါ သော်လည်း သရုပ်ဆောင်ချက်ကဖြင့် လွဲနေ၏။ မောင်မြင့်ဝေ၊ ကိုသစ္စာ၊ မောင်ညို့မှိုင်း သုံးဦး၏စရိုက်ကိုကွဲပြား အောင်ကြိုးစားသရုပ်ဆောင်သည်ပဲ ပြော နေ၏။ တကယ်လည်းကွဲပြားနေ၏။ အမှန်တကယ်မှာမူ သုံးမျိုးထွေးရောယှက် တင်ဖြစ်နေသော သရုပ်ဆောင်မှုဖြစ်ရပေ မည်။ ကိုသစ္စာဆီမှာလည်း မောင်မြင့်ဝေ စရိုက်၊ မောင်ညို့မှိုင်း စရိုက်ရောနေအပ် သည်။ မောင်မြင့်ဝေ အဖြစ်ထဲမှာလည်း အခြားစရိုက်များရောနေသင့်ပါသည်။ မောင်ညို့မှိုင်းဘဝမှာ ရှေ့ကစရိုက်များ သိသာစွာ ပါဝင်နေအပ်သည်။ ပြဿနာ က ဝတ္ထုကို သဘောမပေါက်ကြတာဖြစ် နေသည်။
ဆွေလှိုင်ဦးဝတ္ထုတွေ ရိုက်ပြီးသား ကိုပြန်ရိုက်ကြသည်။ မရိုက်ရသေးသော ဆွေလှိုင်ဦးတွေ ရှိနေသေးတာကို မစဉ်း စား၊ မရိုက်ရဲတာလည်းပါမည်။မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်မှာ ဘခက် တို့၊မအေးပွင့်တို့ဆိုတာ အင်မတန်မှပါးနပ် ပြီး လူတကာအရိပ်အကဲကို သိလွန်း သော သူတို့ဖြစ်သည်။ မူလဇာတ်ကားက သရုပ်ဆောင်တို့ဖြစ်သော နေအောင်၊ ခင်သီတာထွန်းတို့နှင့် လိုက်ဖက်သည်။ ထိပ်တန်းသရုပ်ဆောင်တို့ ဖြစ်သည်။ မကြာမီက ပြန်ရိုက်မှာ နေမင်း၊အေးမြတ် သူ တို့ဆိုတာ ဘယ်လိုမှဘခက်မဖြစ်၊ မအေးပွင့် မဖြစ်နိုင်သူတို့ဖြစ်နေသည်။ ဉာဏ်ရည်မြင့်မားသည့်ပုံစံလည်း မဟုတ် ကြ။ပြေတီဦး၊ မိုးဟေကိုလောက်ဆိုရင် တော်ဦးမည်။ ဒါလည်း ဇာတ်ကောင်ကို သဘောမပေါက်တာပဲဖြစ်သည်။
ဆရာမင်းသိင်္ခ၏ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွားကို ကျော်သူ လုပ်ခိုင်းတော့ ပြဿနာပေါ့။ ဆိတ်ဖွား လည်း ပါးနပ်လှသူဖြစ်သည်။ ဘယ်သူ ကဘယ်လိုဖြစ်ရမယ်၊ ဘယ်ဝါကဘယ်ပုံ စသည်...သူထင်လိုက်ရင် လွဲခဲသည်။ စကားလုံးဆန်းဆန်းမြင့်မြင့်တွေ အများ ကြီးပြောနိုင်ရမည်။ ဘီအီးဒီ အောင်သိုက် ပုံစံမျိုးဖြစ်ရမည်။ အပြောမင်းသားမှ ဖြစ်မည်။ မြတ်လေးသည်ပင် အပြော ကောင်းသောသုဘရာဇာအဖြစ် ထပ်ဆင့် အကယ်ဒမီယူခဲ့သေးသည်။ သီတာပြုံး ဇာတ်ကားမှာလည်း ဗိုလ်ဗကိုက သုဘ ရာဇာဖြစ်သည်။ ထိုပုံစံမျိုး...။ ကျော်သူ ပုံစံက ပရော်ဖက်ဆာပုံမဟုတ်၊ ပရဟိတ ပုံပဲ ဖြစ်နေသည်။
ပရိသတ် စိတ်ဝင်စားလှပါသော နှင်းဆီပန်သူ ဇာတ်ကားသည် သင်္ကြန် မိုး၊ မမစိမ်း၊ ဒဏ္ဍာရီသုံးကားပေါင်း ပြန်ရိုက်ဆိုထားရာ စကားလုံးတွေ ဆွံ့အ ကုန်သည်ထိ အံ့သြရပါသည်။ သင်္ကြန် နောက်ခံ မောင်လေးမမဇာတ်အသစ်ရှာ လိုက်လည်း ရနိုင်တာပဲ...ဟုတွေးမိ၏။ သေသေချာချာရုံမတင်ရသေးသောဇာတ် ကားဖြစ်သဖြင့် သုံးသပ်ရမည်ကို အား နာမိသည်။ ပြန်မရိုက်ကောင်းတဲ့ ဇာတ် ကားတွေရှိသလို အချိန်ကာလတစ်ခုထိ စောင့်ပြီးမှသာပြန်ရိုက်အပ်သော ဇာတ် ကားတို့လည်းရှိပါသည်ဟုသာ အကြံပြု လိုပါသည်။