images
UN
UN
ယဉ်ကျေးမှု ထုံးဓလေ့စစ်စစ်များပြည့်ဝသော လမြတ်တန်ခူး
နဒီ Sunday, 08 April 2018
တန်ခူးလသည် မြန်မာလများတွင် အဦးအစပထမလဖြစ်သည်။ နွေဥတုတွင် ပါဝင်ပါသည်။ အလွန်ပူပြင်းသော ကြောင့် 'တန်ခူး ရေကုန်၊ ကဆုန် ရေခန်း'ဟု ရှေးစာဆိုတို့ဖွဲ့ဆိုခဲ့သည့် အတိုင်းတန်ခူးလတွင် ရေတွင်း၊ ရေကန်၊ ချောင်းမြောင်းတို့ ရေခန်းခြောက်စပြုနေ သည်။ ရှေးစာဆိုဆရာ ဦးပုညက 'ဆယ့် နှစ်လီဒွါဒမှာ၊ ခါမိဿရာသီ။ ယင်း အစဦးချီသည်၊ လတွင်မည်တန်ခူး။ စိတြ ကြယ်ပြောင်ငယ်၊ ညဥ့်သန်းခေါင်ကျခါမှ မြူး။ နေ့နှင့်ညနာရီမှာ၊ သုံးဆယ်စီမကြူး။ နှစ်လုံးညီတပါဒကူးလို့၊ နှစ်သစ်ဦး တစ် ခါ။.....'ဟူ၍ တန်ခူးလကို ဖွဲ့ဆိုထား သည်ကိုလည်းတွေ့ရပါသည်။
တန်ခူးလကို ဗေဒပညာဝေါဟာရ အရ မိဿရာသီခေါ်သည်။ မူလပုဒ် ရင်းမှာမေသဖြစ်သည်။ မေသသဒ္ဒါသည် ဆိတ်သတ္တဝါဟုအဓိပ္ပာယ်ဆောင်သည်။ အပူကြိုက်သောဆိတ်သတ္တဝါ နှစ်သက် သောရာသီဖြစ်သဖြင့် မိဿရာသီဖြစ်သည်။
ရာသီအပူရှိန်မြင့်မားသော်လည်း မိုး နှင့်ကားမကင်းပါ။ နှစ်သစ်ကူး အတာ သင်္ကြန်ကာလတွင် မိုးတစ်ကြိမ်၊ နှစ်ကြိမ် ရွာတတ်သည်။ ၄င်းကိုလည်း မြန်မာတို့ ဝေါဟာရအရ သင်္ကြန်လက်ဆေး မိုးရွာ သည်ဟုဆိုကြသည်။ ၄င်းမိုးသည် အချိန် ရာသီတွင် အပူဒဏ်ကြောင့် ကြွေကျနေ သောသစ်ရွက်ခြောက်များကို ရေဖြင့်မျှော ခေါ်သွားလေ့ရှိသည်။ ထို့ကြောင့် ရှေးစာ ဆိုများကလည်း 'တန်ခူးမည်မှတ်၊ ဖက် ဆွတ်ရေတိုး၊သင်္ကြန်မိုး'ဟုဖွဲ့ဆိုကြသည်။
ထိုအချိန်အခါတွင် ပူပြင်းသော အပူ ရှိန်ကြောင့် ရွကြွပ်နေသော မြေကြီးတို့ ဖက်ဆွတ်မိုးကြောင့် မြေသင်းရနံ့များ သင်းသင်းပျံ့ပျံ့ဖြစ်ပေါ်လာသည်။ ပတ် ဝန်းကျင်တစ်ခွင်တွင် အပူကြောင့် ဇရာ ရုပ်ဖြင့် အရိုးပြိုင်းပြိုင်းဖြစ်နေသည့် သစ် ပင်၊ သစ်ကိုင်း၊ သစ်ခက်တို့သည် နုသစ် သော ပျိုရိပ်များဖြင့် ရွက်နုသစ်များထွက် ပေါ်လာသည်။ ဝန်းကျင်တစ်ခွင်၌ ကမ္ဗ လာစိမ်းရောင်များ ပြူထွက်စ ပြုလာ တော့သည်။
တန်ခူးလကို မြန်မာလအမည်များ စာအုပ်တိုင်းတွင် ထန်းသီးဆွတ်သောလ၊ ထန်းသီးခူးလဟုဆိုသည်။ ထို့အပြင် ဤ လကို တန်ခူးအပြင် တာကူးဟူ၍လည်း ရေးသားလေ့ရှိသည်။ တာကူးလဆိုသည် ကို သင်္ကြန်အတာကူးပြောင်းသောလဟု ဆိုခြင်းဖြစ်ပေသည်။နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ပြောင်းသောကာလဖြစ်ပေသည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားများအား လုံးတို့၏ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်း များအရ အတာကူးသည့်နှစ်သစ်ကူးပွဲ တော်ကို နှစ်သစ်ကြိုအဖြစ် သင်္ကြန်ပွဲ တော် ကျင်းပလေ့ရှိပါသည်။
တန်ခူးလတွင် သင်္ကြန်ရေသဘင် ဆင်နွှဲကြသည်။ အတာသင်္ကြန်ဟူ၍လည်း ခေါ်ဆိုသည်။ အတာကူးသည် နှစ်ကူး ပြောင်းခြင်းဖြစ်သည်။ ထို့ကြောင့် သင်္ကြန် ပွဲသည် မြန်မာတို့၏ နှစ်သစ်ကူးပွဲတော် ဖြစ်သည်။ သင်္ကြန်ရေသဘင်ပွဲတော်ကို ပုဂံခေတ်ကပင် စတင်ကျင်းပခဲ့သည်ဟု ပညာရှင်များက ဆိုပါသည်။
သင်္ကြန်ပွဲတော်သည် ရှေးယခင်ကိုယ့် ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် လွတ်လပ် စွာနေခဲ့စဉ်က နိုင်ငံ၏ရှင်ဘုရင်များကိုယ် တိုင်ကျင်းပလေ့ရှိသော ပွဲတော်တစ်ရပ် ဖြစ်ပါသည်။ မြန်မာတို့၏ ကိုယ်ပိုင်ယဉ် ကျေးမှု၊ ကိုယ်ပိုင်အတွေး၊ ကိုယ်ပိုင်ဟန် ဖြင့်တည်ရှိခဲ့သော နှစ်ကူးပွဲတော်တစ်ခု ဖြစ်ပါသည်။

သင်္ကြန်ဟူသည်'သင်္ကြာန္တ'ဟူသည့် သက္ကတမှ ပြောင်းလဲလာသော မြန်မာ ဝေါဟာရဖြစ်ဟုဆိုသည်လည်း ရှိသည်။ တချို့ပညာရှင်များကလည်း 'သင်္ကန္တ' ဟူသောပါဠိပုဒ်မှ ဆင်းလာသည်ဟုအယူ အဆရှိခဲ့သည်။ သို့သော်လည်း သင်္ကြန် ဟူသော မြန်မာတို့၏ဝေါဟာရမှာသင်္ကြာ န္တပုဒ်၏အဓိပ္ပာယ်အတိုင်း'ပြောင်းရွှေ့ခြင်း၊ ကူးပြောင်းခြင်း'ဟု အဓိပ္ပာယ်ဆောင်ထား သည်။
ထို့ကြောင့် နှစ်ဟောင်းမှ နှစ်သစ်ကူး ပြောင်းခဲ့ခြင်းအဓိပ္ပာယ်မှာ ယနေ့တိုင် သက်ဝင်နေခဲ့သည်။ ထိုရာသီတွင် သက္က ရာဇ် နှစ်သာကူးပြောင်းသွားခြင်း၊ ပြောင်း လဲသွားခြင်းမျိုးမဟုတ်ပါ။ သြကာသ ဝန်းကျင်တွင်ရှိနေကြသည့် သစ်ပင်ပန်းမန် များသည်လည်း ရွက်ဟောင်းများကြွေ၍ ရွက်သစ်များ ဝေဝေဆာဆာပေါ်ထွက် လာသည်။ ပူပြင်းသွေ့ခြောက်နေသော ဝန်းကျင် သည်လည်း စိမ်းစိုအေးချမ်းမှု စသည့်အသစ်တစ်ဖန်ပြောင်းလဲကြသည် ကိုတွေ့မြင်ရမည်ဖြစ်ပေသည်။ ထိုပြောင်း လဲခြင်းသည် အားလုံးသော အရာရာတို့ ၏ ပြောင်းလဲမှုဖြစ်စဉ်ကို သိသိသာသာ သိမြင်ခံစားရပေသည်။
အဟောင်းမှအသစ်သို့ကူးပြောင်းခြင်း တွင် အထူးနှစ်လိုဖွယ်ဖြစ်သည်။ လူမျိုး တိုင်းအတွက် သူ့ယဉ်ကျေးမှု၊ သူ့ဓလေ့ ဖြင့် နှစ်သစ်ကူးပြောင်းခြင်းကို မင်္ဂလာဟု ခံယူသည်။လူမျိုးတစ်မျိုးနှင့်တစ်မျိုးကြိုဆို ပုံ၊ကျင်းပပုံချင်းတူညီကြမည်မဟုတ်ပါ။
နှစ်သစ်ကူးပွဲများပြုလုပ်ကြရာတွင် လူမျိုးများ၏ အခြေခံဓလေ့စရိုက် အရ တချို့က ယမကာဖြင့် မူးယစ်ကခုန်ပျော် ပါးကြသည်။ တချို့က မီးထွန်း၍ မီးအိုး၊ မီးပန်း ပစ်ဖောက်ကြသည်။ တချို့က ပန်းဆီရောင် ရေများဖြင့် ဆွတ်ဖျန်းကြ သည်။ တချို့ကခုန်ကြ၍ ဆိုင်ရာဘုရား ရှိခိုး ဆုတောင်းပွဲများပြုလုပ်ကြသည်။ မြန်မာတိုင်းရင်းသားလူမျိုးများက မြန်မာ သက္ကရာဇ်အပြောင်းနှစ်သစ်ကူးပွဲတော်ကို တစ်ဦးနှင့်တစ်ဦးရေပက်ဖျန်း၍ ရေကစား ခြင်းယဉ်ကျေးမှုဓလေ့ရှိသည်။
နှစ်သစ်ကူးချိန်တွင် အပူရှိန်ပြင်းထန် သော အချိန်ဖြစ်သောကြောင့် ထိုအချိန် တွင် သတ္တဝါအားလုံးတို့၏ အလိုဆန္ဒမှာ အေးမြသောအရသာကိုခံစားလိုကြသည်။ ထို့ကြောင့် မြန်မာတိုင်းရင်းသားတို့ ရွှင် လန်းအေးမြစေရန်အတွက် တစ်ဦးနှင့် တစ်ဦး ကြည်နူးစွာရေသွန်းလောင်းခြင်း ဖြစ်လေသည်။
သို့သော် ခရစ်နှစ်သစ်တစ်ခုအစဖြစ် သော ၁၈၈၆ ခုနှစ် ဇန်နဝါရီ ၁ ရက်က နယ်ချဲ့တို့၏ယဉ်ကျေးမှုဓလေ့အရ နှစ်ကူး ကာလတွင် မြန်မာတိုင်းရင်းသားတို့၏ ဘဝ ကျွန်သပေါက်ဖြစ်သွား ခဲ့ဖူးသော နှစ်သစ်ကူးဒဏ်ကိုလည်း မြန်မာတိုင်း ရင်းသားတို့ ယနေ့တိုင်မမေ့နိုင်သေးပါ။ နယ်ချဲ့၏ဓလေ့ယဉ်ကျေးမှုအရ နှစ်သစ် ကူးချိန်တွင် မြန်မာတိုင်းရင်းသားအားလုံး ဒုက္ခဆင်းရဲပင်လယ်ဝေသော သူ့ကျွန်ဘဝ ရောက်ခဲ့ရသည်။ ထိုနှစ်ကူး၏အရိပ်က ယနေ့တိုင်စစ်မီးလျှံများတောက်လောင်
နေဆဲဖြစ်၍မမေ့နိုင်ရခြင်းလည်းဖြစ်ပေသည်။
မြန်မာတိုင်းရင်းသားများ၏ရိုးရာဓလေ့ ယဉ်ကျေးမှုသင်္ကြန်နှစ်ကူးပွဲတော်တွင် တိုင်းရင်းသားများ တစ်ဦးနှင့်တစ်ဦး ကြည်နူးစွာရေပက်ကစားကြခြင်းသည် အေးမြကြည်လင်ခြင်း၊ အညစ်အကြေးကို ဆေးကြောခြင်းနှင့် ရေကို သားသော် အကြားမထင်ဘဲ ဆက်စပ်ခြင်းဟူသော ရေ၏ နိမိတ်သုံးပါးကို ယူခြင်းဖြစ်သည်။ ရေ၏သဘောမှာလည်း အညစ်အကြေး ကို ဆေးကြောသန့်စင်စေခြင်းဖြစ်သည်။ တိုင်းရင်းသား၏ စိတ်တို့သည်လည်း နှစ် သစ်ကူးတွင်ရေစင်ကဲ့သို့ အေးမြကြည် လင်စေသည့်သဘောပင်ဖြစ်သည်။ တိုင်း ရင်းသားအချင်းချင်းတို့သည် ရေကိုသား အကြား မထင်သကဲ့သို့ စည်းလုံးညီညွတ် စွာချစ်ခင်နေထိုင်တတ်ကြရန်ဟူသော မွန် မြတ်သည့်ရည်ရွယ်ချက်များဖြစ်ပေသည်။ ဤသို့ရေပက်ကစားခြင်း၏ အစဉ်အလာ မည်သို့သောအကြောင်းကိုအစွဲပြုပါသ နည်းဆိုပါက ထိုသို့သောအကြောင်းများ ကိုအစွဲပြုခဲ့ပါသည်ဟု အလေးအနက် ဆိုပါသည်။
မြန်မာနိုင်ငံသည် သာသနာတော် သုံးရပ်တိုးတက်ထွန်းကား ပြန့်ပွားလာ သောကြောင့် သင်္ကြန်ပွဲတော်၊ ကဆုန် ညောင်ရေသွန်းပွဲတော်၊ စာပြန်ပွဲတော်၊ ပဉ္ဇင်းခံပွဲတော်၊ စာရေးတံမဲပွဲတော်၊ လှေ သဘင်ပွဲတော်၊ ဆီမီးမြင်းမိုရ်ပွဲတော်၊ ကထိန်ပွဲတော်၊ သက်ကြီးပူဇော်ပွဲ၊ မြင်း ခင်းပွဲတော်၊ မီးဖုန်းပွဲတော်၊ ထမနဲပွဲ၊ သဲပုံ စေတီပွဲတော်များကို မြန်မာတိုင်းရင်းသား တို့၏ဘာသာရေးပွဲတော်များအဖြစ် မှတ် ယူကြသည်။ ဘာသာရေးပွဲတော်ဟု အမည်တပ်ထားကြသည်မှန်သော်လည်း ကုသိုလ်ရေးတစ်ခုတည်း ဦးတည်သည် မဟုတ်ဘဲ တိုင်းရင်းသားများ စည်ပင် သာယာဝပြောရေးဖွံ့ဖြိုးတိုးတက်မှု၊ စည်း လုံးညီညွတ်မှုတို့အတွက် ရှေးအစဉ်အလာ ကကျင်းပခဲ့ကြခြင်းဖြစ်သည်။ ဤသည် ကား မြန်မာတိုင်းရင်းသားတို့၏ ယဉ် ကျေးမှုဓလေ့အတွေးအခေါ်များဖြစ်သည်။
ထို့ကြောင့် သင်္ကြန်ပွဲတော်သည် မြန်မာတိုင်းရင်းသားတို့မင်္ဂလာယူသော ယဉ်ကျေးမှုဓလေ့အဖြစ် ကျင်းပသည့် ပွဲဖြစ်သည်။ နှစ်သစ်၏သင်္ကြန်ပွဲတော်ကို နှစ်သစ်တွင်မင်္ဂလာအဖြာဖြာတို့ သစ်ဆန်း ၍ တင့်လန်းဝေဖြာစေရန် မြန်မာတိုင်း ရင်းသားတို့ကအမှန်တကယ်မင်္ဂလာအစစ် ဖြစ်စေရန် ကုသိုလ်ကောင်းမှုများနှင့်ယှဉ် တွဲ၍ သင်္ကြန်ပွဲဆင်နွှဲကြလေ့ရှိပါသည်။
အတာသင်္ကြန်ကာလတွင် မြန်မာ တစ်နိုင်ငံလုံးရှိပြည်သူအပေါင်းတို့ကအလှူ ဒါနပွဲများ၊စတုဒိသာကျွေးမွေးခြင်း၊ ရဟန်း သံဃာများကိုဆွမ်းဘောဇဉ်ကပ်လှူခြင်း၊ ဗုဒ္ဓရုပ်ပွားတော်များကို ရေသပ္ပာယ်ခြင်း၊ ဥပုသ်သီတင်းဆောက်တည်ခြင်း၊ တရား နာခြင်း၊ တရားစခန်းဝင်ကြခြင်း၊ ကျောင်း ကန်ဇရပ်သန့်ရှင်းခြင်း၊ သက်ကြီးရွယ် အိုများအားခေါင်းလျှော် ရေချိုးသန့်စင်ပေး ခြင်း၊ပရိတ်တရားနာခြင်း၊ဘေးမဲ့လွှတ်ခြင်း စသည့်မြတ်နိုးနှစ်လိုဖွယ်တို့ကို ထိန်းသိမ်း စောင့်ရှောက်ကြသည်။
နှစ်ဟောင်းမှာတင်ရှိသောအကုသိုလ် အညစ်အကြေးများကို သီလရေစင်ဖြင့် ဆေးကြောခြင်း၊သဘာဝအညစ်အကြေး များကိုပကတိရေဖြင့် ဆေးကြောသန့်စင် ကြခြင်းဖြင့်နှစ်သစ်ကိုမြတ်နိုးဖွယ်ထုံးဓလေ့ များဖြင့်ပြောင်းကြသည်။ ယဉ်ကျေးမှုပြည့် သောလူမျိုးဖြစ်သည်။
တစ်နည်းအားဖြင့်အတာသင်္ကြန်ကာလ တွင်မြန်မာတိုင်းရင်းသားများကဒါနမင်္ဂလာ၊ ဂါရဝမင်္ဂလာ၊ ပူဇာစပူဇနေယျမင်္ဂလာ၊ ဓမ္မစရိယမင်္ဂလာ၊ဓမ္မသဝနမင်္ဂလာ၊အနဝဇ္ဇာ နိကမ္မာနိမင်္ဂလာစသောပြုဆောင်ဖွယ်ကောင်း မှုများဆောင်ရွက်၍မင်္ဂလာယူကြသည်။ ရှောင်ကြဉ်ဖွယ်မကောင်းမှုဆယ်ဖြာကိုလည်း ရှောင်ကြဉ်၍အာရတီပါပါ၊ဝိရတီပါပါမင်္ဂလာ တို့ကို ယူကြသေးပါသည်။
မြန်မာသက္ကရာဇ်နှစ်ဦး တန်ခူးသည် ကောင်းမှုများအပြည့်ရှိနေကြသည့်လ ဖြစ် ပေသည်။ ထို့အပြင် ထိုလတွင်ပွင့်သော ပန်းများမှာ ကံ့ကော်ပန်း၊ရင်ခတ်ပန်း၊ ပိတောက်ပန်းတို့ဖြစ်ပြီး တန်ခူးလ၏ ရာသီ ပန်းများဖြစ်ကြသည်။ ဤလသည်ကား နံနက် ၆ နာရီ နေထွက်၍ ည ၆ နာရီ နေဝင်သဖြင့် နေ့တာ၊ ညတာညီမျှသော ရက်မစုံလတစ်လဖြစ်ပေသည်။ ထို့ကြောင့် မြန်မာတို့၏နှစ်သစ်ကူးတန်ခူးလသည် မြန်မာတို့၏ယဉ်ကျေးမှု၊ ဓလေ့ထုံးများစစ်စစ် ဖြင့်ပြည့်ဝနေသော လမြတ်တန်ခူးလဖြစ် ကြောင်း ရေးသားလိုက်ရပါသည်။