images
UN
UN
နေပြည်တော်တန်ဖိုးနည်းအိမ်ရာစီမံကိန်း နှစ်နှစ်အတွင်းအပြီးသတ်တည်ဆောက်ရန်လျာထား
မေလွင်၊ PTK Thursday, 12 January 2017
အခန်းပေါင်း ၂၁ဝဝ ကျော်ပါဝင်မည့် နေပြည်တော်တန်ဖိုးနည်း အိမ်ရာစီမံကိန်းကို နှစ်နှစ်အတွင်း အပြီးသတ်တည်ဆောက်နိုင်ရန် လျာထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
အစိုးရသစ်လက်ထက် ပထမဆုံးတည်ဆောက်မည့် တန်ဖိုးနည်း အိမ်ရာစီမံကိန်းကို ယခုနှစ် ဧပြီလတွင် နေပြည်တော်၌ စတင်တည် ဆောက်မည်ဖြစ်သည်။
''အငြိမ်းစားအစိုးရဝန်ထမ်းတွေကို ဦးစားပေးရောင်းချနိုင်ဖို့ ရည်ရွယ်ထားပါတယ်''ဟု မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တစ်ခန်းလျှင် ကျပ်သိန်း ၁ဝဝ အောက်ဖြင့် ရောင်းချမည့် ယင်းတန်ဖိုးနည်းအိမ်ရာစီမံကိန်းကို နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရှိ မြေဧက ၁ဝဝ ကျော်တွင် အကောင်အထည်ဖော်တည်ဆောက် မည်ဖြစ်ကြောင်း သိရသည်။
အစိုးရသစ်လက်ထက် ငါးနှစ်အတွင်းတစ်နိုင်ငံလုံး၌ တန်ဖိုးနည်း အိမ်ရာစီမံကိန်းအဖြစ် အခန်းပေါင်း ၁ ဒသမ ၈ သန်းကို ဖော်ထုတ် တည်ဆောက်ရန်လျာထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
အဆိုပါတန်ဖိုးနည်းအိမ်ရာစီမံကိန်းတည်ဆောက်ရန် ၂ဝ၁၆ ကတည်းက လျာထားခဲ့သော်လည်း မြေနေရာရှာဖွေခြင်း၊ တစ်ခန်း လျှင် ကျပ်သိန်း ၁ဝဝ အောက်ဖြင့် ရောင်းချနိုင်ရန် ဆောက်လုပ်မှု ကုန်ကျစရိတ်ကို တွက်ချက်နေခြင်းတို့ကြောင့် ယခုနှစ် ဧပြီလရောက် မှသာ စတင်တည်ဆောက်နိုင်ဖွယ်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။